ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

“ရေညိုစခန်းက ဆုတ်လာကြတဲ့ ရဲမေ တွေထဲမှာ သြော် မ-ဘယ်သူ ဥက္ကဋ္ဌကြီး”

“မခင်မှီပါ”

ဗိုလ်စံလှဘော်၏အမေးကို ဗိုလ်ရဲမြင့် က ထောက်ပေးလိုက်၏။

“မခင်မှီဆိုတဲ့    ရဲမေတစ်ယောက် ပါသလားတဲ့ကွ၊ ဒီက ဗိုလ်ရဲမြင့်က မေးနေတယ်”

“ပါပါတယ် ဗိုလ်ကြီး၊ သူ့ သူ့အမေက တော့ ရေညိုမှာ ကျသွားပြီပြောပါတယ်”

“ဗျာ”

ဤတစ်ခါတော့ ဗိုလ်ရဲမြင့်၏ခေါင်းထဲ မှာ ချာချာလည်သွားလေသည်။

“ဟုတ်ပါတယ် ဗိုလ်ကြီး၊ ရေညိုစခန်း ကို အစိုးရတပ်က မမျှော်လင့်ဘဲ ဝင်တိုက် တော့ အဲဒီမှာ သူ့အမေ ကျသွားခဲ့တယ်လို့ ပြောပါတယ်။ သမီးလေးတစ်ယောက်နဲ့ သူရယ်၊ နိုင်ငံရေးမှူး အမျိုးသမီး တစ်ယောက် ရယ် လွတ်လာကြပါတယ်”

“ခု သူ့ကို ဘယ်မှာထားလဲ ရဲဘော်”

“ဒီစခန်းတောင်ဘက်အဆုံးက တဲမှာ နိုင်ငံရေးမှူး အမျိုးသမီးတစ်ယောက်နဲ့ အတူ နေရာချထား ပေးပါတယ်။ အဲဒီ”

“ဟော ဟေး၊ ဘာတွေ ဖြစ်လာကြပြန် ပါလိမ့်”

ရဲဘော်လှဖြူသံသည် စကားကို အဆုံး မသတ်လိုက်ရ။

တဲတောင်ဘက်ဆီမှ စကား ကတောက် ကဆတ်ဖြစ်ပြီး လျှောက်လာနေကြသော အသံကြောင့် ဗိုလ်စံလှဘော်၊ ဗိုလ်ရဲမြင့်နှင့် ရဲဘော်လှဖြူသံတို့မှာ နှုတ်ဆိတ် နားစွင့် ထားလိုက်ကြသည်။

“အိုး ဒါတော့ ဘယ်ဖြစ်မလဲရှင့်။ ကျွန်မ တို့သိတာက    မခင်မှီဟာ   ဗိုလ်ရဲမြင့်ရဲ့ အမျိုးသမီးပဲ။ ခုမှ သူက လာပြီး နိုင်ငံရေး အကျဉ်းသား သူလျှိုမမို့ စစ်ဆေးရမယ်ဆို တော့ ကျွန်မတို့က ဘာကို နားလည်ရမှာလဲ။ ပြီး   စစ်ဆေးစရာရှိရင်လည်း   ကျွန်မက နိုင်ငံရေးမှူးပဲ။ ကျွန်မရှေ့မှာ စစ်ဆေးပါ လား။ ခုတော့ ကျွန်မကို တဲထဲက တခြား သွားနေပါတဲ့။ ဒါဘာသဘောလဲ၊ တိုင်ရ မယ် တိုင်ရမယ်။ ဗိုလ်စံလှဘော်တင်မက ဒီကိစ္စ ဗဟိုထိ တိုင်သင့် တိုင်ရမယ် ရှင့်”

“အို အစ်မကြီးကလည်းဗျာ၊ ခုနေချိန် မှာ   ဗိုလ်ညိုကို   ကလန်ကဆန်ပြောလို့ မတော်ဘူးနော်။ သူတို့ဟာ ဘယ်လို ရှုပ် ရှုပ်ယှက်ယှက်တွေလဲ မသိတာ”

“ဟိုမှာ ဘယ်လိုရှုပ်ရှုပ်၊ ဒီစခန်းမှာ ကျွန်မ တာဝန်ရှိတယ်ရှင့်။ ဗိုလ်စံလှဘော်၊ ဗိုလ်စံလှဘော်” တဲဝသို့ ရောက်လာသော အမျိုးသမီး က ဗိုလ်စံလှဘော်ကို အော်ခေါ်လိုက်သည်။

“ရှိပါတယ်၊ ဒေါ်ရင်ရင်ထား၊ ခင်ဗျား တို့ဟာက ဘယ်လိုဖြစ်ကြတာလဲဗျ၊ ညကြီး မင်းကြီး”

