ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

အောင်မဲဖြူ၊ အောင်မဲညို

အင်္ဂလိပ်အမည် - Butterfly Pea

မျိုးရင်း - Papilionaceae (ပိတောက်မျိုးရင်း)

ရုက္ခဗေဒအမည် - Clitoriaternatea Linn;

အဓိကဆေးဖက်ဝင်ပုံ

ရေဖျဉ်းရောဂါ၊ အသည်းကြီးရောဂါ၊ သရက်ရွက်ကြီးသောရောဂါ၊ ခူနာ၊ ကိုယ်လက်ဖောရောင်သော ရောဂါ၊ သွေးအန်သွေးလျှံနာ၊  မျက်စိတိမ်ကျရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ အဖုအကျိတ်ပေါက် ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ ကြို့ထိုးရောဂါများအတွက် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

ပဉ္စငါးပါး။

အပင်ပုံသဏ္ဌာန်

နွယ်ပင်မျိုးဖြစ်သည်။ ချုံကဲ့သို့နွယ်တက်၍ တခြားအပင်များကိုအမှီပြုပြီး တစ်ပင်လုံးဖုံးလွှမ်းသွားအောင် နွယ်တက်ပေါက်ရောက်လေ့ရှိသည်။ ပင်စည်မွဲခြောက်ခြောက်အရောင်ရှိပြီး မာကျောသည်။ အပွင့်ကို အစွဲပြုပြီး အဖြူမျိုးနှင့်အညိုမျိုးဟူ၍ နှစ်မျိုးရှိသည်။အရွက်သည် ရွက်လွှဲထွက်သည်။ ရွက်ပေါင်းဖြစ်ပြီး ရွက်မြွှာ ငါးရွက်မှ ခုနစ်ရွက်ပါရှိသည်။ ထိပ်ရွက်မြွှာအကြီးဆုံးဖြစ်သည်။ 

ဘေးရွက်မြွှာများ မျက်နှာချင်းဆိုင်ထွက်သည်။ ရွက်ထိပ်ရွက်ရင်းဝိုင်းပြီး အနည်းငယ်သွယ်သည်။  ရွက်ညှာ အလွန်တိုသည်။

ရွက်နားညီသည်။ အောက်မျက်နှာပြင် အနည်းငယ်ကြမ်းသည်။ ရွက်ညှာရင်းတွင် သေးငယ်၍  အပ်သဏ္ဌာန် ရွက်စွယ်ပါသည်။

အောင်မဲဖြူ၊ အောင်မဲညိုအပွင့်တို့သည် တစ်ပွင့်ချင်းစီပွင့်သည်။ အပွင့်ကြီးသည်။ အလျား ၁ လက်မခန့် ရှည်သည်။ အဖြူမျိုးတွင် အပွင့်ဖြူသည်။ အညိုမျိုးတွင် ပွင့်ဖတ်သည် အပြာရင့်ရောင်ရှိပြီး အလယ်တွင် အဝါရောင်သန်းသည်။ တန်ခူး၊ ကဆုန်၊ နယုန်လတို့တွင် ပွင့်သည်။

အသီးသည် သီးတောင့်ရှည်ဖြစ်သည်။ ရှည်၍ပြားပြီး အက်ကွဲသီးမျိုးဖြစ်သည်။  အစေ့ငါးစေ့မှ ခြောက်စေ့ အထိပါရှိသည်။ အစေ့အညိုရောင်ရှိပြီး မာသည်။ နယုန်၊ ဝါဆိုလတို့တွင်သီးသည်။

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ အောင်မဲဖြူသည် စပ်သည်၊ အေးသည်၊  ဖန်သည်၊  ခါးသည်၊ မျက်စိကို အကျိုးပြုသည်၊  ဝမ်းလျှောစေတတ်သည်၊ အဆိပ်ကိုနိုင်သည်၊ လေ၊ သလိပ်၊ သည်းခြေပျက်စေနိုင်သည်။ ဦးနှောက်ရောဂါ၊ နူနာရောဂါ၊ ထိုးအောင့်နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းနှင့် အနာပေါက်နာ၊ မြွေဆိပ် သင့်နာများကိုနိုင်သည်။

