ပြိုင်ဘက်များကို တန်ပြန်နိုင်ရေးအတွက် ရေတပ်အင်အားကိုတိုးမြှင့်လာသည့် အိန္ဒိယ

ပြိုင်ဘက်များကို တန်ပြန်နိုင်ရေးအတွက် ရေတပ်အင်အားကိုတိုးမြှင့်လာသည့် အိန္ဒိယ

အိန္ဒိယနိုင်ငံသည်  ၎င်းတို့၏ ရေတပ်အင်အားကို   တိုးမြှင့်နိုင်ရေးအတွက် အသံထက်မြန်သည့် BrahMos ဒုံးကျည်များ   ပိုမိုဝယ်ယူတပ်ဆင်ရန်  ယခုရက်သတ္တပတ်အတွင်းက သဘောတူလိုက်ပြီဖြစ်သည်။

အိန္ဒိယအစိုးရအဖွဲ့သည် ပစ်ခတ်ရောက်ရှိနိုင်သည့် အကွာအဝေးကို ပိုမိုတိုးမြှင့်ထားသည့် BrahMos အမျိုးအစား အသံထက်မြန်ဒုံးကျည်အစင်းပေါင်း ၂၀၀ ခန့်ကိုဝယ်ယူရန် သဘောတူညီလိုက်ခြင်း ဖြစ်သည်။ အဆိုပါအသံထက်မြန် ဒုံးကျည်ကို အိန္ဒိယနှင့်ရုရှားတို့ကဖက်စပ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဒုံးကျည်ဝယ်ယူရန်အတွက် အိန္ဒိယအစိုးရအနေဖြင့် ရူပီး ၁၉၀ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ) သုံးစွဲမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ဝယ်ယူရန်စီစဉ်ထားသည့်  ဒုံးကျည်များကို ၎င်းတို့၏ရေတပ်ရှိ စစ်ရေယာဉ်များတွင် တပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ဖေဖော်ဝါရီလ၂၂ ရက်တွင် ဖော်ပြထားသည်။ ဒုံးကျည်ဝယ်ယူရေး သဘောတူညီချက်ကို နောက်လအတွင်း အပြီးသတ်လက်မှတ်ရေးထိုးရန် စီစဉ်ထား သည်။

BrahMos အမျိုးအစား အသံထက်မြန်ဒုံးကျည်သည် မူလထုတ်လုပ်စဉ်က အကွာအဝေး ၂၉၀ ကီလိုမီတာ (၁၈၀ မိုင်) အထိသာပစ်ခတ်နိုင်သော်လည်း ယခုအခါ ပစ်ခတ်နိုင်သည့် အကွာအဝေးကို ပိုမိုတိုးမြှင့် ထားခြင်းကြောင့် အကွာအဝေး ၄၅၀ ကီလိုမီတာနှင့် ၅၀၀ ကီလိုမီတာကြားရှိ ပစ်မှတ်များကို ပစ်ခတ် တိုက်ခိုက်နိုင်မည် ဖြစ်သည်။ အဆိုပါ ဒုံးကျည်၏ ထူးခြားချက်မှာ ဒုံးကျည်အား ကုန်းမြေ၊ ရေပြင်၊ ရေ အောက်နှင့် ဝေဟင်မှ ပစ်ခတ်နိုင်ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် ၎င်းတို့၏ စစ်ရေး စွမ်းအားများကို တိုးမြှင့်လျက်ရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ စတုတ္ထမြောက် အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသည် ယခင်က လက်နက်ကိုင်တပ်ဖွဲ့များတွင် အသုံးပြုရန်အတွက် စစ်လက်နက်များကို ပြည်ပမှ အဓိကဝယ်ယူခဲ့ရသော်လည်း ယခုအခါ ခေတ်မီ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် စစ်ရေးဆိုင်ရာနည်းပညာများဖွံ့ဖြိုးရေးကို အာရုံစိုက် လုပ်ဆောင်လာခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ယခုအခါ Make in India မူဝါဒအရ ကာကွယ်ရေး ပစ္စည်းများကို နိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ရန် ကာကွယ်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးအဖွဲ့အစည်း (Defence Research and Development Organization) က ဆောင်ရွက်လျက်ရှိသည်။ အဓိကရည်ရွယ်ချက်မှာ ပြိုင်ဘက်လည်း ဖြစ်၊ အိမ်နီးချင်း လည်းဖြစ်သည့် ပါကစ္စတန်နိုင်ငံအား တန်ပြန် နိုင်ရေးအတွက် ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်ခန့်တွင် လေယာဉ်တင်သင်္ဘော သုံးစင်း ပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး INS Vishal ဟုအမည်ပေးထားသည့် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကို လာမည့် ၂၀၃၅ ခုနှစ်တွင် တပ်တော်ဝင်နိုင်ရန် စီစဉ်ထားသည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ရေတပ်ရှိ ရေငုပ်သင်္ဘောများတွင် K-15 တာတိုပစ် နျူကလီးယား ပဲ့ထိန်းဒုံး၁၂ လက်နှင့် K-4 တာလတ်ပစ် နျူကလီးယားပဲ့ထိန်းဒုံး လေးလက် တပ်ဆင်သွားမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ရုရှားနှင့် ဖက်စပ်ထုတ်လုပ်ထားသည့် BrahMos ဒုံးကျည်များကို အခြားနိုင်ငံများသို့ပါ တင်ပို့နိုင်ရေးအတွက်  ကြိုးပမ်းလျက်ရှိသည်။ လာမည့် ၂၀၂၅ ခုနှစ်ခန့်တွင် ဒေါ်လာ ၅ ဘီလီယံခန့် တန်ဖိုးရှိ BrahMos ဒုံးကျည်များအား ပြည်ပသို့တင်ပို့နိုင်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မျှော်လင့်ထားသည်။ လက်ရှိတွင် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ BrahMos ဒုံးကျည်များအားဝယ်ယူရန် သဘောတူညီ ချက်တစ်ရပ်အား လက်မှတ်ရေးထိုးထားပြီး ယင်းဒုံးကျည်များကို ဖိလစ်ပိုင်သို့ လွှဲပြောင်းပေးအပ်ခြင်းကို ယခုနှစ်အတွင်း စတင်ရန် စီစဉ်ထားသည်။

လက်ရှိ အိန္ဒိယက အကောင်အထည်ဖော်လျက်ရှိသော ရေတပ်စွမ်းဆောင်ရည် မြှင့်တင်မှုစီမံကိန်းများ အရ အိန္ဒိယရေတပ်အနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် သမားရိုးကျရေငုပ်သင်္ဘော ၁၈ စင်းနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ခြောက်စင်းတို့အပါအဝင် စုစုပေါင်း ရေငုပ်သင်္ဘော ၂၄ စင်း ပိုင်ဆိုင်နိုင်ရေးနှင့် ၂၀၃၅ ခုနှစ်တွင် စစ်ရေယာဉ်အနည်းဆုံး ၁၇၅ စင်း အထိ ပိုင်ဆိုင်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ အိန္ဒိယရေတပ်၏ ပိုမိုတောင့်တင်းခိုင်မာလာသည့် ရေတပ်စွမ်း ဆောင်ရည်နှင့် အင်အားသည် အင်ဒို-ပစိဖိတ်ဒေသတွင်း၌ တရုတ်အပါအဝင် ပြိုင်ဘက်နိုင်ငံများ၏ ရေငုပ် သင်္ဘောများ၊ စစ်ရေယာဉ်များ၏ လှုပ်ရှားမှုများကို ထိရောက်စွာဟန့်တားနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: Eurasiatimes, RTnews

မောင်ယုယ