ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ရဲဘော်အားလုံးသည် ကမြည်းကန်စခန်းသို့ ရောက် လာကြပါပြီ။

အချိန်မှာ နံနက် ငါးနာရီခန့်ရှိလေပြီ။

ဗိုလ်ရဲမြင့်သည် ရှေ့က ချီတက်သွားကြသော ရဲဘော်များနည်းတူ ကမြည်းကန်စခန်းသို့ ဝင်လာရ သည်။

စောစောပိုင်းက လရောင်ထဲတွင် ငြိမ်သက်တိတ် ဆိတ်နေခဲ့ဟန်ရှိသော ကမြည်းကန်စခန်းသည် သူ့ ရဲဘော်များကြောင့် လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။

“စခန်းမှူးရဲ့အိမ်က ဘယ်အိမ်လဲ ရဲဘော်”

“ရှေ့က တဲပါ ဗိုလ်ကြီး”

ဗိုလ်ရဲမြင့်သည် နာနာကြည်းကြည်းတစ်ချက်ပြုံး လိုက်သည်။

ယခင်က ဥက္ကဋ္ဌကြီးသည် ယခုဗိုလ်ကြီးဖြစ်နေလေ ပြီ။

“စခန်းမှူး ဘယ်သူလဲ”

“ဗိုလ်စံလှဘော်”

“သြော် သြော်”

ရခိုင်သား ဗိုလ်စံလှဘော်ကို သူကောင်းကောင်း သိလေသည်။  သူ  ရခိုင်ပြည်နယ် အမ်းမြို့တွင် တာဝန်ကျစဉ်က ဗိုလ်စံလှဘော်သည်လည်း သူကဲ့သို့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ပင်။ ယခု  ဤစခန်းတွင် သူက တာဝန်ခံစခန်းမှူးဖြစ်နေသည်မှာ ဗိုလ်စံလှဘော်သည်လည်း သူကဲ့သို့  အခြေအနေ ပြောင်းလဲသွားရခြင်း ဖြစ်မည်။

“အဟမ်း၊ ဗိုလ်စံလှဘော်၊ ဗိုလ်စံလှဘော်”

တဲဝတွင် မတ်တတ်ရပ်၍ ဗိုလ်ရဲမြင့်က အသံပြုလိုက်၏။

“ရှိပါတယ်”

“ကျွန်တော် ရဲမြင့်ပါ”

“သြော် ဥက္ကဋ္ဌကြီး၊ ကျွန်တော် စံလှဘော်ပါ၊ ဝင်ပါ ခင်ဗျာ”

“ဟုတ်ကဲ့ အနှောင့်အယှက်ပဲဗျို့၊ အိပ်နေတာ နှိုး ရတော့ အားနာပါတယ်”

“မအိပ်ဖြစ်သေးပါဘူးခင်ဗျာ။ ခုနလေးတင်ပဲ လက်ပန်ဘက်က ဗိုလ်ညိုတို့ရောက်လာကြလို့ နေရာ ချပေးပြီးစ ရှိပါသေးတယ်။ ဥက္ကဋ္ဌကြီးတို့လည်း အမ်းကိုပဲမဟုတ်လား ခင်ဗျာ”

“ဗျာ ဗိုလ်ညိုတို့ ရောက်နေတယ်”

ဗိုလ်ညိုဟူသောစကားကြောင့် ဗိုလ်ရဲမြင့်မှာ ခေါင်းကြီးသွားသည်။ ထို့ကြောင့်လည်း ဗိုလ်စံလှဘော် ၏အမေးကိုပင် ရုတ်တရက်ပြန်မဖြေနိုင်သေးဘဲ ဗိုလ်စံလှဘော်အား ထပ်ဆင့်မေးခွန်းကိုသာ အားမနာ တမ်းမေးလိုက်သည်။

“ဟုတ်ပါတယ် ဥက္ကဋ္ဌကြီး၊ သူတို့လည်း မနက်ဖြန် မနက် အမ်းကို သွားကြရမယ်ပြောတာပဲ။ ထိုင်ပါ ခင်ဗျာ...”