ဆေးဖက်ဝင်အသုံးပြုပုံ

-မြွေဆိပ်တက်လျှင် အောင်မဲဖြူအမြစ်မှုန့်နှင့် ဣဿရမူလီအမြစ်မှုန့်တို့ကို ရောစပ်သောက်လျှင် မြွေဆိပ် ပြေသည်။

-ခူနာပေါက်လျှင် အောင်မဲဖြူ၊ အောင်မဲညိုအရွက်တို့ကို ကြိတ်ခြေကာ အုံစည်းပေးလျှင် ခူနာများ ပေါက်ပြီး အနာပျောက်သည်။

-ရေဖျဉ်းရောဂါဖြစ်လျှင် အောင်မဲဖြူ၊ အောင်မဲညို ပဉ္စငါးပါးကိုပြုတ်၍သောက်ပေးပါက အဖော ရေဖျဉ်း ရောဂါသက်သာစေနိုင်သည်။

-အသည်းကြီးသောရောဂါဖြစ်လျှင်၊ သရက်ရွက်ကြီးသော ရောဂါဖြစ်လျှင် အောင်မဲဖြူ၊ အောင်မဲညို အရွက်တို့ကို အခြောက်လှန်းပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင်ခတ်သောက်ပါက ရောဂါများ ပျောက်ကင်း စေနိုင်သည်။

-ရေဖျဉ်းရောဂါဖြစ်လျှင်  အောင်မဲဖြူအမြစ်ကို အမှုန့်ပြုလုပ်ပြီး ပျားရည်နှင့်ရောစပ်သောက်ပါက ရေဖျဉ်း ရောဂါ ပျောက်ကင်းစေနိုင်သည်။

-ကိုယ်လက်ရောင်ရမ်းခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်းဖြစ်ပါက  အောင်မဲဖြူအမြစ်ကို သွေးလိမ်းလျှင် ပျောက်ကင်းစေနိုင်သည်။

-နာတာရှည်ချောင်းဆိုးရောဂါဖြစ်လျှင် အောင်မဲဖြူအဖိုမြစ်၏ ကြိတ်၍ရသောအရည်ကို နွားနို့နှင့် ရောစပ် တိုက်ကျွေးပါက ပျောက်ကင်းစေနိုင်သည်။

-ခေါင်းတစ်ခြမ်းကိုက်လျှင် အောင်မဲဖြူအသီးစိမ်း အစေ့ပါကြိတ်၍   ညှစ်ယူရသောအရည်ကို နှာခေါင်း တွင် ထည့်ပေးပါက   ခေါင်းတစ်ခြမ်းကိုက်ခြင်းပျောက်ကင်းစေနိုင်သည်။

-လည်ပင်း၌ အကျိတ်အဖုပေါက်လျှင် အောင်မဲဖြူ၊ အောင်မဲညိုအပင်၏ အမြစ်ကို သွေးလိမ်းပါက သက်သာပျောက်ကင်းစေနိုင်သည်။

-ခရုသင်းဖြစ်လျှင် အောင်မဲညိုအပွင့်ကိုခြေ၍ အရည်ကိုသုတ်လိမ်းပေးပါ။ အမြစ်ကိုလည်း သွေးပြီး လိမ်းနိုင်သည်။

-မျက်စိနာလျှင် အောင်မဲဖြူ၊ အောင်မဲညိုအပွင့်တို့ကို ကြိတ်ခြေကာ အရည်ကို မျက်စိတွင် ကွင်းလိမ်းပေး ပါ။ ပျောက်ကင်းစေနိုင်သည်။

