အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရတာကို ရုရှားက လိုချင်နေတာလား

 

အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရတာကို ရုရှားက လိုချင်နေတာလား

အမေရိကန်သမ္မတရွေးကောက်ပွဲက ဒီနှစ်ကုန်ခါနီးမှ လုပ်ဆောင်မှာဖြစ်ပေမယ့်လည်း ပြိုင်ဆိုင်မှုကတော့ အခုအချိန် ကတည်းက ပြင်းထန်နေပါပြီ။

ဒီနှစ်အတွက်ရွေးကောက်ပွဲမှာ ဘယ်သူတွေရေပန်းစားနေလဲဆိုတာကိုလည်း အခုကတည်းကသိထားပြီးကြပါပြီ။ သူတို့တွေကတော့ လက်ရှိသမ္မတဂျိုးဘိုင်ဒင်နဲ့ သူ့မတိုင်ခင်    သမ္မတဟောင်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်တို့ပါပဲ။

အခုအချိန်မှာ သမ္မတလောင်းလို့ပင်ပြောလို့ရနေပြီဖြစ်တဲ့ ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရမ့်တို့အတွက်  လူထုထောက်ခံမှုကတော့ ထင်သလောက်မရှိသလို  တစ်ဖက်မှာလည်း ဝေဖန်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျိုးဘိုင်ဒင်ဘက်ကိုကြည့်မယ်ဆိုရင် သူ့အပေါ် ဝေဖန်မှုတွေကဘာတွေရှိလဲဆိုတော့ သူငယ်ပြန်တာမျိုးနဲ့ မှတ်ဉာဏ် အားနည်းတာမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဒေါ်နယ်ထရမ့်အပေါ် ဝေဖန်မှုတွေကလည်း ရှိနေပြန်ပါသေးတယ်။ သူ့အပေါ် အဓိကဝေဖန်တာက ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရေစီကိုသာမက အမေရိကန်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားများကိုပါ ခြိမ်းခြောက်နေသူ ဖြစ်တယ်လို့ ဆိုကြခြင်းပါပဲ။

လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက  အချေအတင်ပြောဆိုမှုတစ်ခုထွက်ပေါ်လာခဲ့ဖူးပါတယ်။ အဲဒါကတော့ ထရမ့်က အာဏာရှင်တွေကို လေးစားအားကျတယ်။ တစ်ကိုယ်တော်အုပ်ချုပ်မှုစည်းမျဉ်းကို   အိပ်မက်မက်တယ်။  အမေရိကန်ရဲ့မဟာမိတ်တွေကို အထင်အမြင်သေးတယ်။ ဒါတွေကြောင့်လည်း ထရမ့်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒကို လုံးလုံးလျားလျားပြောင်းလဲ ပစ်ချင်နေတာဖြစ်တယ် ဆိုပြီးတော့ပါပဲ။

လက်ရှိအချိန်မှာ ရုရှားအနေနဲ့ ထရမ့်ဘက်ကနေပါဝင်ပြောဆိုမှုတွေဟာ မထွက်ပေါ်လာသေးပါဘူး။ ဒါပေမဲ့  ဘယ်လိုပဲဖြစ်ဖြစ် ထရမ့်အနေနဲ့ အိမ်ဖြူတော်မှာ နောက်တစ်ကြိမ်နေရာရမယ်ဆိုရင်လည်း ဒါဟာရုရှားအတွက်တော့ အထူးအဆန်းကိစ္စတစ်ခုအဖြစ် ရောက်ရှိလာမှာ မဟုတ်တာတော့ အသေအချာပင်။

ဒီဆောင်းပါးလေးမှာ ထရမ့်ရဲ့ အောင်မြင်မှုကို ရုရှားကလိုချင်တာလားဆိုတာထက် ထရမ့်ရဲ့အောင်မြင်မှုက ရုရှားရဲ့ရပ်တည်ချက်ကို   ပိုမိုတိုးတက်သွားစေနိုင်မယ့် အကြောင်းကို အဓိကဦးစားပေး တင်ဆက် ပေးသွားပါမယ်။

အလားတူ ယူဆချက်မျိုးဟာ ၂၀၁၆-၂၀၁၇ ခုနှစ်ဝန်းကျင်ကာလတွေမှာလည်း ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အချိန်အတိ အကျပြောရမယ်ဆိုရင် ထရမ့်တစ်ယောက် အိမ်ဖြူတော်ပေါ်ကိုတက်ပြီး   မကြာမီချက်ချင်း ဆိုသလိုအချိန်မှာပါ။

