တောင်ငူမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

တောင်ငူမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ သံဃာတော် များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ အောင်မြင်ဇေယျုံစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ အရေပြားရောဂါ၊ ခါးနာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ သံဃာတော် ၂၂ ပါးနှင့် ဒေသခံပြည်သူ ၁၈၇ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးတပ်ရင်းသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။    

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ အောင်မြင်ဇေယျုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဇဝန ထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။