တာချီလိတ်မြို့ရှိ ကုန်သွယ်မှု လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

တာချီလိတ်မြို့ရှိ ကုန်သွယ်မှု လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁)နှင့် (၂)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက  ပို့ကုန်ကြေညာလွှာ(Export Decl-aration- ED)နှင့် သွင်းကုန်ကြေညာလွှာ (Import Declaration- ID)များ မှန်ကန်မှု ရှိစေရေး ဌာနဆိုင်ရာ One Stop Service (OSS) အဖွဲ့များက စနစ်တကျစိစစ် စစ်ဆေးရန်  သတ်မှတ်နယ်စပ်မြို့ကို ဖြတ်ကျော်၍ ပြည်တွင်းသို့ တင်သွင်းမည်ဆိုပါက သွင်းကုန် လုပ်ထုံးလုပ်နည်းများအတိုင်း  သွင်းကုန် လိုင်စင်ရယူခြင်း၊ အခွန်အရပ်ရပ် ပေးဆောင်ခြင်းများ ဆောင်ရွက်ရေးတို့ကို စိစစ်ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့ တင်သွင်းခြင်းများ မရှိစေရေး အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်အပြည်ပြည်ဆိုင်ရာ မြစ်တွင်း ဆိပ်ကမ်း(ဝမ်ပုံ)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး    မဲခေါင်မြစ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းကို စစ်ဆေးရာ၌  ကြန့်ကြာမှုမရှိစေရေးနှင့် မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားကာ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  အဖွဲ့ဝင်များနှင့်အတူ  ကျိုင်းလပ် ကုန်သွယ်ရေးစခန်းနှင့်  မြန်မာ-လာအို ချစ်ကြည်ရေးတံတားရှိ Border Control Facility (BCF) ဂိတ်၌ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းလပ်(မြန်မာ)- ကျိုင်းခုတ်(လာအို) ချစ်ကြည်ရေးတံတားကို အသုံးပြု၍ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့်   တစ်ဆင့်ခံဖြတ်သန်း ကုန်သွယ်မှု  (Transit  Trade)တိုးတက် ဖြစ်ထွန်းရေးတို့အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဒေသရှိတိုင်းရင်းသား ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။