ပဲပင်ပေါက်နှင့် ပဲတီချဉ်လုပ်ငန်းအကြောင်း

 

ပဲပင်ပေါက်နှင့် ပဲတီချဉ်လုပ်ငန်းအကြောင်း

 

      စာရေးသူအနေဖြင့် ပဲပင်ပေါက်ဆိုသည်မှာ ပဲစေ့ကို တစ်ညတာရေစိမ်ရုံဖြင့် နောက် တစ်နေ့နံနက်တွင်    ချက်ပြုတ်စားသုံးရန် အသင့်  ပဲပင်ပေါက်ဖြစ်လာသည်ဟု ထင်ခဲ့ မိသည်။ မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ် ဖောင်ကတောမြောက်ရွာသို့ စာရေး သူ၏မိတ်ဆွေက အလည်ခေါ်၍ ရောက် သွားတော့မှ  ပဲပင်ပေါက်ပြုလုပ်ပုံကို သိရှိ ခဲ့ရသည်။

ဖောင်ကတောမြောက်ရွာမှ ကျေးရွာသူ၊ ကျေးရွာသား အတော်များများသည်  ပဲပင် ပေါက်ဖောက်သည့် လုပ်ငန်းကို စီးပွားရေး လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်ကြသည်ကို တွေ့ရသည်။

ဖောင်ကတောရွာ၏    မူလအမည်မှာ ဖောင်ကန်တော့ရွာဖြစ်သည်။   ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်ကပင် တည် ရှိခဲ့သောရွာကြီးဖြစ်သည်။

အနော်ရထာမင်းကြီးသည် သထုံပြည် မှ မနူဟာမင်းနှင့်တကွ ဓာတ်တော်၊ မွေ တော်၊ ပိဋကတ်တော်၊ ဆင်ဖြူတော် စသည် တို့ကိုယူဆောင်ကာ  တပ်ချီသည့်အတိုင်း ကြည်းတပ်၊ ရေတပ်နှင့် ပုဂံသို့ မြစ်ကြောင်း အတိုင်း ခရီးဆန်တက်ပြန်လာရာ ယခင်က    ဆိပ်သာခွန်းထောက်ဟု ခေါ်သည့် ယခုရေနံချောင်းမြို့အထက်နားတွင် ဖောင် တော်ကို  ခေတ္တရပ်နားတော်မူစေသည်။ ဆိပ်သာခွန်းထောက်မြို့သူ၊  မြို့သားများနှင့်  အရှေ့ဘက်တစ်ခွင် ကျေးလက်ဒေသမှ လူအများကို  ဖောင်တော်ပေါ်ရှိ  မြပန်း တောင်အတွင်း   သီတင်းသုံးတော်မူနေ သည့် ဓာတ်တော်၊ မွေတော်တို့အား ဖူးမြော် ကန်တော့ခွင့်  ပေးသနားတော်မူခဲ့သည်။ ဖောင်တော်ပေါ်ရှိ ဓာတ်တော်၊ မွေတော် တို့အား    ဖူးမြော်ကန်တော့ရာအရပ်ကို ဖောင်ကန်တော့ရွာဟု  အမည်တွင်စေခဲ့ သည်။  ယခုအခါ  ဖောင်ကတောရွာဟု အမည်တွင်နေခြင်းဖြစ်သည်။

ဤရွာသည်  ရေနံချောင်းမြို့အထက် တစ်မိုင်ခွဲခန့်အကွာ   ဧရာဝတီမြစ်ကမ်း နံဘေး၌  အလယ်မှချောင်းတစ်ခုခြားနေ ပြီး တောင်ရွာနှင့်မြောက်ရွာဟူ၍ တည်ရှိသည်။  မြစ်ရေကျသည့်အချိန်တွင်  သဲသောင်ပြင်ကြီးသည် ကျေးရွာသူ၊ ကျေးရွာသားများ ပဲပင်ပေါက်ဖောက်သည့်လုပ်ငန်း လုပ်ကိုင်ရာ နေရာဖြစ်နေသည်။

