ဝန်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များကို ဒုတိယဝန်ကြီး ဦးအေးထွန်း ကြည့်ရှုစစ်ဆေး

 

ဝန်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များကို ဒုတိယဝန်ကြီး ဦးအေးထွန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ ဝန်ထမ်းများ နေထိုင်သည့်  လူပျိုဆောင်၊ အပျိုဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေး လမ်းညွှန်ချက်များ၊ လုံခြုံရေးသတိနှင့် ဝန်ထမ်းအိမ်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီနေထိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ဘောဂသိဒ္ဓိရပ်ကွက် သဇင်(၄)၊ အဆောင်(၂၀)အပျိုဆောင်နှင့် သဇင်(၅)၊ အဆောင်(၆)လူပျိုဆောင်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာ တိုက်အမှတ် (၁၂၀၃)၊ အမှုထမ်းအိမ်ရာတိုက်အမှတ် (၁၃၇၁)၊ (၁၃၇၂)၊ (၁၃၇၇)၊ (၁၃၂၁)၊  (၁၃၂၈)နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာ တိုက်အမှတ်(၁၀၇)တို့သို့  ရောက်ရှိပြီး ဝန်ထမ်းအိမ်ရာ လုံခြုံရေးအတွက် သူစိမ်းဧည့်သည်များ၊ မသက်ဆိုင်သူများ လက်ခံထားရှိခြင်းမပြုရန်၊ ဆွေမျိုးသားချင်းများ လာရောက်တည်းခိုနေထိုင်ပါက သက်ဆိုင်ရာ  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့  ဧည့်စာရင်းတိုင်ကြားရန်၊ ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းသာယာ လှပရေး  ဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  နေထိုင်ကြရန် မှာကြားခဲ့ကြောင်း    သိရသည်။