နှလုံးသားများနှင့်စစ်တာဝန်

နှလုံးသားများနှင့်စစ်တာဝန်

“တို့အသက်နဲ့ တို့ခန္ဓာတွေ အမြဲရှိသရွေ့ရင်ထဲမှာ... တို့ ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိန်းဖို့ အဓိဋ္ဌာန်ရည်...” ကျွန်တော်ငယ်စဉ် ကလေးဘဝကတည်းက လေးစားအားကျခဲ့ရသည့် တေးရေးဆရာ မြသန်းစံ၏ ချစ်ခြင်းတရားနှင့် ပြည်ထောင်စု ဟူသည့်သီချင်းလေးက နားထဲသို့ ရုတ်တရက်ပျံ့လွင့် လာခဲ့ပါတယ်။

စာရေးသူရဲ့ အတွေးအာရုံဟာလည်း ဆရာ့သီချင်းလေးခေါ်ဆောင်ရာ ပြည်ထောင်စုဆိုတဲ့ အတွေးဘက် ကို ရောက်သွားပြန်တယ်။ ဆရာမြသန်းစံခင်ဗျာ ဒီဆောင်းပါးလေးမှာ ဆရာ့ကို ရိုသေလေးစား အားကျမှုများနဲ့ “ဆရာ” လို့ ခေါ်ဆို သုံးစွဲခွင့်ပြုပါလို့လည်း ဦးစွာတောင်းဆိုလိုက်ပါရစေခင်ဗျာ။ ဆရာ့ရဲ့ သီချင်းလေးက ပြည်ထောင်စုသားအားလုံးရဲ့   အသက်ခန္ဓာတွေ ရှင်သန်နေသရွေ့ ပြည်ထောင်စုကြီးကို အစဉ်စောင့်ထိန်းဖို့ပြောခဲ့တာဟာ ပြည်ထောင်စုကြီးအတွက် သိပ်ချိုမြိန်လွန်းပါတယ်။ ကျွန်တော်က အဲ့ဒီအသက်နဲ့  ခန္ဓာထဲက နှလုံးသားလေးတွေပါ ရှင်သန်နေကြစေဖို့ ဆရာ့ရဲ့သီချင်းလေးကိုထပ်ပိုးပြီး ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းချင်တာပါဗျာ။

လူသားတိုင်းဟာ နှုတ်ကစကားပြောတာဆိုပေမယ့် တကယ်တော့ စကားလုံးတိုင်းဟာ နှလုံးသားဆီက စတင်မွေးဖွားလာတာပါပဲ။ ဒီလိုပါပဲ ချစ်ခြင်းတရားဆိုတာကလည်း နှလုံးသားတိုင်းက ပွင့်ဖူးလာတာပဲ မဟုတ်ပါလား။  နှလုံးသားများနဲ့  ဘဝတွေကို တည်ဆောက်ကြတယ်။  နှလုံးသားများနဲ့ မိသားစုတွေကို တည်ဆောက်ကြတယ်။ နှလုံးသားများနဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ကြတယ်။ ဒါ့ကြောင့် အသက်ခန္ဓာရဲ့ မြစ်ဖျားဟာ နှလုံးသားလို့ ဆိုလိုချင်တာပါ။ ယနေ့ ကျွန်တော်တို့ပြည်ထောင်စုသားတွေရဲ့ နှလုံးသားဟာ တစ်စုံတစ်ခုကို ဆာလောင်ချိန်လည်း တန်ပါပြီ။ ဒါကတော့ နှလုံးသားများနဲ့ ပြည်ထောင်စု တစ်ခုပါပဲ။ ဒီပြည်ထောင်စုကြီးကို အဓွန့်ရှည်တည်တံ့ ခိုင်မြဲဖို့အတွက်ဆိုရင်လည်း ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားက တစ်ထောင့်တစ်နေရာမှာ နှောင်ဖွဲ့သင့်ပါသေးတယ်။ ဒါကတော့ နှလုံးသားများနဲ့ စစ်တာဝန်ပါပဲလေ။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်ဝင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ယနေ့ မြန်မာပြည်တစ်နံတစ်လျားမှာ နှလုံးသားများ စကားပြောနေကြပါပြီ။ မည်သည့်စကားမျိုးတွေ ပြောဖြစ် နေကြသည်ကိုတော့ ကိုယ်စီနှလုံးသားများကသာ ကိုယ်တိုင်သိမြင်ကြပါလိမ့်မည်ဟု ပြောချင်ပါတယ်။ “ငါတို့စစ်မှုထမ်းရတော့မယ်” ဆိုတဲ့ကြားသိနေရတဲ့ စကားများနဲ့အတူ စာရေးသူ မဆိုင်းမတွ ပြေးမြင်မိ တာကတော့ နှလုံးသားတစ်စုံကစတာပါပဲ။ အဲ့ဒီနှလုံးသားကတော့ စစ်မှုထမ်းဆောင်စေခြင်းကို    ခွင့်ပြုပေးနိုင်ခဲ့တဲ့ စာရေးသူ မိဘနှစ်ပါးရဲ့နှလုံးသားတစ်စုံပါပဲ။

