မျိုးဂုဏ်မော်ကွန်း ဖော်ညွှန်းရည် ဂီတစစ်သည်ဘာမထီ

 

မျိုးဂုဏ်မော်ကွန်း ဖော်ညွှန်းရည် ဂီတစစ်သည်ဘာမထီ

 

    တာဝန်များ မအားလပ်သည့်ကြားမှပင် (၇၉)နှစ် မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အကြိမ် (၃၀)မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားသို့ ကြည့်ရှုအားပေး ခွင့်ကြုံကြိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၁၉ ရက်မှ ၂၄ ရက်ထိ ကျင်းပခဲ့သော   အဆိုပါအခမ်းအနားတွင် ပြိုင်ပွဲဝင် အသင်းပေါင်း ၂၉ သင်း ပါဝင်ပြီး  ပြိုင်ပွဲဝင် အရာရှိ၊ စစ်သည်ပေါင်း  ၁၄၀၆ ဦးပါဝင်ကြောင်းနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများအား ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းတို့ကို သိရှိခဲ့ရသည်။

ဖွင့်ပွဲအခမ်းအနား အစီအစဉ်များအပြီး၌ အင်အား ၉၈ ဦး ပါဝင်သော တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်း အဖွဲ့က သရုပ်ပြ တီးခတ်ဖျော်ဖြေခဲ့သည်။ သရုပ်ပြ တီးခတ်မှုများမှတစ်ဆင့်  တပ်မတော်၏ သတ္တိစွမ်းရည်နှင့် အမျိုးသားရေး စိတ်ထားတို့အပြင် အမိန့်နာခံမှု၊ အထက်မှ ပေးအပ်သော တာဝန်တို့ကို ကျေပွန်အောင်မြင်စေရန် စွန့်လွှတ်စွန့်စား ထမ်းဆောင်မှု စသည့်ပုံရိပ်တို့ကို စာရေးသူထိတွေ့ ခံစားခဲ့ရသည်။ စာရေးသူ၏ စိတ်အစဉ်၌ စွဲမြဲစွာမှတ်ထင်မိခဲ့သည် များတွင် ကမ္ဘာမကျေ တေးသီချင်းကိုတီးမှုတ်လျက် သရုပ်ပြအစီအစဉ်ကို စတင်ခဲ့သည်။  ယင်းအစီအစဉ်မှ “ဒီမြေဟာ ငါတို့မြေ--- တို့ဘိုးဘွားတို့အမွေ---၊ ဒီရေဟာ ငါတို့ ရေ--- တို့ဘိုးဘွားတို့အမွေ”ဟူသည့် သံစဉ်စာသားက အခမ်းအနား တက်ရောက်လာကြသူ အားလုံး၏ ရင်တွင်းသို့ နက်နက်ရှိုင်းရှိုင်းပင် စီးဝင်လာခဲ့သည်။

သရုပ်ပြကွက်ပထမအဆင့်တွင် “မိမိတို့ထမ်းဆောင်ရမည့် ကိုယ်စီတာဝန်များအား တိကျကျေပွန်စွာ လိုက်နာရပြီး တစ်ဦးချင်းမှသည် အဖွဲ့လိုက် စုပေါင်းညီညာစွာ ဆောင်ရွက်နိုင်ခြင်း” ကို သရုပ်ဖော်သည့် ပြကွက်ဖြစ်သည်။  ယင်းနောက်တွင်  “အထက်မှပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် ဇွဲမလျှော့စတမ်း ရည်မှန်းချက်ပန်းတိုင်သို့ ချီတက်နေကြသည့် စစ်တီးဝိုင်းတပ်ဖွဲ့ဝင် တပ်မတော်သားတို့၏ သရုပ်မှန်ကိုရည်ညွှန်း ဖော်ကျူးထားသည့် ဂီတစစ်သည် အာဇာနည်”ပြကွက်ဖြစ်သည်။  ဆက်လက်ဖော်ကျူးသော ပြကွက်မှာ “ဒို့တာဝန်အရေးသုံးပါး၊ တပ်မတော်အစဉ်အလာ(၁၂)ရပ်နှင့် တပ်မတော်အား ၁၀ ပါးတို့ကို ဦးထိပ်ပန်ဆင်လျက် အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နေကြသော  တပ်မတော်သားများကို တပ်မတော် ဂုဏ်ပြုတပ်ခွဲနှင့်   စစ်တီးဝိုင်း တပ်စစ်သည်များမှ ဂုဏ်ပြုသောအားဖြင့် “တဂစ” ဟူသည့် တပ်အတိုကောက်စာလုံးတို့ဖြင့် စာလုံးတစ်ခုချင်း သရုပ်ဖော်ပြသသည့် ပြကွက်ဖြစ်သည်။

