ဆုပ်လည်းစူး၊ စားလည်းရူးစေသည့် အမေရိကန်တို့၏လုပ်ရပ်နှင့် ရေနံတင်သင်္ဘောရှားပါးမှုကို ဖြစ်လာစေသည့် ပင်လယ်နီဒေသအကျပ်အတည်း

 

ဆုပ်လည်းစူး၊ စားလည်းရူးစေသည့် အမေရိကန်တို့၏လုပ်ရပ်နှင့် ရေနံတင်သင်္ဘောရှားပါးမှုကို ဖြစ်လာစေသည့် ပင်လယ်နီဒေသအကျပ်အတည်း

ဟူသီသူပုန်များက ပင်လယ်နီဒေသကို ဖြတ်သန်းသွားလာနေသော အစ္စရေးပိုင်ကုန်တင်သင်္ဘောများ၊ အစ္စရေးသို့သွားမည့် သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့တိုက်ခိုက်ရာတွင် ဒုံးကျည်များကို သာမက ဒရုန်းများကိုလည်း အသုံးပြုနေသည်။  ယင်းကဲ့သို့သော တိုက်ခိုက်မှုများသာမက ထိုသင်္ဘောများကိုအနုကြမ်းစီးမှုများလည်း လုပ်ဆောင်နေသည်။

ယခုအခါ    ဟူသီသူပုန်များ၏လုပ်ဆောင်ချက်များက  ကမ္ဘာ့ကုန်တင်သင်္ဘော ကုမ္ပဏီကြီးများအပေါ် အကြီးအကျယ် ထိခိုက်မှုဖြစ်လာစေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကုန်တင်သင်္ဘောများအတွက်   အာမခံနှုန်းထားများက လွန်စွာမြင့်တက်လာသောကြောင့် ကုန်တင်သင်္ဘောကုမ္ပဏီကြီးများအနေဖြင့် အချက်အချာကျလွန်းသော ရေလမ်းကြောင်းမှ ကွေကွင်း၍ သွားလာရန်သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုများကိုရပ်ဆိုင်းရန် စဉ်းစားလာကြပြီဖြစ်သည်။

ပင်လယ်နီဒေသတွင်  ဟူသီသူပုန်များကတိုက်ခိုက်မှုများ  လုပ်ဆောင်လာပြီ ဆိုကတည်းက အမေရိကန်နှင့် ဗြိတိန်တို့က စစ်ရေးနည်းလမ်းဖြင့်   တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သည်။

သို့သော် အမေရိကန်တို့၏ နည်းလမ်းများက  မည်သို့မျှထိရောက်မှုမရှိသည်ကို ဟူသီသူပုန်များ  လုပ်ဆောင်လိုက်သော နောက်ထပ်   တိုက်ခိုက်မှုကြီးတစ်ခုက သက်သေပြနေသည်။

ပြီးခဲ့သည့်စနေနေ့က ဟူသီသူပုန်များသည်  ဧဒင်ပင်လယ်ကွေ့အတွင်းမှဖြတ်သန်းသွားလာနေသည့် ရေနံတင်သင်္ဘော တစ်စင်းကို သင်္ဘောဖျက်ဒုံးကျည်တစ်စင်းဖြင့် တိုက်ခိုက်မှု လုပ်လိုက်သည်။

အဆိုပါဒုံးကျည်သည် ရေပြင်ပေါ်သို့ သာကျရောက်ပြီး  ရေနံတင်သင်္ဘောကို မည်သည့်ထိခိုက်မှုမျှ  မဖြစ်စေကြောင်း အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်က တိုက်ခိုက်မှုဖြစ်ပြီး နောက်တစ်ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဟူသီသူပုန်တို့  တိုက်ခိုက်လိုက်သော ရေနံတင်သင်္ဘောမှာ အမေရိကန်အလံလွှင့်ထူထားပြီး အမေရိကန် ကုမ္ပဏီတစ်ခု ကပိုင်ဆိုင်သည့် Torm Thor အမည်ရှိ သင်္ဘောပင်ဖြစ်သည်။

ရေနံတင်သင်္ဘော တိုက်ခိုက်ခံရသည့်နေ့  ညနေပိုင်းတွင်လည်း အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်မှ တပ်ဖွဲ့များက ပင်လယ်နီဒေသအတွင်းရှိ အသေခံမောင်းသူမဲ့ လေယာဉ်နှစ်စင်းကို ပစ်ချလိုက်ရသည်။