ဒါပေမဲ့လည်း  ရုရှားနဲ့ အမေရိကန်တို့ကြား ဆက်ဆံရေးက ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။ သို့ပေမယ့် ထရမ့်တစ်ယောက်ကတော့ ရုရှားနဲ့ဆက်ဆံရေးမှာ သူ့လောက်မိုက်ရူးရဲဆန်ဆန် မလုပ်နိုင်လောက်ဘူးလို့  တထစ်ချ ယုံကြည်နေဆဲပါပဲ။

လက်ရှိအချိန်မှာတော့  အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အစိုးရအဖွဲ့က ရုရှားအပေါ်ချမှတ်လိုက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ တကယ့်ကို  စံချိန်တင်လောက်အောင် များပြားလွန်းနေပါတယ်။

ဒီတော့ နိုဝင်ဘာလရွေးကောက်ပွဲမှာ ထရမ့်အနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် ရုရှားတို့အတွက် ဘာတွေမျှော်လင့်ရနိုင်မလဲ ဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်ခင်ဗျာ။

လက်တွေ့ကျတဲ့  ချဉ်းကပ်မှုတွေနဲ့ ဘဝအတွေ့အကြုံတွေအရကြည့်မယ်ဆိုရင် ထရမ့်သည် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနဲ့ စွန့်ဦးတီထွင်သူတစ်ဦး ဖြစ်တယ်။

သူ့အနေနဲ့ သူ့ရဲ့ဘဝတစ်လျှောက်လုံးကို မိသားစုစီးပွားရေး အတွက်သာ လုပ်ဆောင်ခဲ့တာပါ။ ဒီနေရာမှာ  သူက  ဆုံးဖြတ်ချက် မှန်သမျှကို သူတစ်ယောက်တည်းကသာ ချမှတ်ခဲ့တာဖြစ်ပြီး သူ့လက်အောက် အလုပ်သမားတွေဆီကနေ  သူမျှော်လင့်တာက သူ့ရဲ့အမိန့်ကိုခြွင်းချက်မရှိ နာခံဖို့ပါပဲ။

ဒါကြောင့် သူ့ရဲ့ကမ္ဘာမှာတော့ သူသာလျှင်အရှင်၊ သူသာလျှင်သခင်၊ သူသာလျှင် အရေးပါအရာ ရောက်ဆုံးသူဖြစ်နေတယ်လို့ မြင်ရမှာပါ။

အခုအချိန်မှာတော့ သူဟာ အမေရိကန်နိုင်ငံကိုပါ   သူ့ရဲ့ကမ္ဘာအလားဖြစ်လာစေရေးအတွက်သာမက သမ္မတအားလုံး အနက် သူသာလျှင်အကြီးမြတ်ဆုံးဖြစ်အောင် စွမ်းဆောင်လာနေပါတယ်။

ရုရှားနိုင်ငံအပါအဝင် တခြားတိုင်းပြည်တွေက ထရမ့်အပေါ်စိတ်ဝင်စားမှုက အနည်းငယ်မျှသာရှိပါတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ အဲဒီနိုင်ငံတွေဟာ သူ့ရဲ့အောင်မြင်မှုအတွက် အဖြည့်ခံအနေနဲ့ ပါဝင်ပေးမယ့်သူတွေ ဖြစ်တယ်လို့ မြင်ယောင်နေပါတယ်။

သမ္မတဟောင်းထရမ့်ရဲ့ စီးပွားရေး အတွေးအမြင်ဆိုတာကလည်း တကယ့်ကို တန်ဖိုးကြီးမားတဲ့ အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။

စီးပွားရေးသမားတစ်ယောက်အနေနဲ့ ဘယ်လောက်ပင်ခက်ထန်ကြမ်းတမ်းပါစေ သူ့ရဲ့အလုပ်က  သူ့ရဲ့စီးပွားရေးလုပ်ငန်းကို ဖျက်ဆီးဖို့မဟုတ်ဘဲ ဆတိုးပွားများလာအောင် လုပ်ဆောင်ရတာပါ။

ထရမ့်ဟာ  သမ္မတဂျင်မီကာတာနောက်ပိုင်း  အမေရိကန်သမ္မတအဆက်ဆက်အနက်  စစ်ရေးလုပ်ငန်း တစ်ခုတည်းကိုသာ   ဦးတည်လုပ်ဆောင်ခဲ့ခြင်းမရှိတဲ့ တစ်ဦးတည်းသောသမ္မတ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ထရမ့်ရဲ့ တရုတ်နိုင်ငံ၊ ဥရောပရှိ NATO အဖွဲ့ဝင်နိုင်ငံများကြား ဆက်ဆံရေးကိုကြည့်ရမယ်ဆိုရင် အဓိကအကြောင်းရင်းက ငွေပါပဲ။