ယင်းနောက်တွင်  ရှေ့တန်းစစ်မျက်နှာများတွင် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်လျက် ရှိကြသော တပ်မတော်သားများ၊ မိမိတို့နိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင်ပိုင်နက်များကို ကာကွယ်စောင့်ရှောက်လျက်ရှိသော တပ်မတော်သားများ၏ အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများကို ရင်ဆိုင်ကျော်ဖြတ်လျက် ရည်မှန်းချက် ပန်းတိုင်သို့ ချီတက်ကြရပုံကို ဂုဏ်ပြုဖော်ကျူးထားသည့် သရုပ်ပြကွက်ကို ပြသရာ၌ ဆန်းသစ်ညီညာသော၊ နိုးကြားသွက်လက်သော၊ တစ်ဦးချင်းစွမ်းရည်နှင့် စုပေါင်းလုပ်ဆောင်နိုင်မှု ပေါ်လွင်သော သရုပ်ဖော် လှုပ်ရှားမှုများကို တီးကွက်သံစဉ် အသစ်အဆန်းများဖြင့် လက်စွမ်းပြသရုပ်ဖော် သွားနိုင်ခဲ့သည်ကို လေးစားအံ့သြဖွယ်ရာ တွေ့မြင်ခွင့်ရခဲ့သည်။

သရုပ်ပြကွက်အမှတ်(၂)၌  အမိမြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်လျက်ရှိသော တပ်မတော်သားများသည်  မိမိတို့မိဘ၊ ဇနီးမယားတို့သာမက မိမိတို့အသက်ခန္ဓာကိုပါ ထက်သန်မွန်မြတ်စွာ ပေးဆပ်လျက် အဖျက်ရန်စွယ်များကို  ကာကွယ်တိုက်ထုတ်နေကြသော  တပ်မတော်သားများအား ဂုဏ်ပြုထားသည့် သရုပ်ဖော်ပြကွက်ဖြစ်သည်။ ယင်းနောက်တွင် မိမိတို့ သင်ယူလေ့ကျင့်ထားသော စစ်တီးဝိုင်း အတတ်ပညာများဖြင့် ရေကုန်ရေခန်း ပြိုင်ပွဲဝင်ကြမည့် ဂီတစစ်သည် အာဇာနည်များကို ဂုဏ်ပြုဖော်ကျူးထားသည့် သရုပ်ဖော်ပြကွက်သည်လည်း စာရေးသူကို မှတ်မှတ်ထင်ထင်ဖြစ်စေခဲ့သည့် သရုပ်ဖော်ကွက်ဖြစ်သည်။ စစ်မှန်သောစိတ်ဓာတ်၊ တက်ကြွသောစိတ်ထား၊  ရှိသမျှသောခွန်အားများဖြင့် တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြသည့် စစ်တီးဝိုင်း စစ်သည်များကို ဂုဏ်ပြုသောအားဖြင့် “ဂီတစစ်သည် ဘာမထီ၊ ကျရာတာဝန်ထမ်းဆောင်မည်” ပြကွက်သည်လည်း ကြည့်ရှုနေသူ အားလုံးထံသို့ စစ်သွေးစစ်မာန်များ ကူးစက်ခံစားစေခဲ့သည့် ပြကွက်ဖြစ်သည်။