“ဖြစ်ကြတာတော့ မပြောနဲ့ ဗိုလ်ကြီး၊ ရေညိုက ဆုတ်ပြေးလာရတဲ့ မခင်မှီဆိုတဲ့ ကလေးမက သူဟာ ဗိုလ်ရဲမြင့်ရဲ့ ဇနီးပါ လို့ ကျွန်မကိုပြောတယ်။ အဲဒီ ဗိုလ်ရဲမြင့် က ခု စေတုတ္တရာဘက်မှာ တာဝန် ထမ်းဆောင်နေပါတယ်တဲ့။  အဲဒါ  ခုနကမှ  လက်ပန်ဘက်က ရောက်လာတဲ့ ဗိုလ်ညို က အဲဒီ သူငယ်မ ဟာ အစိုးရသူလျှိုတဲ့၊  ရေညိုကို အစိုးရတပ်တွေလာတိုက်တာ သူသတင်းပေးလို့တဲ့၊  သူဟာ  နိုင်ငံရေး အကျဉ်းသားတဲ့။  အဲဒါ  စစ်ဆေးစရာရှိ တယ်ဆိုပြီး ကျွန်မကို တဲထဲက နှင်လွှတ် တယ်။ ကျွန်မလည်း နိုင်ငံရေးမှူးပဲ စစ်ဆေး စရာရှိရင်  ကျွန်မရှေ့  စစ်ဆေးပါလား၊ ဘာလို့ နှင်လွှတ်ရမှာလဲ၊  အဲဒါ  လာတိုင် တာ”

အမျိုးသမီးနိုင်ငံရေးမှူးမှာ ဒေါသနှင့် တဆတ်ဆတ်တုန်ယင်နေလေသည်။

“ဘယ်လိုဖြစ်ကြတာလဲ ဥက္ကဋ္ဌကြီး၊ သြော် ဗိုလ်ရဲမြင့်ဆိုတာ သူပါပဲ ဒေါ်ရင် ရင်ထား”

ဗိုလ်စံလှဘော်က ဗိုလ်ရဲမြင့်ကို မေးပြီး တဲထဲက ဗိုလ်ညိုနှင်လွှတ်လိုက်သည်ဆိုသော နိုင်ငံရေးမှူး   ဒေါ်ရင်ရင်ထားကိုလည်း တစ်ခါတည်း မိတ်ဆက်ပေးလိုက်၏။

“ဟုတ်ကဲ့ အဲဒါ ဘယ်လိုလဲ၊ ဗိုလ်ကြီး လိုက်ရှင်းရင် ကောင်းမယ်”

“ဟုတ်ကဲ့ ကျွန်တော် ခုပဲ လိုက်ပြီးရှင်း ပြပါမယ်။ ကဲ ဗိုလ်စံလှဘော် ကျွန်တော့် ကို ခွင့်ပြုပါဦး”

ဗိုလ်ရဲမြင့်သည် ပြောပြောဆိုဆိုနှင့်ပင် တဲထဲကထွက်လာ၏။

“အောက် အီး အီး အွတ်”

အပြင်တွင် လရောင်က အားနည်းနေ သည်။ တပေါင်းလ၏ ဆယ့်လေးရက် လဝန်းပျပျက ရခိုင်ရိုးမ တောင်တန်းပေါ် ငုပ်လျှိုးစ ပြုနေပေပြီ။ တစ်ဖက် တောင်ကမ်းပါးယံမှ တောကြက်ဖတစ်ကောင်၏ တွန်ကျူးလိုက်သံကို ပီပီသသကြားလိုက် ရ၏။ မကြာခင် မိုးလင်းပေတော့မည်။

“ရှင် ရှင် ဒီလို အကျင့်မယုတ်နဲ့၊ ရှင် ကျွန်မကို ဒီလိုကြံချင်လို့ ဒေါ်ရင်ရင်ထား ကို နှင်လွှတ်တာ မဟုတ်လား။ ဘာစစ်ဆေး စရာမှ မရှိဘူး။ လွှတ်ဆို လွှတ်နော်၊ ကျွန်မ အော်လိုက်မယ်။ ကျွန်မမှာ  ဘာအပြစ်မှ မရှိဘူး”

ဗိုလ်ရဲမြင့်နှင့်ဒေါ်ရင်ရင်ထားတို့ တဲနားသို့ ရောက်လာကြသောအခါ တဲထဲမှ မခင်မှီ၏အသံက သူတို့ခြေလှမ်းကို တုံ့သွားစေသည်။      

ဆက်လက်ဖော်ပြပါမည်။