ပဲပင်ပေါက်ဖောက်ရန် ပဲနောက်စိမ်းစေ့ ကို ပျိုးရသည်။ ပဲနောက်က ပဲနောက်ကြီး အဝါ၊   ပဲနောက်အနီ၊  ပဲနောက်အနီပျော့၊ ပဲနောက်အနက်၊ ပဲနောက်စိမ်း၊ ပဲနောက် အဖြူ၊  တောပဲနောက်ဟူ၍  ခုနစ်မျိုးရှိသည်။

ပျိုးပုံပျိုးနည်းမှာ ပထမဦးစွာ ပဲနောက်စိမ်းကိုရေစိမ်ရသည်။ နွေရာသီတွင် ရေအေး နှင့်စိမ်ပြီး ဆောင်းရာသီတွင် ရေနွေးနှင့် စိမ်ရသည်။ နံနက်ပိုင်းစိမ်ထားပြီး ညနေ တွင် သဲသောင်ပြင်ထဲသို့ချရန် ပြင်ဆင်ကြ သည်။

ပဲကျင်းက အချင်း ၄ ပေရှိသည့် စက် ဝိုင်းပုံကျင်းဖြစ်သည်။    ပဲကျင်းအတွက် သဲပြင်ကို ပေါက်ပြားဖြင့် အနက်တစ်ထွာခန့် တူးရသည်။ မြေပွပွညီညီပေါ်တွင် ပဲနောက် စေ့များကို ကြဲဖြန့်ပြီး သဲနှင့်ခပ်ပါးပါးလေး ဖုံးပေးထားရသည်။ သဲသောင်ပြင်က အစို ဓာတ်ရှိနေလျှင် ရေလောင်းစရာမလိုပေ။ ဆောင်းရာသီတွင် နေပူရှိန်လိုအပ်သည်။ နွေရာသီတွင် ပဲကျင်းပေါ်မှ ထန်းရွက်ဖြန့် မိုးပေးထားရပြီး ရေလောင်းပေးရသည်။

ပဲပင်က ဆောင်းရာသီဆိုလျှင် လေးငါး ရက်ထားပြီးမှ အပင်ပေါက်သည်။ နွေရာသီတွင် နှစ်ရက်ခန့်ထားပြီးလျှင် အပင်ပေါက်သည်။ ပဲနောက်စိမ်းကို အခွံချွတ်စရာမလိုဘဲ တောင်းကြီးထဲတွင်ထည့်၍လှုပ်ပြီး  ဆေးကြောလိုက်လျှင်  အခွံများ အလွယ်တကူ ကျွတ်ထွက်သွားသည်။

ပဲနောက်စိမ်းတစ်ပြည်ကိုပျိုးလျှင်   ပဲ ပင်ပေါက် ငါးပိဿာခန့်ရသည်။

ပဲနောက်ပင်ပေါက်ကို ပဲတီချဉ်လုပ်လျှင် ပထမဦးစွာ   ရေနွေးနှင့်ပြုတ်ရန် မလိုဘဲ ပဲလွမ်းပင်ပေါက်ကို   အချဉ်ထည့်လျှင်   ပဲလွမ်းပင်ပေါက်က အနည်းငယ် တုတ်သည့် အတွက်  ရေစင်အောင်ဆေး၊ အခွံချွတ်ပြီး  ဒယ်အိုး သို့မဟုတ် ဒန်အိုးထဲတွင် ရေထည့်၍ ရေဆူအောင်တည်ပြီး ပဲပင်ပေါက်ထည့်ရသည်။ ထို့နောက် အချိန်အနည်းငယ်ကြာလျှင်     အထက်အောက်လှန်ပေးရသည်။    နပ်၊ မနပ်ကို လက်ဖြင့် စမ်းသပ်ကြည့်ရသည်။ နပ်လျှင် ဆယ်ယူပြီး အအေးခံထားရသည်။    ထို့နောက်   အချဉ်ရည်အိုးထဲသို့ ထည့်ပြီး အချဉ်တည်ရသည်။    အချဉ်တည်သည့်အခါ အဆင်သင့်ရှိနေသည့် အချဉ်ရည်အိုးထဲတွင် တစ်ညစိမ်ထားလျှင်  နောက်တစ်နေ့တွင် စားသုံး၍ရသည်။