စစ်သုံးတူရိယာ တစ်မျိုးချင်းစီအလိုက် တီးမှုတ်ကခုန်လျက် တစ်ဦးချင်း ကျွမ်းကျင်မှု၊ စည်းလုံးညီညွတ်မှု၊ အချင်းချင်းရိုင်းပင်းမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် လက်စွမ်းပြသွားခဲ့သည့် “စည်းလုံးညီညာ အောင်ကြောင်းဖြာ”ပြကွက်သည်ကား လွန်စွာပင် တန်ဖိုးရှိလှသည့်အပြင် တပ်မတော် ဂုဏ်ပြုတပ်ခွဲနှင့်   စစ်တီးဝိုင်းတပ် စစ်သည်များ၏ ဂီတစွမ်းရည်ကို လေးစားခဲ့ရသည့်ပြကွက်ဖြစ်သည်။  မြန်မာသံစစ်စစ်ဖြစ်သော “ဘွန်တော”တေးသီချင်းကို တပ်မတော်စစ်သုံး တူရိယာများအသုံးပြုလျက် တီးမှုတ်လက်စွမ်းပြသ သွားသည့် ပြကွက်သည်လည်း စာရေးသူ၏ နှလုံးသား၌  စွဲမြဲစွာထင်ဟပ် ခံစားမိခဲ့ရသည်။ မြန်မာသံစဉ် အသစ်အဆန်းများကို ထိတွေ့ခံစားခဲ့ရသော ပြကွက်ဖြစ်၍လည်း ကမ္ဘာ့အဆင့်ရှိတပ်မတော် စစ်တီးဝိုင်းတစ်ရပ်အဖြစ် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှု ရခဲ့ခြင်းဖြစ်ကြောင်း ပြန်ပြောင်း အမှတ်ရမိခဲ့ရသည်။

ပိတ်ပွဲအခမ်းအနားတွင်  ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများကို တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်မှ ဆုများအသီးသီး ပေးအပ်ခဲ့ရာ အကြိမ်(၃၀)မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့်   စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှုတွင်   တတိယဆုရရှိသည့်     ရန်ကုန်တိုင်းစစ်ဌာနချုပ်   ကိုယ်စားပြုအမှတ်(၂) စစ်တီးဝိုင်းအသင်း ခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်း ခေါင်းဆောင် နှင့် ပထမဆုရရှိသည့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု  အမှတ်(၁)စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ (က)အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှု   အကောင်းဆုံးဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ (ခ)အဆင့် အသင်းလိုက် အထူးဆု - ၂  ရရှိသည့်  တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ အထူးဆု - ၁ ရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့်  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့်   နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ ပထမဆုရရှိသည့်  ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်းနှင့်   (က)အဆင့် အသင်းလိုက် အထူးဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်တီးဝိုင်း အသင်းတို့ကို  ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။  ဆုများအသီးသီး ပေးအပ်ပြီးချိန်၌ တပ်ပေါင်း စစ်တီးဝိုင်းအဖွဲ့များမှ   တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ထံ အလေးပြု၍ ဆက်လုပ်ခွင့် တောင်းခံပြီး စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ သွားခဲ့ကြသည်။