ဗိုလ်စံလှဘော်သည် သူ့အား ယခင်ကကဲ့သို့ လေးလေးစားစားပင် ရှိသေးလေသည်။

သို့သော် ဗိုလ်ညိုဟူသောစကားကြောင့် ခေါင်းကြီး နေသူ ဗိုလ်ရဲမြင့်မှာ မထိုင်အားသေးပေ။ တဲတွင် မတ် တတ်ရပ်လျက်ပင် ရှိသေး၏။

“အင်း၊ သြော် ဗိုလ်စံလှဘော်လည်း ဒီကို ဘယ်လို ဘယ်လိုရောက်လာတာလဲ ခင်ဗျာ”

“ဒီ ဒီခြေထောက်ကြောင့်ပဲ ဥက္ကဋ္ဌကြီး”

“ဟင်”

ဗိုလ်စံလှဘော်က သူ၏ခြေထောက်တစ်ဖက်ကို ငုံ့ကြည့်ပြီး အသံတုန်တုန်ယင်ယင်နှင့်ပြော၏။

“ဘယ်လိုဖြစ်တာလဲဗျာ”

“ကမ်းထောင်းကြီးရွာတိုက်ပွဲမှာ ရန်သူ့ကျည်ထိလို့ ကျိုးသွားပါတယ် ဥက္ကဋ္ဌကြီး။ အဲ အဲဒါ တိုက်ပွဲ   တွေလည်း ဆက်မလိုက်နိုင်တော့ ပါတီက စခန်းမှူး အဖြစ်နဲ့ ဒီကိုပို့ကြတာပါပဲ”

“အေးဗျာ စိတ်မကောင်းစရာပဲ၊ ကျွတ် ကျွတ်”

ဗိုလ်ရဲမြင့်သည် အကြိမ်ကြိမ် စုတ်သပ်လိုက်ပြီး ဖန်မီးရောင်ထဲက ဗိုလ်စံလှဘော်၏ ခြေတစ်ဖက်ကို တွေကြည့်နေသည်။

“ထိုင်ပါဦး ဥက္ကဋ္ဌကြီး”

“ဟုတ်ကဲ့၊ သြော် ဒါနဲ့ ဗိုလ်ညိုမှာ အင်အားဘယ် လောက်ပါလဲ”

“ငါးဆယ့်သုံးယောက်လို့ ပြောပါတယ်။ သူတို့လည်း လက်ပန်ဘက်က ဆုတ်လာရတာတဲ့။ အခြေအနေ မကောင်းဘူးဗျ။ ပန်းတိမ်းငဖဲက ရေညိုစခန်းကိုလည်း အစိုးရစစ်တပ်က လာတိုက်လို့တဲ့။ ရေညိုစခန်း က ရဲဘော်၊ ရဲမေတွေ ဒီကိုရောက်နေကြတယ်”

“ဟေး ဟုတ်လား၊ အဲဒီမှာ မခင်မှီဆိုတဲ့အမျိုးသမီး တစ်ယောက်ရော မပါဘူးလား ဗိုလ်ကြီး”

“မခင်မှီ”

“ဟုတ်ပါတယ် ခင်ဗျာ၊ ကလေးနဲ့ သူ့အမေပါဆိုပါတော့”

“အဲဒါတော့ ကျွန်တော်သွားမကြည့်နိုင်သေးလို့ တိတိကျကျ မပြောနိုင်သေးဘူးခင်ဗျာ။ သူတို့ကို တောင်ဘက် က တဲတွေမှာ နေရာချထားပေးပါတယ်။ မေးပေးပါ့မယ်လေ။ ဟေး လှဖြူသံ၊ ဟဲ့ကောင် အိပ် ပျော်နေပြီလား”

“ဟုတ်ကဲ့၊ မအိပ်သေးပါဘူး ဗိုလ်ကြီး”

ဗိုလ်စံလှဘော်၏အသံနှင့်အတူ ရဲဘော်တစ်ယောက် သည် တဲထဲကထွက်လာ၏။

ဆက်လက်ဖော်ပြပါမည်။