ပဲနောက်ပင်ပေါက်ချဉ် ပြုလုပ်ရာတွင် ပဲလွမ်းပင်ပေါက်ချဉ်ကဲ့သို့  ပြုတ်ရန်မလိုဘဲ  အချဉ်ထည့်ပုံမှာ   ပဲလွမ်းပင်ပေါက်ချဉ် ထည့်သည့်အတိုင်းဖြစ်သည်။ အချဉ်ရည်ပြုလုပ်ပုံမှာ ထမင်းရည်နှင့် ဆန်ဆေးရည်ကို ရော၍ ဆားအနည်းငယ် ထည့်ရသည်။ နှစ်ရက်ခန့်ကြာလျှင် အချဉ်ရည်ရရှိသည်။

ပဲပင်ပေါက်ကို အချဉ်ရည်အိုးထဲ တစ်ညစိမ်ပြီး   ပဲတီချဉ်ရလျှင်  အချဉ်ရည်ကို သွန်မပစ်ရဘဲ  နောက်တစ်ခါ  ပဲတီချဉ်ထည့်၍ရသေးသည်။  သို့သော် သုံးရက်တစ်ခါဖြစ်စေ၊ ငါးရက်တစ်ခါဖြစ်စေ အပေါ်မှအဖြူဖတ်များကို ဖယ်ထုတ်ပြီး  အောက်ခြေမှ အနည်အနှစ်များကို သွန်ပစ်ရသည်။

ပဲနောက်ပင်ပေါက်သည်    အာဟာရ ပြည့်ဝစုံလင်သည်။     တစ်နည်းအားဖြင့် ဗီတာမင်ဓာတ်များစွာ ပါဝင်သည်။ ဗီတာမင်အေ၊ ဗီတာမင်ဘီ (၂)၊ ဗီတာမင်ဘီ (၁၂) တို့ ပါဝင်သည်။ ဗီတာမင်အေသည်  အသားအရေကို စိုပြည်စေသည်။  မျက်စိကိုကြည်လင်စေသည်။ ဆဲလ်ကလာပ်စည်း များနှင့် အရိုးများကိုဖွံ့ဖြိုး သန်မာစေသည်။

ကူးစက်ပြန့်ပွားတတ်သော ရောဂါများကို ကင်းဝေးစေသည်။

ထို့ကြောင့် နေရာလည်းများများစားစား ပေးစရာမလို၊ ငွေကုန်ကြေးကျလည်းသိပ် မများ၊ လွယ်လွယ်ကူကူနှင့် ဟင်းတစ်မယ် လည်းဖြစ်၊   အာဟာရဓာတ်များလည်း ပေါ<ကယ်ဝသော မြန်မာ့အစားအစာဖြစ်သည့် ပဲပင်ပေါက်ကို မိမိတိုက်ခန်းထဲတွင် ဖြစ်စေ၊ အိမ်နောက်ဖေးခန်းထဲတွင်ဖြစ်စေ   သဲသောင်မလိုဘဲ ဝါးခြင်းတောင်း၊ ပလတ် စတစ်ခြင်းများထဲ၌   ပဲနောက်စိမ်းစေ့ကို ထည့်၍ အဝတ်စပါးပါးလေး ဖုံးအုပ်ထားကာ ရေဖျန်းပေးပြီး ပဲပင်ပေါက်ဖောက်၍ စားသုံးနိုင်ကြစေရန်  ရေးသား တင်ပြလိုက်ရပါသည်။    ။

ဝင်းဇော်(သုံးဆယ်)