တပ်မတော်စစ်တီးဝိုင်းပြိုင်ပွဲ    ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများကို လက်တွေ့သိမြင် ခံစားခွင့်ရခဲ့သော စာရေးသူအနေဖြင့် စစ်ရေးစစ်ရာ တူရိယာအတတ်ပညာများနှင့် ပတ်သက်လာသည့် မိမိတို့မြန်မာနိုင်ငံသားတို့၏ အဆင့်အတန်းကို ပြန်ပြောင်းတွေးတောဂုဏ်ယူနေမိသည်။ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် မြန်မာ့တပ်မတော်၏ အဆင့်အတန်းမှာ  မည်ကာမတ္တ အဆင့်မဟုတ်သည်ကို    သိရှိဂုဏ်ယူတတ်ကြဖို့ လိုသလို ယင်းအစဉ်အလာကို ထိန်းသိမ်းဖော်ထုတ် တတ်ကြဖို့လိုပေသည်။ ပင်ကိုစရိုက်အားဖြင့် လွတ်လပ် ပေါ့ပါးစွာ နေထိုင်လိုကြသည့်  မြန်မာနိုင်ငံသားတို့သည် တင်းတိမ်ရောင့်ရဲစိတ်၊ ခွင့်လွှတ်သည်းခံစိတ်၊ ပျော်ပျော်နေလိုစိတ်တို့ အရာ၌ အခြားသောနိုင်ငံသား တို့ထက်နည်းပါးကြသော်လည်း မိမိတို့အမျိုးအနွယ်နှင့် တိုင်းပြည်အပေါ် ကျူးကျော် စော်ကားလာလျှင်ကား စစ်သွေးစစ်စိတ် ပြည့်ဝထက်သန်စွာ  ရဲရဲတောက် တွန်းလှန်တိုက်ခိုက်ချေမှုန်း တတ်ကြသူများဖြစ်သည်။  

စစ်ရေးအတတ်ပညာများနှင့်အတူ တစ်ပါတည်း သန္ဓေတည်ဖွံ့ဖြိုးလာသည့် အရာများတွင် မိမိတပ်ဖွဲ့ဝင် တပ်မတော်သားများ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွစေရန် စစ်ရေးဆိုင်ရာ တူရိယာများကို တီးမှုတ်အသံပြုသည့် အတတ်ပညာလည်း ပါဝင်ခဲ့သည်။ ရှေးခေတ် မြန်မာ့တပ်မတော်သားများ စစ်ချီတက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် အသံဆယ်မျိုးရှိပြီး ယင်းကိုပင် စစ်သံဆယ်ပါးဟု ဆိုစမှတ်ပြုခဲ့ကြသည်။ ယင်းတို့မှာ “ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ ဗိုလ်ခြေသံ၊ သေနတ်သံ အမြောက်သံ၊ တိုက်မောင်းသံ၊ တိုက်စည်သံ၊ တံပိုးသံ၊  မုဒိန်းသံ၊ စည်ကြီးသံ” တို့ဖြစ်သည်။ ရန်သူနှင့်ရင်ဆိုင် တွေ့ချိန်တိုက်စစ်ဆင်ရာ၌ စစ်သံဆယ်ပါးကို တစ်ပြိုင်တည်းပြုလျက် စစ်၏ပခုံးဖြစ်သော တပ်နှစ်တပ်သည် သင့်လျော်သော စစ်ထိုးခြင်းဖြင့်   လက်ဝဲလက်ယာ တောင်ပံမှတစ်ဟုန်တည်း ချီတက်တိုက်ခိုက်ကြသည်။

