စိန်ရတုချိန်ခါ တပ်မတော်အင်ဂျင်နီယာ

စိန်ရတုချိန်ခါ တပ်မတော်အင်ဂျင်နီယာ

(၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည် စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး

 နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်လူ့စွမ်းအားအရင်းအမြစ်သည် အဓိကကျလှသည်။ လူ့စွမ်းအား အရင်းအမြစ်ဆိုသည်မှာ နိုင်ငံသူ၊ နိုင်ငံသားများသည် အသိပညာ၊ အတတ်ပညာနှင့် ပင်ကိုအရည် အသွေးမြင့်မားနေခြင်းကို ခေါ်ဆိုသည်။ မြန်မာ့တပ်မတော်သားများသည် ပြည်သူကြားမှ ပေါက်ဖွား လာသူများဖြစ်ရာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် လူ့စွမ်းအား အရင်းအမြစ်မြင့်မားရန် လိုအပ်လှသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အင်အားကြီး နိုင်ငံများအကြားတွင် တည်ရှိပြီး အရှေ့တောင်အာရှဒေသတွင်စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးကိစ္စရပ်များ၌ အရေးပါသည့် ပထဝီအနေအထားတစ်ခုဖြစ်သည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့ သည် နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်သောစစ်ရေးနည်းတစ်ခုတည်းဖြင့်သာ ကျူးကျော် သိမ်းပိုက်ခြင်းမျိုး မပြုကြတော့ပေ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ဝါဒဖြန့်ချိရေးနှင့် သံတမန်ရေး နည်းလမ်းများဖြင့် ဘက်စုံစစ်ပွဲအသွင် (Multi Dimensional Warfare)ကို ဖန်တီးနေကြရာ နိုင်ငံတော်ကို ကာကွယ်ရာတွင် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ တပ်မတော် တစ်ရပ်ကို တည်ဆောက်ရမည် ဖြစ်သည်။ ထိုသို့တည်ဆောက်ရာတွင်စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဟူ၍ ပင်နီယံကြီး ၃ ခုကို မဏ္ဍိုင်ပြုကာ ဟန်ချက်ညီညီလည်ပတ်လျက်ရှိသည်။ ထိုလုပ်ငန်းကြီး ၃ ရပ်တွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့မှ ပါဝင်လျက်ရှိရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကဏ္ဍများတွင် ပံ့ပိုးထမ်းဆောင်လျက်ရှိသည်။ အင်ဂျင်နီယာဆိုသည်မှာ စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ အဆောက်အအုံများ၊ ဒြပ်ဝတ္ထု ပစ္စည်းများ စသည်တို့၏ တည်ဆောက်ပုံကို လူနေမှုဘဝ၊ သင်္ချာပညာ၊ အသုံးချသိပ္ပံပညာရပ်များဖြင့် ဘေးကင်းလုံခြုံစွာ ဖန်တီးပေးနိုင်မှုကို ခေါ်ဆိုသည်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် ရွေ့လျားသွားလာနိုင်စွမ်းရှိရန်(To Move)၊ တိုက်ခိုက်နိုင်စွမ်းရှိရန် (To Fight)၊ နေထိုင်နိုင်စွမ်းရှိရန် (To Live)ဆိုသည့် တာဝန် ၃ ရပ်ကိုထမ်းဆောင် လျက်ရှိသည်။ ထိုတာဝန် များကို ထမ်းဆောင်နိုင်ရန်အတွက်  စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ   ဦးဆောင်ကြပ်မတ် ကွပ်ကဲ လျက်ရှိပါသည်။ 

စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်သည်။ ၁၉၄၅ ခုနှစ် မေလ ၇ ရက်တွင် ဗြိတိသျှတပ်နှင့် မျိုးချစ်ဗမာ့တပ်မတော်တပ်များ(PBF)က ရန်ကုန်မြို့ကို ဖက်ဆစ်တို့လက်မှ သိမ်းယူခဲ့ သည်။ ထိုနှစ်မေလ၂၈ ရက်နေ့တွင် “ဗြိတိသျှအမှတ် (၃၃)တပ်မကြီး” ကိုဖျက်သိမ်းခဲ့ပြီး   “အမှတ်(၁၂) တပ်မတော်ဌာနချုပ်” ကို ရန်ကုန်မြို့တွင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၄ ခုနှစ်တွင်  ရေးဆွဲခဲ့သော  “ဗမာ့ တပ်မတော် ကာကွယ်ရေးစီမံချက်၏   အပိုဒ်(စ)” တွင် “အင်ဂျင်နီယာတပ်နှင့် အချက်ပြဆက်သွယ်ရေး တပ်များ တိုးချဲ့ဖွဲ့စည်းရန်” ဟုဖော်ပြပါရှိခဲ့သည်။

ထို့ကြောင့်   အမှတ်(၁၂)တပ်မတော်ဌာနချုပ်က ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် “ဌာနချုပ်နှင့် လေ့ကျင့်ရေး၊ စစ်မြေပြင်နှင့် အင်ဂျင်နီယာ၊ အမှတ်(၁)ပေါင်းစပ် စစ်မြေပြင်အင်ဂျင်နီယာ တပ်ခွဲနှင့် အမှတ်(၂)ပေါင်းစပ်စစ်မြေပြင် အင်ဂျင်နီယာတပ်ခွဲ” တို့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ ခုနှစ် မတ်လ ၁ ရက်တွင် မြန်မာ့စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့၏ “အင်ဂျင်နီယာတပ်ဖွဲ့မှူးရုံး(ရန်ကုန်)” ကို “အင်ဂျင်နီယာချုပ်ရုံး(Chief Engineers Office)” အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ်တွင်  “စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ( Directorate of Military Engineers)” အမည်ဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပထမဦးဆုံး  စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးမှာ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၃၅၆၅ ဗိုလ်မှူးကြီး သိန်းမောင် ဖြစ်သည်။

မြန်မာ့တပ်မတော်သမိုင်းတွင် စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူမှ “သူရဘွဲ့” ရရှိခဲ့ရာ ၎င်းမှာ “သူရမချစ်ပို” ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(K.N.D.O) သောင်းကျန်းသူများက မေမြို့(ပြင်ဦးလွင်)ကို ၁၉၄၉ ခုနှစ်၌ သိမ်းပိုက်ခဲ့၏။ ထိုသို့သိမ်းပိုက်ရာတွင် လေ့ကျင့်ရေး အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ဇနီးဖြစ်သူ မချစ်ပိုသည် ရန်သူ့စခန်း အခြေအနေနှင့် လက်နက်များ ဖြန့်ခွဲထားရှိမှု တည်နေရာများကို စုံစမ်းထောက်လှမ်းနိုင်ခဲ့သည်။ အရှုံးနှင့် ရင်ဆိုင်ရသော သောင်းကျန်းသူများသည် အဓိကပံ့ပိုးသူမချစ်ပိုအား အခဲမကျေဖြစ်ခဲ့သည်။ သောင်းကျန်း သူတို့သည် ထုံးဘိုကျေးရွာတွင် ဆေးကုသမှုခံယူနေသော မချစ်ပိုအား ဖမ်းဆီးကာ အမျိုးမျိုးညှဉ်းပန်း၍ သေနတ်ဖြင့်ပစ်ကာ ရေတွင်းထဲသို့ပစ်ချပြီး အုတ်ခဲများဖြင့်ဖို့ထားခဲ့သည်။ မချစ်ပို၏ ရုပ်အလောင်းကို ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြင်က ဦးဆောင်ပြီး စစ်အခမ်းအနားဖြင့်ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်က  မချစ်ပိုအားစွမ်းရည်သတ္တိဆိုင်ရာ “သူရဘွဲ့” ကို အပ်နှင်းချီးမြှင့်ခဲ့သည်။ သူရမချစ်ပိုသည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော သူရဘွဲ့ရရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