တရုတ်နဲ့အခြေအနေက အမေရိကန်ဈေးကွက်မှာ အမေရိကန်ကုန်ပစ္စည်းတွေ ပိုမိုနေရာယူနိုင်စေရေးနဲ့ NATO အဖွဲ့ဝင်နိုင်ငံများနဲ့ အခြေအနေမှာကျတော့ ကာကွယ်ရေးအသုံးစရိတ်ကို  တိုးမြှင့်သုံးစွဲဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ထရမ့်အနေနဲ့ အဲဒီအခြေအနေနှစ်ရပ်စလုံးကိုရှေ့တန်းတင်ပြီး  သူလိုချင်တဲ့ပုံစံရအောင်လည်း  ဖော်နိုင်ခဲ့တာကို တွေ့ရပါတယ်။

မဟာဗျူဟာမြောက်နဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ    တွက်ချက်မှုများမှာကျတော့ ထရမ့်က ငွေကြေးတစ်ခုတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ အထူးသဖြင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးမှာပေါ့။

အခုအချိန်မှာ ရုရှားအနေနဲ့ ထရမ့်ရဲ့အောင်မြင်မှုကို မြင်ချင်နေတယ်ဆိုပြီးတော့ တချို့သောသူတွေရဲ့ ပြောစကားတွေဟာ အလုံးစုံကြီးတော့ မှားယွင်းနေတာမျိုး မဟုတ်ပါဘူး။

တကယ်လို့ ရီပတ်ဘလစ်ကန်ပါတီကနေပြီး ထရမ့်သာ  သမ္မတနေရာကို အရယူသွားနိုင်တယ်ဆိုရင် ဖြစ်လာနိုင်ခြေရှိတဲ့ အလားအလာနှစ်ခု ရှိပါတယ်။

ပထမတစ်ခုကတော့ အမေရိကန်နိုင်ငံအတွင်း သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာနိုင်ပါတယ်။ အဓိကအားဖြင့် ပါတီအတွင်းနဲ့ ပါတီပြင်ပတိုက်ခိုက်မှုများမှာ အာဏာတွေကို အလွန်အကျွံအသုံးပြုလာတာမျိုး ဖြစ်လာနိုင်တာပါ။

ဒီအချက်ဟာ  ရုရှားအတွက်တော့ တကယ့်ကိုအားသာချက်ကြီးတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုရင် ရုရှားရဲ့ ရန်သူဖြစ်တဲ့ အမေရိကန်ရဲ့စိတ်ဝင်စားမှုဟာ လမ်းကြောင်းပြောင်းလဲသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။

ဒုတိယတစ်ချက်ကဘာလဲဆိုရင် နိုင်ငံရေးဇာတ်ခုံပေါ်ကို ထရမ့်ပြန်လည်ရောက်ရှိလာခြင်းဟာ အမေရိကန် နိုင်ငံရဲ့ နိုင်ငံတကာမှာ ရပ်တည်ချက်အတွက် တကယ့်ကိုအပြောင်းအလဲကြီး ဖြစ်လာစေမယ့် ဖြစ်ရပ်အတွက် နိဒါန်းဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့်    ပိုမိုကျဉ်းမြောင်းတဲ့ အစီအစဉ်တစ်ခုနဲ့ ပိုမိုလက်တွေ့ဆန်တဲ့ ဦးစားပေးရွေးချယ်မှုများဆီ ဦးတည်လာနိုင်ကာ  ကျန်ရှိတဲ့ကမ္ဘာ့နိုင်ငံများအတွက် အခွင့်အလမ်းအသစ်များကိုလည်း ထွက်ပေါ် လာစေနိုင်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးတစ်ပုဒ်လုံးကို နိဂုံးချုပ်လိုက်မယ်ဆိုရင် လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ  ဒေါ်နယ်ထရမ့်အနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် အထက်မှာတင်ပြခဲ့တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တာ အသေအချာပါပဲ။

ဒီလိုအခြေအနေတွေ ဖြစ်လာပြီဆိုရင် အမေရိကန်နိုင်ငံအတွင်းမှာ မျက်ဖြူဆိုက်သလိုအခြေအနေ  ပေါ်ပေါက်လာနိုင်ပြီး ရုရှားကလည်း အကြိုက်တွေ့မယ့် အခြေအနေဖြစ်လာမှာပါ။

ဒီအတွက်ကြောင့်    ထရမ့်အနေနဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရမှာကို ရုရှားနိုင်ငံက ကြိုက်လား၊ မကြိုက်ဘူးလားဆိုတာကိုတော့ ကျွန်တော်ရေးပြနေစရာတောင် လိုမယ်မထင်တော့ပါဘူး။

Ref:RT