မန်းရွှေစက်တော်ရာဘုရားပွဲရှိ တည်းခိုဆောင်များ၏ အခန်းငှားခများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်

မန်းရွှေစက်တော်ရာဘုရားပွဲရှိ တည်းခိုဆောင်များ၏ အခန်းငှားခများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်

မင်းဘူး(စကု)၊ လူမှုရေး

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတွင် တည်းခိုဆောင်များနှင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ထားပြီး တည်းခိုဆောင်များ၏ အခန်ငှားခများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံပါက မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ထံ တိုင်ကြားနိုင်ကြောင်း သိရသည်။

မန်းရွှေစက်တော်ရာဘုရားပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှစ၍ မြန်မာနှစ် ဆန်းတစ်ရက်အထိ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ရက်ပေါင်း ၆၄ ရက်ကြာ ကျင်းပလျက် ရှိကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတွင်  တည်းခိုခန်းပေါင်း ၁၀၀၀ နီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ပေးထားပြီး ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် နိုင်စေရန် တည်းခို ဆောင်များ၌  ညအိပ် တည်းခိုခွင့်ပြုထားကြောင်း သိရသည်။

“ဒီနှစ် မန်းရွှေစက်တော်ရာဘုရားပွဲမှာ အဆင့်မြင့်တည်းခိုဆောင်က သုံးဆောင် ရှိပါတယ်။ တစ်ဆောင် မှာ တည်းခိုခန်း ပေါင်း ၁၀၀ ကျော်ရှိပါတယ်။  ကျန်တဲ့ တည်းခိုဆောင်က ၅၄ ဆောင်ရှိပြီး အခန်း ပေါင်း ၆၀၀ လောက်ရှိပါတယ်။ နောက်ပြီး နမ္မဒါတည်းခိုဆောင်(၁)နဲ့ (၂)ကိုလည်း ဖွင့်လှစ်ထားပါတယ်” ဟု    မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ကပြောသည်။

အဆင့်မြင့် တည်းခိုဆောင်များတွင် အခန်းငှားခများအနေဖြင့် ပထမတန်းကို တစ်ရက်လျှင် ငွေကျပ် တစ်သိန်းနှုန်း၊ ဒုတိယတန်းကို ငွေကျပ်ရှစ်သောင်းနှုန်းနှင့် တတိယတန်းကို ငွေကျပ်ငါးသောင်းနှုန်း သတ်မှတ်ထားကြောင်း၊ ထို့ပြင် ရေစပ်တည်းခိုဆောင်နှင့် ကုန်းတွင်းပိုင်းတည်းခို ဆောင်ဟူ၍နှစ်မျိုးရှိပြီး ရေစပ်တည်းခို ဆောင်များတွင် အခန်းငှားခတစ်ရက်လျှင် ငွေကျပ်ငါးသောင်းနှုန်းနှင့် ကုန်းတွင်း တည်းခိုဆောင်များတွင် အခန်းငှားခတစ်ရက်လျှင် ငွေကျပ် ၃၅၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။ 

 ဆောင်းဦး