စာရေးသူတို့ရဲ့ အကြောင်းလေးအနည်းငယ်ကို မိတ်ဆက်တင်ပြချင်ပါသေးတယ်။ အဖေ့ရဲ့အဖေဖြစ်သူ စာရေးသူရဲ့အဘိုးဟာ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်ရရှိခဲ့သူတစ်ဦးပါ။ ၁၉၄၃ ခုနှစ်ဝန်းကျင် လောက်က  တောနယ်လေးတစ်နယ်မှာ  ဘုန်းကြီး ကျောင်းသားလေးဘဝနဲ့ နေထိုင်ရင်း ဘီဒီအေတပ်ထဲ ကို ဘုန်းကြီးကျောင်းရဲ့ ရေကန်ဘေးကနေ လိုက်ပါသွားခဲ့သူပါ။ အဘိုးပြောပြတာကတော့ မိသားစု လည်းမသိ၊ ဘကြီးဘုန်းကြီးလည်းမသိ၊ သူ ဘီဒီအေတပ်ထဲကို ဝင်ခဲ့တယ်ဆိုတာပါပဲ။ သူသိတာ လွတ်လပ်ရေး တဲ့လေ။ ၁၉၄၅ ခုနှစ် ဂျပန်ကိုတော်လှန်ခဲ့စဉ်က သူပါဝင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတဲ့ ဂဠုန်ဦးစောကို ဖမ်းဆီးရာမှာလည်း သူပါဝင်ခဲ့ဖူးတယ်။ ဒီအကြောင်းတွေကို စာရေးသူတို့ ငယ်စဉ်ကလေးဘဝမှာ စာရေးသူရဲ့အဖေဖြစ်သူက သူ့အဖေရဲ့ အကြောင်းကို ဂုဏ်ယူစိတ်နဲ့  တခုတ်တရ အမြဲပြောတတ်တယ်။ ယနေ့ထက်တိုင်လည်း ပြောပြနေဆဲပါပဲ။

လွတ်လပ်ရေးရပြီးတော့ အဘိုးလည်း အိမ်ထောင်ရက်သားတွေကျခဲ့တယ်။ နောက်ပြီး သူ့ညီတွေကို အကုန်တပ်ထဲဝင်စေခဲ့တယ်။ စစ်သားတစ်ယောက်ရဲ့ ကြမ်းတမ်းတဲ့ဘဝကို ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူး တာတောင် သူဘယ်နှလုံးသားနဲ့ ညီအစ်ကိုတစ်တွေကို တပ်ထဲပေးဝင်စေခဲ့တာလဲ။ စကားပြောတာ နှလုံးသားပါဗျာ။ အမိမြေကို ချစ်တဲ့နှလုံးသားပါဗျာ။ အဖေပြောပြနေကျကတော့ လွတ်လပ်ရေးရပြီး  တပ်ရင်း(၂၂) UMP (စစ်ရဲတပ်)မှာ ဆက်တာဝန်ကျတယ်လို့ ပြောပြဖူးတယ်။  ၁၉၅၈ ခုနှစ်မှာ  သမ္မတကြီး မန်းဝင်းမောင်ရဲ့ အိမ်တော်လုံခြုံရေးတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသေးတယ်။ စာရေးသူရဲ့အဖေနဲ့ သူတို့မိသားစုတစ်တွေ အိမ်တော်ဝင်းထဲလည်း  ရောက်ဖူး၊ ကစားဖူးတယ်လို့ ဆိုပါသေးတယ်။

