ဆီဆိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် ပအိုဝ်းအမျိုးသားပြည်သူ့စစ်(PNA)က တစ်အိမ်ကို ငွေ ၁၀ သိန်းကောက်ခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် ပအိုဝ်းအမျိုးသားပြည်သူ့စစ်(PNA)က တစ်အိမ်ကို ငွေ ၁၀ သိန်းကောက်ခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စုရှိ ဖြီကျွတ် ကျေးရွာနှင့် လွယ်ခြယ်ကျေးရွာတို့တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ ပအိုဝ်း အမျိုးသားပြည်သူ့စစ် (PNA) က တစ်အိမ်လျှင် ငွေ ၁၀ သိန်း ကောက်ခံနေကြောင်း  မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ DVB က ပြည်သူများ အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

အထက်ပါသတင်းနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားပြည်သူ့စစ်(PNA) က ဖြီကျွတ် ကျေးရွာနှင့် လွယ်ခြယ်ကျေးရွာတို့တွင် တစ်အိမ်လျှင် ငွေ ၁၀ သိန်း ကောက်ခံနေသည့်မှာ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းများသာဖြစ်ပြီး ထိုသို့ငွေကောက်ခံမှုမရှိကြောင်း  ဒေသခံ ပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ဆီဆိုင်မြို့နယ်တွင် KNDF၊ PNLA၊ PDF အကြမ်းဖက်သမားများက အဓမ္မ လူသစ်စုဆောင်းခြင်း၊ ငွေကြေးကောက်ခံခြင်းများကို လုပ်ဆောင်လျက်ရှိရာ ဒေသခံ ပြည်သူများမှ အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်လျက်ရှိသည့်အတွက် ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှား စေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သတင်းရရှိပါသည်။