ဟူသီသူပုန်များ၏ ထုတ်ပြန်ချက်တွင်မူ ၎င်းတို့အဖွဲ့သည်   ဧဒင်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန် ရေနံတင်သင်္ဘောကို ဒုံးကျည်အမြောက်အမြား   အသုံးပြု၍ တိုက်ခိုက်မှုလုပ်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အမေရိကန်နှင့် မဟာမိတ်အဖွဲ့တို့က ယီမင်နိုင်ငံအတွင်းရှိ   ဟူသီသူပုန်တို့၏တည်နေရာများကို   ပစ်ခတ်မှုများ လုပ်ဆောင်စဉ်  ယီမင်သူပုန်တို့၏ တိုက်ခိုက်မှုဖြစ်ပွားလာခြင်းလည်း ဖြစ်သည်။

အမေရိကန်နှင့်အဖွဲ့၏တိုက်ခိုက်မှုသည် ဟူသီသူပုန်များ၏စစ်ရေးပစ်မှတ် ၁၈ ခုကို ထိမှန်သွားကြောင်း   အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက   ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင်  ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုတွင်  ဟူသီတို့၏ မြေအောက်လက်နက်တိုက်များ၊ ဒုံးကျည်ဂိုဒေါင်များ၊ အသေခံမောင်းသူမဲ့ ဒရုန်းများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ရေဒါများနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကို အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နယူးဇီလန်တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

အထူးသဖြင့် ပင်လယ်နီနှင့်အနီးဝန်းကျင်ရေလမ်းကြောင်းများအတွင်း ဖြတ်သန်းသွားလာနေသည့်    ကုန်တင်သင်္ဘောများနှင့် စစ်ရေယာဉ်များကို  ဟူသီသူပုန်တို့က    ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေမှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သို့သော် အမေရိကန်နှင့် အပေါင်းအပါများ၏ တိုက်ခိုက်မှုများက      လက်ရှိဖြစ်ပွားနေသော ပင်လယ်နီဒေသ အကျပ်အတည်းများအပေါ် သက်ရောက်မှုမရှိစေသည်ကို ဟူသီသူပုန်တို့က အမေရိကန်ရေနံတင်သင်္ဘောကို    တိုက်ခိုက်မှုတွင် အထင်းသားမြင်တွေ့ရသည်။

အမေရိကန်၏တိုက်ခိုက်မှုများကြောင့် ဟူသီသူပုန်များအနေဖြင့်    ကြောက်ရွံ့တုန်လှုပ်မှုမရှိသည်ကိုလည်း နောက်ဆုံး ထုတ်ပြန်လိုက်သောထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထိုထုတ်ပြန်ချက်မှာ အစ္စရေး၊ အမေရိကန်၊ ဗြိတိန်တို့နှင့် ပတ်သက်ဆက်စပ်နေသော မည်သည့်သင်္ဘောမဆို ယီမင်နိုင်ငံအနီးရှိ  ပင်လယ်ရေလမ်းကြောင်းများမှ  ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်နှင့်   ထိုသင်္ဘောများကိုလည်း မထောက်ပံ့ပေးရန် ကုမ္ပဏီများကို သတိပေးချက်ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

ယင်းကဲ့သို့သော တစ်ဖက်နှင့်တစ်ဖက်ကြားအပြန်အလှန်တိုက်ခိုက်မှုများကြောင့် တင်းမာမှုများ ပိုမိုပြင်းထန်လာပြီး ရလဒ်အနေဖြင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှုနှင့်   ကုန်တင်ခများ အဆမတန်မြင့်တက်မှုတို့ကိုသာ ဖြစ်ပေါ်လာစေသည်ကို တွေ့ရသည်။

ပင်လယ်နီရေလမ်းကြောင်းသည် ကမ္ဘာ့ပင်လယ်ရေလမ်းကြောင်းကုန်သွယ်မှုပမာဏ၏  ၁၅  ရာခိုင်နှုန်းခန့်ရှိသော လမ်းကြောင်းဖြစ်သည်။

သို့သော် ကုန်တင်သင်္ဘောများသည် ဟူသီသူပုန်များ၏ တိုက်ခိုက်မှုမခံရစေရေးအတွက် ပင်လယ်နီကို မြေထဲပင်လယ်နှင့်ချိတ်ဆက်ထားသည့် စူးအက်တူးမြောင်းမှသွားလာမှုကို ရှောင်ရှားလာကြသည်။