၁၉၆၂ ခုနှစ်မှာတော့ ခလရ(၅၅) ငပလီမှာ တာဝန်ကျခဲ့တယ်။ မိသားစုတစ်တွေပါ လိုက်လံ နေထိုင်ခဲ့ တယ်။  တပ်ကြပ်အဆင့်နဲ့အဘိုးဟာ  တပ်ခွဲ(၃)မှာ တာဝန်ထမ်းဆောင်ပါတယ်။ တပ်စုမှာ  အဘိုးဟာ တိုက်ခိုက်ရေးကောင်းသူ စစ်သည်တော်တစ်ဦး ဖြစ်ခဲ့တယ်။ ထိုစဉ်က တပ်ရင်းတစ်ရင်းမှာ အင်အား ၁၀၀၀ရှိတယ်လို့ ပြောဖူးသေးတယ်။ ဒီတပ်မှာနေရင်း အဘိုးတို့ခွဲ(၃)ဟာဂွမြို့မှာ ရှေ့တန်းထွက်ရတယ်။ တပ်ခွဲစနစ်ဆိုတော့ မိသားစုတွေပါလိုက်နေရတယ်လို့လည်း ပြောပြပါသေးတယ်။ အဲ့ဒီမှာပဲ KNDO သောင်းကျန်းသူအင်အား ၃၀၀ နဲ့ စစ်သည်အင်အား ၃၅ ယောက်ရှိတဲ့ စခန်းကို ဝင်စီးခဲ့တယ်။

သာလွန်အင်အားများကြောင့် အဘိုးတို့စစ်ကြောင်းက ခဏခွာစစ်ဆင်ပေးလိုက်ရတယ်။ ပြီးမှ လွှတ်လိုက်တဲ့ စစ်ကူနဲ့ပေါင်းပြီး ရန်သူကို ပြန်တိုက်တယ်။ အောင်မြင် တယ်ပေါ့ဗျာ။ အဲ့ဒီနောက်ပိုင်း ကာလတွေမှာ အဘိုးလည်း တပ်မတော်ကနေ အနားယူခဲ့တယ်။

ဘီဒီအေစစ်သားဘဝကနေ သူအနားမယူခင်ထိ စစ်သားဘဝရဲ့ စစ်မြေပြင်နေ့ရက်များကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရတယ်။  မိသားစုတစ်တွေလည်း စစ်မက်ကြားမှာ  နေထိုင်ရှင်သန်ခဲ့ရတယ်။ ဒါကို သူ့သားဖြစ်သူ စာရေးသူရဲ့ဖခင်ဆယ်တန်းအောင်တော့ စစ်တက္ကသိုလ်လျှောက်တာကို အဘိုးက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့တယ်။ စစ်သားဖြစ်ကံမပါတဲ့ အဖေကတော့ သာမန်နိုင်ငံ့ဝန်ထမ်းဘဝနဲ့ပဲ  ခရီးဆက်ခဲ့ရတယ်။ တပ်ကြပ်ဘညို လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်) ဆိုတဲ့ဂုဏ်ပြုမှုကို တော့ ၁၉၇၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ချီးမြှင့်ခြင်းခံခဲ့ရတယ်။ ဘုန်းကြီးကျောင်းသားဘဝလေးနဲ့   အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့သာ ဘီဒီအေတပ်ထဲဝင်ခဲ့ပြီး အနားယူချိန်မှာတော့ အဝတ်တစ်ထည် ကိုယ်တစ်ခု၊ မိသားစုတစ်စုနဲ့ပဲ သူပြန်လည်ထွက်လာခဲ့တယ်။ ကျန်တာဘာမှ ပါမလာခဲ့ပါဘူး။

အဘိုးရဲ့ငယ်ရွယ်နုပျိုမှု၊ ရဲရင့်မှု၊ ရိုးသားမှု၊ သစ္စာရှိမှု၊ မျိုးချစ်စိတ်တွေကို   ဘီဒီအေတပ်သားဘဝကနေ အနားမယူခင်ထိ ပေးဆပ်ခဲ့တယ်။ သူ့ရဲ့ မြင့်မြတ်ဂုဏ်တွေကို သူသာလျှင်မက သူ့သားသမီး၊ သူ့မြေးမြစ်ထိ လက်ဆင့်ကမ်းသေးတယ်။  ဒါလည်း  နိုင်ငံတော်အတွက်လို့ပဲ သူရည်စူးထားခဲ့ပုံရပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အဘိုးကွယ်လွန်သွားခဲ့ပါတယ်။ ထို့အတူပါပဲ စာရေးသူအဖေဖြစ်သူကလည်း “အဖေ သား တပ်ထဲ ဝင်မယ်” လို့ပြောခဲ့တဲ့ စာရေးသူစကားတစ်ခွန်းကို မိဘနှစ်ပါးစလုံးက ခွင့်ပြုပေးခဲ့ပြန် တယ်။ အဲ့ဒီအချိန်က အဖေဟာ “ငါဖြစ်ခွင့်မရခဲ့တဲ့ စစ်သားဘ၀ ငါ့သားဖြစ်တာပေါ့ကွာ” တဲ့၊ အမေက တော့ “ယောကျ်ားပဲ ခံနိုင်ရည်ရှိတယ်ဆိုရင် လုပ်ပေါ့” တဲ့။

