တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးရေးနှင့် ပုလဲမွေးမြူရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကွင်းဆင်းကြည့်ရှု စစ်ဆေး

 

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးရေးနှင့် ပုလဲမွေးမြူရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကွင်းဆင်းကြည့်ရှု စစ်ဆေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး  မြိတ်မြို့ရှိ ခရိုင်သစ်တော ဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး အတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေး၊   ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်နှင့်   သတ္တုထုတ်ယူ သယ်ဆောင်ခြင်းများကို ကာကွယ်တားဆီးရေးနှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊  ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန်နှင့် အဂတိတရားကင်းရှင်းစွာ တာဝန်ထမ်းဆောင်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့နယ်ရှိ   ရှမ်းချောင်းသစ်တော ပျိုးဥယျာဉ်သို့ သွားရောက်၍ ၂၀၂၄ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးပင် ၆၈၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင်  ကျွန်းစုမြို့နယ် နတ်သမီးရေတွင်းကျွန်းရှိ  အဏ္ဏဝါပုလဲကုမ္ပဏီသို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးအတွက် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ စာသင်ကျောင်းများ ပြုပြင်ရန်နှင့် ကျေးလက်ဆေးပေးခန်းများ ဆောက်လုပ်ရန်  ထောက်ပံ့ငွေများကို ပေးအပ်ကာ သားဖောက်ခန်းအတွင်း မုတ်ကောင်သားဖောက် မွေးမြူနေမှုနှင့် မုတ်ကောင်အတွင်း ဝတ်ဆံသွင်း ပုလဲမွေးမြူမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းရှိ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏  ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲလုပ်ငန်း  ဖြစ်ပေါ်တိုးတက်လာမှု၊ သားဖောက်မုတ်ကောင်မှ ပုလဲထုတ်လုပ်မှု အဆင့်ဆင့်၊  ဌာနနှင့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများ၏ နှစ်အလိုက် ပုလဲထုတ်လုပ်မှု၊ ရောင်းချမှုများနှင့် ပတ်သက်၍   ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ ထွက်ရှိသော   တောင်ပင်လယ်ပုလဲသည် ကမ္ဘာတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်လိုအပ်ချက် မြင့်မားလာသောကြောင့် မြန်မာ့ပုလဲမွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်  ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

 ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် ပုလဲကျွန်းစခန်း ဝန်ထမ်းအိမ်ရာကို ကြည့်ရှု စစ်ဆေးပြီး   ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။