ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ခရိုင်များတွင် တာဝန်ထမ်းဆောင်နေသော လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ခရိုင်များတွင် တာဝန်ထမ်းဆောင်နေသော လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)နှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရိုင်များတွင် တာဝန်ထမ်းဆောင်နေသော လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)များနှင့် ကြီးကြပ်သူ စုစုပေါင်း ၁၁၅ ဦးတို့သည် ယနေ့နံနက် ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)များနှင့် ကြီးကြပ်သူများသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော် ခဲ့မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူး တင် စကားများပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော် နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများ က အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။  

ဆက်လက်၍ ဘုရားဖူး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)များနှင့် ကြီးကြပ် သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြ ပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထား သည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ် တော်ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြ သည့် လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)များနှင့် ကြီးကြပ်သူများ၏ ရင်တွင်း စကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

မာရဝိဇယဘုရားရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြောခဲ့ကြသော လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)များနဲ့ ကြီးကြပ်သူများရဲ့ ရင်တွင်းစကားသံများ

၁။ မာရဝိဇယဘုရားရုပ်ပွားတော်မြတ်ကြီးကို အခုလိုမျိုးလာရောက် ဖူးမြော်ခွင့်ရ တဲ့အတွက်ကြောင့်မလို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ကော ဗုဒ္ဓဘာသာ ဝင်ပြည်သူတစ်ယောက်အနေနဲ့ကော များစွာကြည်နူးပီတိဖြစ်မိပါတယ်ရှင့်။ ကမ္ဘာ့အကြီး ဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံသားအင်ဂျင်နီယာတွေနဲ့ တည်ထားကိုးကွယ်နိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်မကိုယ်တိုင်ကလည်း အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ အခုလိုမျိုးပြည်ပအကူအညီမပါဘဲ နဲ့ ကိုယ့်ရဲ့နိုင်ငံသူ၊ နိုင်ငံသားအင်ဂျင်နီယာတွေနဲ့တည်ထားကိုးကွယ်နိုင်တာဖြစ်တဲ့အတွက် ကြောင့် များစွာဂုဏ်ယူမိပါတယ်ရှင့်။ ဒီရုပ်ပွားတော်မြတ်ကြီးကို တည်တံ့ခိုင်မြဲဖို့အတွက် ဆိုရင် မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း ချမှတ်ထားစည်းမျဉ်းစည်းကမ်းတွေကို အားလုံးလေးစားလိုက်နာပြီးတော့ စုပေါင်းညီညာစွာဖြင့်ထိန်းသိမ်းစောင့်ရှောက်သွားမယ် ဆိုလို့ရှိရင် ကမ္ဘာတည်သ၍ ဗုဒ္ဓသာသနာထွန်းကာနေမှာဖြစ်ပါတယ်လို့ ပြောကြားလိုပါ တယ်ရှင်။

၂။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက် အတိုင်းမသိဝမ်းသာ ပီတိဖြစ်ရပါတယ်ဗျာ။ ဒီမှာရှိတဲ့ ကျောက်စာတိုင်တွေကိုလည်း ဖတ်ရှု့မှတ်သားရတဲ့ အတွက် အသိဉာဏ်ဗဟုသုတလည်းရရှိသလို ဂုဏ်ယူဝမ်းသာမိပါတယ်ခင်ဗျာ။ ဒီ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ဖို့အတွက် ပို့ဆောင်ပေးတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌကြီးကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားလို ပါတယ်။ ဒီကိုလာရောက်ဖူးမြော်ဖို့အတွက် ပို့ဆောင်ပေးတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။

၃။ ကျွန်မတို့ဆိုရင်နယ်မှာတာဝန်ထမ်းဆောင်တာပေါ့။ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာဆိုရင် ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုဆိုရင် ကျွန်မတို့ဒီနေပြည်တော် ရောက်မှ ဖူးရတာဖြစ်ပါတယ်။ အထူးအစီအစဉ်အနေနဲ့ ကျွန်မတို့ကိုစီစဉ်ပေးသော ကျွန်မ တို့ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့တကွ ကျွန်မတို့ဌာနအကြီးအမှူး များအားလုံး၊ ဘုရားကြီးကိုတည်ထားကိုးကွယ်ပေးသော ဦးဆောင်ဘုရားဒကာကြီးကို လည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ ပန်းဆယ်မျိုးဖြစ်တဲ့ ပန်းချီ၊ ပန်းပု စတဲ့လက်ရာ တွေပါတယ်။ ပြီးတော့မြန်မာမှု၊ မြန်မာ့ဟန်တွေပါတယ်။ မြန်မာအင်ဂျင်နီယာတွေရဲ့ စွမ်းဆောင်မှုတွေလည်းပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်မတို့ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ကော၊ မြန်မာ့အင်ဂျင်နီယာတစ်ယောက်အနေနဲ့ကော ပြီးတော့မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ကော ဝမ်းသာကြည်နူးပီတိဖြစ်မိပါတယ်ရှင့်။