ထိုစဉ်က  သူတို့ခွင့်ပြုပေးနိုင်ရက်တဲ့ နှလုံးသားတွေကို စာရေးသူ တိတိပပနားမလည်နိုင်ခဲ့ရိုးအမှန်ပါ။ ပြောရမယ်ဆိုရင် အမေရဲ့အဖေ စာရေးသူအဘိုးဟာလည်း တပ်မတော်ရေက အငြိမ်းစား တပ်မတော် သားပါပဲ။  စစ်သားဘဝကို  ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အဘိုးတွေရဲ့ နှလုံးသွေးက သူ့သားသမီး စာရေးသူ မိဘနှစ်ပါးဆီကို စီးဝင်ခဲ့တယ်။ စစ်မက်ကြားမှာ လူမမယ်ကလေးဘ၀ ရင်ဆိုင်ခဲ့ရတာတောင် သူတို့က တစ်ဖန် စာရေးသူကို စစ်မှုထမ်းဖို့ ခွင့်ပြုပေးနိုင်ခဲ့ပြန်တယ်။ ဒါဟာ ဘာတွေဖြစ်မလဲ။ စကားပြောတဲ့ နှလုံးသားတွေပေါ့ဗျာ။ ခုလိုစစ်မှုထမ်းဖို့ တစ်နိုင်ငံလုံးမှာ အုန်းအုန်းကျွက်ကျွက် စိုးရိမ်ကြီးစွာ    ပြောနေသံတွေကြားမှ စာရေးသူလည်း သူတို့နှလုံးသားတွေကို တိတိပပ နားလည်ခွင့်ရခဲ့တာပါပဲ။ သူတို့ရဲ့ နိုင်ငံတော်အတွက် မွန်မြတ်တဲ့နှလုံးသားကို ခုတော့မြင်ပါပြီ။တကယ်တော့ စာရေးသူတို့နိုင်ငံမှာ နှလုံးသွေးတွေ စီးဆင်းနေကြတာဗျ။ ပြည်ထောင်စုကိုကာကွယ်ဖို့ စီးဆင်းနေကျနှလုံးသွေးတွေ ခန်း ခြောက်ရပ်တန့်သွားရင် ဘာဖြစ်သွားမလဲ။ ဒါကို စဉ်းစားကြရမှာပါ။ အရေးကြုံလို့ နိုင်ငံတော်ကို ကာကွယ်ဖို့ ယနေ့ ကျွန်တော်တို့ ဘာတွေကိုစိုးရိမ်နေကြမှာလဲ။ စစ်မှုထမ်းရမှာကို စိုးရိမ်နေကြမှာလား။ စစ်မှုထမ်းချင်စိတ် သို့တည်းမဟုတ် နိုင်ငံတော်ကာကွယ်ချင်စိတ်တွေ ဆိတ်သုဉ်းမှာကို စိုးရိမ်ကြရမှာ လား။ တစ်ဖက်မှာသတိထားရမှာက နိုင်ငံတော်ကာကွယ်ချင်စိတ်တွေ ပျောက်ဆုံးအောင် ပြည်တွင်း ပြည်ပပုဆိန်ရိုးတွေက နှစ်ပေါင်းများစွာ လုပ်ခဲ့ကြပြီးပြီ။ ဆက်လည်းလုပ်နေတုန်းပါပဲ။ ကျွန်တော်တို့ ပြည်ထောင်စုပြိုကွဲရေးဟာ သူတို့ရဲ့ရည်မှန်းချက်ဆိုတာ ပြည်ထောင်စုသားအားလုံး လုံးဝမမေ့ပါနဲ့။ ဒီအချိန်မှာ ကောလာဟလနဲ့ သတင်းမှန်၊ အတွေးနဲ့ ရည်မှန်းချက်ကို သတိကပ်ပြီး ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုပါသေးတယ်။

