ဆဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်(ပဉ္စမ)နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကျင်းပ

 

ဆဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်(ပဉ္စမ)နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၅

 

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဋ္ဌမအကြိမ် တိုင်းသံဃာ ့ဝန်ဆောင်(ပဉ္စမ)နှစ်ပတ်လည် အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင်  ဗဟန်းမြို့နယ်ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံးဝင်းအတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ သြဝါဒါစရိယဆရာတော် ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သဘာပတိဆရာတော်အဖြစ် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ(ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က ဆောင်ရွက်ပြီး  အခမ်းအနားမှူး ဆရာတော်အဖြစ် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဘဒ္ဒန္တသုမင်္ဂလက ဆောင်ရွက်သည်။

ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တဇနက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၏ သြဝါဒကထာကို ရန်ကုန်တိုင်းဒေသကြီး သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသက ဖတ်ကြား လျှောက်ထားသည်။

ယင်းနောက် သဘာပတိဆရာတော်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးသံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ(ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က  အဖွင့်သြဝါဒကထာ မြွက်ကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းနှင့်  လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် သဘာပတိဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိ(ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ရေစက်ချ တရားနာယူကြသည်။

ယင်းနောက် သာသနာရေးရာဆောင်ရွက်ချက်အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိမလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ကလည်းကောင်း၊ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တသီရိန္ဒကလည်းကောင်း၊ ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တဝိသာရဒက လည်းကောင်းဖတ်ကြားပြီး   သဘာပတိဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ  ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က  နိဂမနကထာမြွက်ကြားကာ အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။