ရှေးခေတ်မြန်မာ့တပ်မတော်၏ စစ်သံဆယ်ပါးနှင့် စိတ်ဓာတ်တက်ကြွစေရန် ဂီတသံစဉ်များ အသုံးပြုခဲ့ကြောင်း ရေးဖွဲ့မှတ်တမ်းတင်ခဲ့သည့် အထောက်အထား များစွာကို သမိုင်းဝင်ပျို့၊ မော်ကွန်းလင်္ကာတို့၌ အများအပြား တွေ့ရသည်။ ရှင်အဂ္ဂသမာဓိ၏ သုဝဏ္ဏသာမပျို့ နိဂုံးပိုဒ်တွင် “မဆိတ်မညံ၊ ဆယ်ပါးသံကား၊ ကျံကျံကြွေးဟစ်၊ ခုနစ်ကုဋေ၊ အိမ်ခြေအပေါင်း၊ ရှစ်သောင်းရွာလက်၊ မပျက်ပြည့်လျှမ်း}} ဟူ၍ လည်းကောင်း၊ ရှင်မဟာရဋ္ဌသာရ၏ သံဝရပျို့တွင်  “မြို့လုံးလွှမ်းမြောက်၊ ပဲ့တင်ဖောက်မျှ၊ တီးထောက်မညံ၊ စည်မောင်း သံဖြင့်၊ ကြောက်ရွံ့ဘနန်း၊ ကြားလွှံ့မွှမ်း၍” ဟူ၍ လည်းကောင်း၊ ရှင်တေဇောသာရ၏ ရွှေဟင်္သာမင်းပျို့တွင်  “အိမ်ခြေပြည့်နှက်၊  အုတ်အက်ဗိုလ်သံ၊ မဆိတ်ညံတည့်၊  ပွဲခံသဘင်၊ နတ်ရပ်သွင်သို့၊ ပဉ္စစင်ငါးမည်၊ ပတ်စည်စောင်းငြင်း၊ သီချင်းစည်းဆုပ်၊ လက်ခုပ်လင်းကွင်း၊ သံညှင်းသံအိုင်၊ သံပြိုင်တီးမှုတ်”ဟူ၍ လည်းကောင်း၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ၏ ကုသပျို့တွင် “မြတပူမီးပေါက်၊ စိန်အမြောက်က၊ မီးကျောက်ဆေးခဲ၊ သူရဲဇာနည်၊ အောင်စည်အောင်မောင်း၊ အင်းကောင်းစာရံ၊ အောင်လံလင်းကွင်း၊  ကြေးနင်းပုံထောင်၊ တင်ဆောင်ရိုက်ဟည်း၊ ဆန်နရည်း၊  ဆိုင်းလည်းစုံစွ၊ အကအတီး၊ ခရီးသင့်ကြောင်း” တွေ့ရှိရသည်။ အခြားသောပျို့မော်ကွန်း လင်္ကာတို့၌လည်း ရှေးခေတ်မြန်မာ့ တပ်မတော်၏ စစ်သံဆယ်ပါးနှင့် စိတ်ဓာတ်တက်ကြွစေရန် ဂီတသံစဉ် များအသုံးပြုခဲ့သည့် အထောက်အထား များစွာကိုလည်း  ရှာဖွေလေ့လာ နိုင်ကြမည်ဖြစ်သည်။

အချုပ်အားဖြင့် ဖော်ညွှန်းရပါလျှင် စာရေးသူတို့  ပြည်ထောင်စု မြန်မာနိုင်ငံသားတို့၏ ဘူမိနက်သန် ရေ၊ မြေ၊ လေထုတို့သည် လည်းကောင်း၊ နိုင်ငံသူ၊ နိုင်ငံသားတို့၏ နှလုံးသွေးစက်တို့၌ သန္ဓေတည်ကိန်းအောင်းနေသည့် စွမ်းရည်သတ္တိအားတို့သည်  လည်းကောင်း၊ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသိဉာဏ်ပညာ၊ စိတ်နေစိတ်ထား၊  နှလုံးသားတို့ဖြင့်  ဖန်တီးတည်ဆောက်ထားသည့် စာပေ၊ ဂီတ၊ သဘင်စသည့်အနုသုခုမပညာတို့သည် လည်းကောင်း မြတ်နိုးဖွယ်ရာ အမျိုးသားရေး အမွေအနှစ်များဖြစ်၍ နိုင်ငံသူ၊ နိုင်ငံသားတိုင်းက မိမိတို့အသက်နှင့် ထပ်တူထားလျက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း ဂီတစစ်သည်ဘာမထီတို့ကို အကြောင်းပြုလျက် အမျိုးဂုဏ်ကိုဖော်ညွှန်းသည့် စာပန်းပန်းချီ ခြယ်သလိုက်ရပါသည်။    ။