ပြည်ထောင်စုသား မိဘပြည်သူများနဲ့ လူငယ်လူရွယ် အပေါင်းတို့ခင်ဗျာ။ ပြည်သူ့စစ်မှုထမ်း ဥပဒေ နောက်မှာ နောက်ဆက်တွဲကပ်ပါလာတာကတော့ ပေါ်တာဆွဲနေပြီဆိုတဲ့ တန်ဖိုးမဲ့တဲ့ အောက်လုံးတစ်ခု ပါပဲ။ ဒီငှက်ဆိုးသံဟာလည်း စေ့ငှစွာတွေးကြည့်ရင် မြေပေါ်မြေအောက် အဖျက်သမားများရဲ့ ဓာတ်ပြား ဟောင်းထဲက  အကျိုးအပဲ့ အောက်လုံးတစ်ခုပါပဲ။ ဥပေက္ခာပြုတတ်အောင် ပြုလိုက်ကြပါဗျာ။ တကယ် ကျွန်တော်တို့ ဥပေက္ခာမပြုမိကြရမှာက နိုင်ငံတော်ကို ကာကွယ်ချင်တဲ့ နှလုံးသားတွေပဲဗျ။ ဒီနှလုံးသား တွေကိုတော့ နှလုံးသွေးတွေနဲ့ လှုပ်နှိုးလိုက်ကြစမ်းပါဗျာ။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့် အချက်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၁ရက်နေ့ထုတ် နိုင်ငံတော်အဆင့်သတင်းစာများတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေအရနိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် အကျုံးဝင်သည့် အင်အား ၁၃ သန်းရှိကြောင်း၊ ထိုထဲတွင် အမျိုးသားအင်အား ၆ သန်းကျော်ရှိကြောင်း၊ ထိုအမျိုးသား အင်အား ၆ သန်းထဲမှ ၁ ရာခိုင်နှုန်း ခြောက်သောင်းနီးပါးခန့်သာခေါ်ယူမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားတယ်ဗျာ။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ခေါ်ဆိုသည့်နေရာတွင် အမျိုးသမီးများ ကို စစ်မှုထမ်းရန်အတွက် လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်အဆင့် သတင်းစာများတွင် ဖော်ပြထားသည်သာမက  SACINFOTEAM က မိုဘိုင်းဖုန်းများမှတစ်ဆင့် စာတို (SMS) ပေးပို့၍ အသိပေးအကြောင်းကြားနေတယ်ဗျ။

ဆရာခင်ဗျာ။ ကျွန်တော်ဟာ ဆရာ့ရဲ့တေးသွားလေးကိုအခြေခံပြီး နှလုံးသားများနှင့်စစ်တာဝန်ဆိုတဲ့ ဆောင်းပါးလေးကို ခြယ်မှုန်းခဲ့ပြီးပါပြီခင်ဗျာ။ ပြည်ထောင်စုအတွက် လိုအပ်နေတဲ့ နှုတ်တစ်ရာ စာတစ်လုံးအတွက် ဆရာ့ရဲ့တေးသွားလေးက ကျွန်တော့်ကို အထောက်အကူပြုပေးနိုင်ခဲ့ပါတယ်။ ဆရာ့လို တေးသွားသံစဉ် လှလှလေးတွေနဲ့သီကုံးပြီး အောင်မြင်မှုအကြီးကြီးတွေ မစွမ်းနိုင်ပေမယ့် ဆရာ့ အရင်နေရာ ဆရာ့ခုံမှာထိုင်ရင်း ကျွန်တော်တတ်စွမ်းတဲ့  စာပေအနုပညာတစ်ရပ်နဲ့ ဆရာလျှောက်ခဲ့တဲ့ ခရီးအတိုင်း  လျှောက်လှမ်းနေပါကြောင်း ဒီဆောင်းပါးလေးထဲမှာ ထည့်သွင်းဂါရဝ စကားဆိုလိုက်ရပါ တယ်။ ပြည်ထောင်စုဖွားမိဘပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့လည်း ကျွန်တော်တို့ အမိနိုင်ငံ တော်ကြီး ထာဝရအဓွန့်ရှည် တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံးရဲ့ နှလုံးသားများကို ခွန်အားသစ်နဲ့ လှုပ်နှိုးလိုက်ကြရအောင်လားဗျာ။  ။

ထာဝရငြိမ်းချမ်းကြပါစေ. . .                                                                              

လွန်းပျံ