ညောင်ဦးခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအား ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တွေ့ဆုံ

 

ညောင်ဦးခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအား ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တွေ့ဆုံ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

    ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လေကြောင်းလိုင်းများမှ တစ်ဆင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ   ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ညောင်ဦးလေဆိပ်အတွင်း ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေး ကောင်တာသို့  သွားရောက်ကြည့်ရှု စစ်ဆေးပြီး   လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံပိုင် ဟိုတယ်များဖြစ်သည့်   သရပါဟိုတယ်၊ ပုဂံသံတဲဟိုတယ်၊ သီရိပစ္စယာဟိုတယ်နှင့် စန္ဒာဟိုတယ်တို့သို့ သွားရောက်၍ ဟိုတယ်များတွင် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်(Hotels Guest List Management System-HGLMS)  အသုံးပြုနေမှု၊  ဟိုတယ်သို့ လာရောက် တည်းခိုနေထိုင်ကြသည့် ခရီးသွားဧည့်သည်များကို ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံစိတ်ချမှုရှိစေရေး စသည့် အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပေးနိုင်ရေးနှင့် ဟိုတယ်အဆောက်အအုံများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှု ရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ်   ဒုတိယဝန်ကြီးက ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်(Health and Safety Protocols -HSP)ကို    ဒေသအဆင့် ရရှိထားသော ဟိုတယ်များက  အမျိုးသားအဆင့် ရရှိအောင် ဆက်လက်ဆောင်ရွက်သွားကြရန်၊ မသန်စွမ်းသူများ  အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေး (Barrier Free Tourism)အတွက် စီစဉ်ဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်၍   ဒုတိယဝန်ကြီးသည် Bagan Information and Training Center (BITC)) သို့သွားရောက်၍  ပုဂံသတင်းပြန်ကြားရေး ကောင်တာနှင့် Virtual Reality  Tour   ပြခန်းကို  လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။ 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး  ဦးဖြိုးဇော်စိုးသည် ညောင်ဦးခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့(Destination  Mana-gement Organization-DMO)နှင့် ပုဂံမြို့ရှိ Aureum Palace  Hotel & Resort ၌တွေ့ဆုံပြီး   ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင်  DMO များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသောကြောင့်  DMOတွင် ပါဝင်သည့် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို  အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက်   ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့(DMO)များ ဖွဲ့စည်း ဆောင်ရွက်ခဲ့မှုကို  ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့်  ခရီးစဉ်ဒေသ စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့်  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက   လုပ်ငန်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ   နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။