နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည့် ဟိုပုံးမြို့နယ်မှ စတော်ဘယ်ရီစိုက်ခင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည့် ဟိုပုံးမြို့နယ်မှ စတော်ဘယ်ရီစိုက်ခင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးဦးတည်ချက်၌ တစ်ခုအပါ အဝင်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုး တက်အောင် တည်ဆောက်ရေး ဆိုသည့် ဦးတည်ချက်နှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို စတော်ဘယ်ရီ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရေးဆောင်ရွက်လျက်ရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် လွယ်အွန့်ကျေးရွာ၊ ရန်ကင်းရွာ၊ ကန်တန်းရွာ၊ ထမ်းချာရွာနှင့် ဖာလွိုင်ကျေးရွာတို့တွင် ဆောင်းရာသီ၌ တောင်သူ အများစု သည် စတော်ဘယ်ရီသီးနှံကို အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ခရီးသွားပြည်သူများကို ဆွဲဆောင် လျက်ရှိသည်။ စတော်ဘယ်ရီသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များပြားပြီး အထွက်နှုန်း ကောင်းမွန်ရေးအတွက် သွင်းအားစုများ ထည့်သွင်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး မြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေမည့် စတော်ဘယ်ရီစိုက်တောင်သူများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေး လျက်ရှိသည်။ 

ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးမှုများပြားသည့် စတော်ဘယ်ရီစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းကို ပိုမိုတိုးတက် အောင်မြင်အောင် မြှင့်တင်ပေးခြင်းဖြင့်  ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဈေးကွက်ဝင်အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော စတော်ဘယ်ရီသီးနှံရရှိစေခြင်း၊ ခရီးသွား ပြည်သူများကို ဆွဲဆောင်နိုင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာ ချေးငွေရရှိနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။ 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဟိုပုံးမြို့နယ်၌ စိုက်ပျိုးမှုများပြားသည့် စတော်ဘယ်ရီ စိုက်တောင်သူများသည် ရန်ကင်းစတော်ဘယ်ရီ အစုအဖွဲ့အဖြစ် ရန်ကင်း၊ ဖာလွိုင်၊ တုံခမ်း၊ ကန်တန်း၊ လွယ်အွန့်စသည့် ကျေးရွာငါးရွာမှ တောင်သူ ၁၀၈ ဦးဖြင့် စတော်ဘယ်ရီအစုအဖွဲ့ကို ဖွဲ့စည်းထားရှိသည်။

အဆိုပါ ရန်ကင်းစတော်ဘယ်ရီအစုအဖွဲ့တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးခွန်ထွန်းစိန်က “ကျွန်တော်တို့  ဟိုပုံးမြို့နယ်မှာ ဒေသရဲ့ ရေမြေ၊ ရာသီဥတုနဲ့  ကိုက်ညီတာကြောင့် စတော်ဘယ်ရီ စိုက်ပျိုးရတာ တောင်သူတွေအဆင်ပြေကြပါတယ်။ စတော်ဘယ်ရီက ဒေသထွက်ရောင်းတမ်းဝင် သီးနှံတစ်မျိုးဖြစ်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်နဲ့ အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးရေးဌာနကလည်း ကူညီဆောင်ရွက်ပေးတယ်။  မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်လို့ ရန်ကုန်၊ နေပြည်တော်တို့လို အဝေးကမြို့တွေထိ တင်ပို့ရောင်းချနိုင်တယ်။ ကိုယ့်မြို့မှာလည်း ခရီးသွား ပြည်သူတွေကို  ဆွဲဆောင်နိုင်ပြီး  ဈေးကောင်းရရှိလို့အဆင်ပြေကြပါတယ်။ ဟိုပုံးမြို့နယ်မှာ လွယ်အွန့်၊ ကန်တန်း၊ ထမ်းချာ၊ ဖာလွိုင်ကျေးရွာတွေမှာ စတော်ဘယ်ရီအစုအဖွဲ့အနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာနဲ့ ကျပ်သိန်း ၅၀ ခန့်ကို ရယူဆောင်ရွက်လျက်ရှိပါတယ်” ဟုပြော ကြားသည်။

နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ စီမံကိန်းကာလသတ်မှတ်၍ ချေးငွေများထုတ်ချေးပေးထားသည်။ စတော်ဘယ်ရီကို ရန်ကင်းကျေးရွာမှ တောင်သူ ၉၉ ဦးစိုက်ပျိုးထားသည့် စိုက်ဧက ၉၄ ဧက၊ ဖာလွိုင်ကျေးရွာမှ တောင်သူ နှစ်ဦးစိုက်ပျိုး ထားသည့် ၁ ဧက၊ တုံခမ်းကျေးရွာမှတောင်သူ နှစ်ဦးစိုက်ပျိုးထားသည့် ၁ ဒသမ ၅၀ဧက၊ ကန်တန်း ကျေးရွာမှ တောင်သူ သုံးဦး စိုက်ပျိုးထားသည့် ၂ ဒသမ ၅၀ ဧကနှင့် လွယ်အွန့်ကျေးရွာမှ တောင်သူ နှစ်ဦး စိုက်ပျိုးထားသည့် ၁ ဧက စသည့်တောင်သူ ၁၀၈ ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည့် စိုက်ဧက ၁၀၀ ပါဝင်ကြောင်း သိရသည်။ စတော်ဘယ်ရီပင်သည် တစ်ဧကလျှင် ပျိုးပင် ၁၀၀၀၀ ဝင်ဆံ့၍ ကုန်ကျ စရိတ်မှာ ကျပ်သိန်း ၁၄၀ ကျော်ရှိပြီး စတော်ဘယ်ရီ ၁ ဧက အထွက်နှုန်းမှာ စတင်ခူးဆွတ်သော ဇန်နဝါရီလမှ မေလအထိ စုစုပေါင်းပိဿာ ၂၈၀၀  ခန့်  ထွက်ရှိမည်ဖြစ်ပြီး တစ်ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်း ၆၅၀၀ ကျပ်ရရှိလျှင် တစ်ဧကလျှင် ဝင်ငွေကျပ် ၁၈၂ သိန်းခန့်ရရှိ၍ တစ်ဧက စိုက်ပျိုးမှုအတွက် အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း ၄၀ ခန့် ရရှိခံစားရမည် ဖြစ်သည်။

“ဒီနှစ်မှာ   ဈေးကောင်းလည်း   ပိုမိုရရှိသလို စိုက်ပျိုးစရိတ်လည်း ပိုကုန်ပါတယ်။ မြေသြဇာဈေးတွေ၊ လုပ်သားခတွေ အရင်နှစ်ကထက် ပိုပြီးကြီးမြင့်လာတယ်။ စတော်ဘယ်ရီသီးက အနီ၊ ပန်းရောင်နဲ့ အဖြူရောင်များတွေ့ရပြီး အသီးပုံသဏ္ဌာန်က ထုလုံးချွန်ပုံ၊ ဘဲဥပုံအမျိုးမျိုးရှိကြပြီး ဂျပန်သီးလို့ခေါ်တဲ့ အမာမျိုးကို စိုက်ပျိုးကြတာများပါတယ်။ ဂျပန်မျိုးက ကြာရှည်ခံတာကြောင့် နယ်ဝေးပို့လို့ အဆင်ပြေ တယ်။ စတော်ဘယ်ရီကို ဧပြီလ သင်္ကြန်ပြီးကာလမှာ စတင်ပျိုးထောင်ပြီးနောက် စိုက်ပျိုးရန်ပြုပြင်၍ ဇူလိုင်လမှာ စတင်စိုက်ပျိုးရပြီး ဒီဇင်ဘာလထဲဝင်လာရင် အသီးစပြီး ခူးရပါတယ်။ စတင်ခူးရတဲ့အချိန်မှာ  အထွက်နှုန်းနည်းပါတယ်။ စတော်ဘယ်ရီခူးချိန်ရောက်ရင် ၃ ဧက စိုက်ပျိုးထားတဲ့ စိုက်ခင်း သုံးရက်မှာ တစ်ကြိမ်ခူးရပြီး တစ်ကြိမ်ခူးဆွတ်လျှင် တစ်ပိဿာ သုံးဆယ်ကျပ်သားဝင်တဲ့ရေပုံး ၇၀ကျော် ခူးဆွတ် ရပါတယ်။ ယခင်နှစ်က ရေပုံးတစ်ပုံးကို ငွေကျပ် ၁၀၀၀၀ ရောင်းရပြီး ယခုနှစ်မှာတော့ စတင် ထွက်ရှိချိန်မှာ တစ်ပုံးကို ငွေကျပ်  ၁၃၀၀၀  ကနေ ၁၅၀၀၀ ထိ ရောင်းရပါတယ်။ ဇန်နဝါရီလ ၂၀ ရက် ကျော်လျှင် ပိုပေါလာမှာဖြစ်ပါတယ်” ဟု စတော်ဘယ်ရီစိုက်တောင်သူက ပြောပြသည်။

ဟိုပုံးမြို့နယ်တွင် စတော်ဘယ်ရီသီးကို ထိုင်ဝမ်အပျော့၊ ကောမတ်ခေါ် အမာသီးမျိုး၊ ဂျပန်နှင့် မြန်မာမျိုးစပ်ထားတဲ့ ဂျပန်သီး၊ ဒေသသီး၊ လိပ်ပြာသီး၊ ရုပ်ဆိုးသီးစသည်ဖြင့် စိုက်ပျိုးကြပြီး နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ  စီမံကိန်းချေးငွေဖြင့် စတော်ဘယ်ရီသီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းဖြင့်  ဒေသခံစိုက်ပျိုးရေး တောင်သူများ၏ စီးပွားရေးပိုမိုအဆင်ပြေစေမည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း တင်ပြလိုက် ရပါသည်။  ။

ပန်းခရေ(ဟိုပုံး)