မြန်မာ့သမိုင်းကြောင်း တစ်လျှောက်တွင် အရေးကြုံလာသည့်အခါ ရဲမေ၊ မိသားစုဝင်များ၏ စွန့်လွှတ် စွန့်စားမှုတွင် သူရမချစ်ပို၏ စွမ်းဆောင်မှုသည် လေးစားဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် သောင်းကျန်းသူတို့လက်မှမေမြို့(ပြင်ဦးလွင်)ကို  ပြန်လည် သိမ်းယူနိုင်ခဲ့ သည်။ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွက် လက်ဆင့်ကမ်း တာဝန်ထမ်းဆောင် ကြရာတွင်  စံနမူနာပြဖြစ်စေရေးအတွက်  ထိုနေ့ကို “အင်ဂျင်နီယာတပ်ဖွဲ့နေ့” အဖြစ်  သတ်မှတ်ခဲ့ပေ သည်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ တံဆိပ်နှင့်အလံတော်တို့တွင် အနီရောင်၊ အပြာရောင်နှင့် အဝါရောင်တို့ ပါရှိသည်။ အနီရောင်သည်ရဲရင့်ခြင်း၊ အပြာရောင်မှာ ငြိမ်းချမ်းခြင်း၊ အဝါရောင်သည် စစ်အင်ဂျင်နီယာ သင်္ကေတအား ရည်ညွှန်းပါသည်။ ထို့ပြင် တံဆိပ်တွင်ပါဝင်သည့် ဒလက် ၉ ခုမှာ ENGINEERS ဆိုသည့် အင်္ဂလိပ်အက္ခရာ ၉ လုံးကို ကိုယ်စားပြုထားခြင်း ဖြစ်ပေသည်။

အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ထားစဉ် ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ၉၁ ဌာနအုပ်ချုပ်ရေး (ဒိုင်အာခီအုပ်ချုပ်ရေး)စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၎င်းအုပ်ချုပ်ရေးစနစ်တွင် အစိုးရဌာနပေါင်း ၉၈ ဌာန ရှိသည့်အနက် ၉၁ ဌာနကိုသာ မြန်မာတိုင်းရင်းသား ကိုယ်စားလှယ်များ လက်သို့ အပ်နှင်းထားသည်။ ကာကွယ်ရေးနှင့် စစ်တပ်၊ နိုင်ငံခြားဆက်သွယ်ရေး၊ ငွေဒင်္ဂါးထုတ်လုပ်ရေးနှင့် ငွေစက္ကူရိုက်ထုတ် လဲလှယ်ရေး၊ သာသနာရေး၊ အိုင်စီအက်ခေါ် အိန္ဒိယ ပဋိညာဉ်ခံရာထူးများ စောင့်ရှောက်ကာကွယ်ရေး၊ တောင်တန်းဒေသခေါ် ခြွင်းချန်သော ဒေသများအား သီးခြားတိုက်ရိုက်အုပ်ချုပ်ရေးနှင့် အခွန်ကိစ္စဟူ၍ အရေးပါသော ၇ ဌာနကို ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။