-ကြို့ထိုးလျှင် အောင်မဲဖြူ၊ အောင်မဲညိုအစေ့ကို ကြိတ်၍ အမှုန့်ပြုလုပ်ပြီးလျက်ပေးပါက ပျောက်ကင်း စေနိုင်သည်။

ဣဿရမူလီ

အင်္ဂလိပ်အမည် - Indian Birthwort

မျိုးရင်း - Aristolochiaceae (ဣဿရမူလီမျိုးရင်း)

ရုက္ခဗေဒအမည် - Aristolochia indica Linn;

အဓိကဆေးဖက်ဝင်ပုံ

မြွေ၊ ကင်းအဆိပ်ပြေဆေး၊ အဆစ်ရောင်ခြင်း၊ ကိုယ်လက်အဆစ်အမျက်များ ကိုက်ခဲခြင်း၊ သွေးဝမ်း သွားခြင်း၊ ဝမ်းကြောတင်းရောင်ခြင်း၊ လျှာလေးခြင်း၊ ဖျားပြီး အပူကြီးငန်းဖမ်းခြင်း၊  မီးယပ်သွေးထိန်ခြင်း၊ မီးယပ်အကွက်ထွက်ခြင်း၊ အပူဖုအပူကျိတ်များပေါက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းတွင် အပူကန်ဖုများ ပေါက်ခြင်းတို့အတွက် ဆေးဖက်ဝင် အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြားတွင်  သဘာဝအလျောက် ပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အမြစ်၊ အရွက်။

အပင်ပုံသဏ္ဌာန်

ပင်ပျော့နွယ်ပင်မျိုး ဖြစ်သည်။ အခေါက်ကြမ်းပြီး ညိုမည်းသော အရောင်ပေါ်တွင် စိမ်းပြာရောင် အကွက်များ ရှိသည်။ အကိုင်းအခက်များ သေးသွယ်သည်။

အရွက်သည် ရွက်လွှဲထွက်သည်။ သင်္ဘောသီးကဲ့သို့ ပုံသဏ္ဌာန်ရှိသည်။ ရွက်ထိပ်ပိုင်းသည် ရွက်ရင်း ပိုင်းထက်ကျယ်သည်။ ရွက်ထိပ်ချွန်သည်။ ရွက်လယ်ကြောထင်ရှားသည်။ ရွက်နားချော၍ အနည်းငယ် လှိုင်းတွန့်ရှိသည်။

အပွင့်သည် ပုံသဏ္ဌာန်ဆန်းကြယ်သည်။ ပွင့်ညှာတံသည် အကိုင်းပြားရှိအရွက်တို့၏ အရင်းနားမှ ကပ်ပြီး ထွက်သည်။ ရေတကောင်း ပုံသဏ္ဌာန်အပွင့်ဖြစ်ပြီး နှုတ်ခမ်းတစ်ဖက်ရှည်ကာ ခရမ်းညိုရောင်ရှိသည်။ အရင်းပိုင်းမှာ စိမ်းဖန့်ဖန့်အရောင်ရှိသည်။

တန်ဆောင်မုန်း၊ နတ်တော်လတို့တွင် ပွင့်သည်။ အသီးသည် အစိမ်းရောင်ဖြစ်ပြီး ကျောက်ဖရုံသီး ပုံသဏ္ဌာန်ရှိသည်။ ပတ်လည်အမြှောင်းခြောက် မြှောင်းပါသည်။ အမြှောင်းတွင် အစေ့များစွာပါရှိပြီး အစေ့မှာ သုံးထောင့်ပုံသဏ္ဌာန်ဖြစ်သည်။ တပို့တွဲလတွင် အသီးရင့်သည်။