ကာကွယ်ရေးဌာနတွင် “ဂျမဒါ (Jamadar)” ရာထူးဖြင့် အမှတ်(၁)စစ်မြေပြင်တပ်ခွဲမှ မြန်မာလူမျိုး ကိုဘသိန်းအား တာဝန်ပေးအပ်ခဲ့သည်။ ဂျမဒါဆိုသောဝေါဟာရမှာ ဟိန္ဒူဘာသာ စကားဖြစ်ပြီး အိန္ဒိယ တပ်မတော်တွင် အရာရှိငယ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဂျမဒါဘသိန်းသည် အင်္ဂလိပ် စစ်တပ်တွင် အမှုထမ်းခဲ့စဉ် မန္တလေးနှင့် ပြင်ဦးလွင်မြို့ပြများ တည်ဆောက်ရာ၌ ပါဝင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)တပ်များနှင့်အတူ ဂျပန် တပ်များ၏ ချီစစ်၊ တိုက်စစ်အဟုန်များ နှောင့်နှေးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက် ဂျမဒါ ဘသိန်းသည် မြန်မာ့ တပ်မတော်တွင် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၃၇၉၄ ဖြင့် အင်ဂျင်နီယာ တပ်ဖွဲ့အရာရှိအဖြစ် ၁၉၄၅ ခုနှစ်တွင် ထမ်းဆောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်၌ အငြိမ်းစားယူခဲ့သည်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြသည့် ၁၉၄၉ ခုနှစ်မှ စိန်ရတုကာလ တိုင်ခဲ့သည့် ယနေ့အထိ (သူရမချစ်ပိုအပါအဝင်) “သူရဘွဲ့” ရရှိခဲ့သူ ငါးဦး၊ “သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်” ချီးမြှင့်ခံရသူ ၁၃၆ ဦး၊ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်” ရရှိသူ ၅၇ ဦး၊ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်” ရရှိသူ ၁၀၃ ဦး၊ “တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ်” ရရှိသူ ၂၄ ဦးအထိ ရရှိခဲ့ကြပါသည်။ “စည်သူဘွဲ့” ရရှိသူ တစ်ဦး၊ “သီရိပျံချီဘွဲ့” ရရှိသူ တစ်ဦး၊ “ဇေယျကျော်ထင်ဘွဲ့” ရရှိသူ ကိုးဦး၊ “သိပ္ပကျော်စွာဘွဲ့” ရရှိသူတစ်ဦးနှင့် “စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်” ရရှိသူ ၆၃ ဦးအထိ ထိုက်တန်စွာ ရရှိခဲ့ကြသည်။

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်     “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ရာတွင် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၏ ဦးဆောင်မှုဖြင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ဦးဆောင်တည်ဆောက်ခဲ့သည်။ မြန်မာမှုအနုသုခုမ လက်ရာများ တည်ဆောက်ရာတွင် ခေတ်အလိုက်လက်ရာများ တိကျမှန်ကန်မှုရှိစေရေးကိုလည်း ဆောင်ရွက်ခဲ့သည်။ ထုဆစ်မည့် စကျင်ကျောက်တော်ကြီး သယ်ဆောင်ရာတွင် ၁ မိုင်ရှည်လျားသော တူးမြောင်း ၁ ခု၊ သင်္ဘောဝပ်ကျင်း ၂ ခု၊ လမ်းလွှဲအရေအတွက် ၆၅ လမ်း၊ မြေသားလမ်းအရှည် ၂၃ မိုင် ၆ ဖာလုံ၊ အကျယ်ပေ ၃၀၊ အရှည်ပေ ၂၃၀၀ ရှိသောချဉ်းကပ်လမ်းနှင့် အကျယ် ၇၅ ပေ၊ အရှည်ပေ ၂၄၀၀ ရှိသည့် ခေတ္တရပ်နားကွင်းစသည်တို့ကို ဆောက်လုပ်ခဲ့သည်။ 