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ ဣဿရမူလီသည် ခါးသည်၊ ဖန်သည်၊ အဆိပ်အမျိုးတို့ကိုနိုင်သည်၊  ချောင်းဆိုးရောဂါ၊ နှလုံးရောဂါ၊ ကလေးများ အူတွင်း၌ဖြစ်သောရောဂါ၊ အစာမကြေလေရောဂါနှင့် အဆစ်ကိုက်ခဲ ဖောရောင်ခြင်းတို့ကို ပယ်ဖျောက်တတ်သည်၊ ဥတုသွေးကိုလည်း မှန်စေသည်၊ သွေးလွန်နာ၊ သွေးဖောက်ပြန်သောအနာနှင့် မူးဝေသောဝေဒနာတို့ကို သက်သာစေတတ်သည်။

ဆေးဖက်ဝင်အသုံးပြုပုံ

-မြွေ၊ ကင်းအကိုက်ခံရလျှင် အမြစ်ကိုသွေးလိမ်းပါ။

-ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်ရောင်ခြင်းဖြစ်ပါက ကိုက်ခဲသောနေရာ၊ ရောင်သောနေရာများတွင်  အမြစ်မှုန့်နှင့် ဆားကိုရောစပ်ဖျော်ပြီး  လိမ်းပေးပါ။ သက်သာစေနိုင်သည်။

-သွေးဝမ်းသွားလျှင် အမြစ်မှုန့်နှစ်ဆကို ချင်းခြောက်မှုန့်တစ်ဆနှင့်ရောစပ်ပြီး ဟင်းစားဇွန်း တစ်ဇွန်း တစ်နေ့နှစ်ကြိမ် သောက်သုံးပေးပါ။

-အဖျားကြီးပြီး လျှာလေးအာလေးဖြစ်ပါက အမြစ်ကိုသွေးပြီး လျှာကိုပွတ်ပေးပါက ပျောက်ကင်း စေနိုင်သည်။

-မီးယပ်သွေးထိန်ခြင်း၊ ချုပ်ခြင်းဖြစ်လျှင် အမြစ်မှုန့်ကို ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် ဆားလှော် အနည်းငယ်ထည့်၍ ရောစပ်သောက်ပေးပါက သွေးပေါ်နိုင်သည်။

-ရေဖျဉ်းရောဂါဖြစ်လျှင် အရွက်ကိုညှစ်၍ရသောအရည်ကို ဆားမီးဖုတ်အနည်းငယ်နှင့် ရောစပ်တိုက် ကျွေးပါက ပျောက်ကင်းစေနိုင်သည်။

-အမျိုးသမီးများ သားဖွားလွယ်ဆေးအဖြစ် ဣဿရမူလီအမြစ်ကိုသွေးပြီး သောက်ပေးခြင်း၊ ချက်တိုင် တွင်လိမ်းပေးခြင်းများ ပြုလုပ်ပါက မွေးဖွားရလွယ်စေသည်။

-ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အဖျားဝင်လာလျှင် အမြစ်ကိုသွေး၍ လျှာတွင် ပွတ်ပေး ပါက သက်သာပျောက်ကင်းစေနိုင်သည်။

-တိရစ္ဆာန်အကောင်များကိုက်၍ အဆိပ်တက်ပါက ဣဿရမူလီအရွက်သုံးရွက်ကို ငရုတ်ကောင်းစေ့ ၁၀ စေ့နှင့်ရော၍ကြိတ်ပြီး လိမ်းပေး၊ သောက်ပေးခြင်းဖြင့် အဆိပ်ကျစေနိုင်သည်။

-အအေးပတ်၍ တစ်ကိုယ်လုံးအေးစက်ပြီး သတိလစ်နေသူအား ဣဿရမူလီအရွက်များကို ငရုတ် ကောင်းစေ့များနှင့် ရောကြိတ်ကာ ရေနှင့်ဖျော်ပြီး တစ်ကိုယ်လုံးလိမ်းပေးခြင်း၊ လျှာတွင်  ပွတ်ပေးခြင်း ပြုလုပ်ပါက သတိကောင်းစွာရစေနိုင်သည်။

ကြည်လွင်မြင့်(မုဒြာ)