အုတ်မြစ်တော်တည်ဆောက်ရာတွင်တန်ချိန် ၂၀၀၀၀ အထိ ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းရေးဆွဲခဲ့သည်။ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရာတွင် ကုန်ကျစရိတ်အနည်းဆုံးဖြင့် အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်က အလေးချိန်တန်ထောင်ချီရှိသည့် ပစ္စည်းများ သယ်ဆောင်ရာတွင် တာဝါကရိန်း ပုံစံဒီဇိုင်းရေးဆွဲခြင်းနှင့် ရွေ့လျားခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ မာရဝိဇယ ကျောက်တော်ကြီး ပင့်ဆောင်ရာတွင် ၎င်းပညာရပ်ကို အသုံးချခဲ့ရာ စစ်အင်ဂျင်နီယာ ပညာရှင်များမှ ပါဝင်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲတွင်  “စစ်အင်ဂျင်နီယာတပ်ဖွဲ့ဟာ မြန်မာ့တပ်မတော်အတွက် အားထား ရတဲ့ လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာခဲ့ရာမှာ မြန်မာ့တပ်မတော် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနဲ့ ထပ်တူဖြစ်တယ်။ ခေတ်အဆက်ဆက် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကဏ္ဍများမှာ စွမ်းစွမ်းတမံကူညီပံ့ပိုးပေးခဲ့တာ လည်း ယနေ့ထိတိုင်ဖြစ်တယ်။ စစ်ဆင်ရေးကာလနဲ့ ငြိမ်းချမ်းချိန်ကာလတွေအတွင်း တပ်မတော်ရဲ့ ရွေ့လျားနိုင်ရေး၊ တိုက်ခိုက်နိုင်ရေးနှင့် နေထိုင်ရေးတို့အတွက် စစ်ဆင်ရေးကဏ္ဍများမှာ ပါဝင် ထမ်းဆောင်ခြင်း၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အကူအညီပေးခြင်းနဲ့ တည်ဆောက်ရေး လုပ်ငန်းများကို သယ်ပိုးထမ်းဆောင်ပေးခဲ့တဲ့ လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်တယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအုတ်မြစ်ဖြစ်သည့် အခြေခံအဆောက်အဦနှင့် ထိန်းသိမ်းရေး လုပ်ငန်းအများစုသည် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ လုပ်ငန်းများဖြစ်သည်ကို တွေ့ရှိရသည်။ အင်ဂျင်နီယာ ပညာရှင်များအနေဖြင့် အခြေခံအဆောက်အဦလုပ်ငန်းများတွင် ပါဝင်အမှုထမ်း လျက်ရှိ သည်။ အလားတူ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ကျရာကဏ္ဍမှ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပါဝင်ထမ်းဆောင်လျက်ရှိသည်။ ထိုမျှမက နိုင်ငံတော်နှင့် တပ်မတော်၏ ဘက်စုံ တည်ဆောက်ရေး ကဏ္ဍများတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် အကူအညီပေး လျက်ရှိသည်။

အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် ပြည်သူလူထုအား လူသားချင်း စာနာထောက်ထားမှုနှင့် သဘာဝဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ခဲ့သည့် သမိုင်းအစဉ်အလာ ကောင်းမွန်သော  လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် မြန်မာ့လွပ်လပ်ရေးကြိုးပမ်းမှုသမိုင်းကာလတွင်  မြန်မာ့တပ်မတော်ဖွဲ့စည်းစဉ်က တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ အစဉ်အလာ ကောင်းများကိုအခြေခံ၍ တတ်ကျွမ်းသောပညာတို့ဖြင့်  နိုင်ငံတော်နှင့်တပ်မတော်အတွက် စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည်။    

ခေတ်မီနည်းပညာရပ်များကိုလည်း    အမြဲမပြတ် လေ့လာဆည်းပူး လျက်ရှိသည်။    “အင်ဂျင်နီယာ စွမ်းရည်ထက်၊ အောင်နိုင်တိုက်ပွဲဆက်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စွမ်းရည်ထက်မြက်ပြီး အောင်မြင်မှုများရရှိအောင် ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်သည်။ စစ်အင်ဂျင်နီယာ တပ်ဖွဲ့နေ့ အဖြစ် သတ်မှတ်ခဲ့သည်မှာလည်း ၂၀၂၄  ခုနှစ် ဖေဖော်ဝါရီလ၂၄  ရက်တွင်  “စိန်ရတု”  တိုင်အောင် ရောက်ရှိခဲ့ပြီးဖြစ်ရာ  “(၇၅)နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့”  ကို    ဂုဏ်ပြုသော အားဖြင့်  ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။   ။

စိန်ဌေးလှိုင်(ပခုက္ကူ)