အဆိုပါ   စူးအက်တူးမြောင်းမှ သွားလာမည့်အစား  အာဖရိကတိုက်အစွန်အဖျားဖြစ်သည့်    ဂွတ်ဟုပ်အငူဘက်မှ လမ်းကြောင်းပြောင်း၍    သွားလာကြရသည်။

ရှည်လျားလှသော ကုန်သွယ်ရေလမ်းကြောင်းကြောင့် အာရှနှင့်ဥရောပတို့ကြားကုန်သွယ်မှုမှာ  ကုန်ကျစရိတ် ပိုမိုများပြားလာရသည်။ တစ်ဆက်တည်းမှာပင် ဥရောပဒေသ၌ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှုက ပိုမိုပြင်းထန်လာသည်။

ယခုအချိန်တွင် နောက်ထပ်ပြဿနာတစ်ခု ထပ်မံထွက်ပေါ်လာပြီဖြစ်သည်။ ထိုပြဿနာမှာကား  ကမ္ဘာ့ရေနံကုန်သွယ် မှုအပေါ် ကြီးစွာသောသက်ရောက်မှုဖြစ်စေသည့် ရေနံတင်သင်္ဘောရှားပါးလာမှုပင် ဖြစ်သည်။

ဟူသီသူပုန်များအနေဖြင့်  ပင်လယ်နီဒေသအတွင်း တိုက်ခိုက်မှုများ စတင်လုပ်ဆောင်စဉ်က  ကုန်သေတ္တာတင် သင်္ဘောများကိုသာ အဓိကပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း အဆိုပါသင်္ဘောများက ၎င်းတို့ဖြတ်သန်း သွားလာရသည့် ရေလမ်းကြောင်းကို  ပြောင်းလဲလိုက်ရသည်။

သို့သော်   ပင်လယ်နီဒေသအတွင်း ဟူသီသူပုန်များ၏   တိုက်ခိုက်မှုများကို ချေမှုန်းနိုင်ရေးအတွက် လုပ်ဆောင်သော အမေရိကန်နှင့်    အပေါင်းအပါများ၏ လုပ်ဆောင်ချက်က   ရေနံတင်သင်္ဘောကုမ္ပဏီများ အပေါ်သို့လည်း သက်ရောက်မှုရှိလာစေပြီဖြစ်သည်။

ယခုအခါ   ရေနံတင်သင်္ဘောများကိုပိုင်ဆိုင်သောကုမ္ပဏီများက   ၎င်းတို့၏သင်္ဘောများကို ပင်လယ်နီဒေသမှ ရှောင်ရှားသွားလာရန်သို့မဟုတ် လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းရန် စဉ်းစားလာရသည်။

တစ်ချိန်တည်းမှာပင် အလွန်ကြီးမားသောရေနံတင်သင်္ဘောနှစ်စင်းက ယခုနှစ်တွင်အနားယူရတော့မည့် အချိန်တွင် အသစ်ထပ်ဝင်မည့် သင်္ဘောမရှိသလောက်နည်းပါးသည့်အတွက် ရေနံတင်သင်္ဘောရှားပါးမှုမှာလည်း  ကမ္ဘာ့စွမ်းအင်  ထောက်ပံ့မှုကွင်းဆက်အတွက်  ပြဿနာတစ်ရပ်ဖြစ်လာပြန်သည်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ရေနံတင်သင်္ဘောအုပ်သို့    အသစ်ဝင်လာသည့်သင်္ဘော ၄၂ စင်းရှိသော်လည်း ၂၀၂၅ ခုနှစ်တွင် ထိုသင်္ဘောအုပ်သို့ ဝင်ရောက်မည့်သင်္ဘောအသစ်မှာ ၅ စင်းသာရှိသည်ကို တွေ့ရသည်။

ထို့ကြောင့်လက်ရှိအခြေအနေက ရေနံတင်သင်္ဘောများအတွက် အကျပ်အတည်းဖြစ်စေသည့် ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အထူးသဖြင့်  ရေနံစိမ်းတင်သင်္ဘောများ ရှားပါးလာခြင်းဖြစ်သည်။

အနာဂတ်တွင်    ထိုအခြေအနေက ပြေလည်သွားမည့် အနေအထားမရှိဘဲ ပိုမိုဆိုးဝါးလာမည့် အနေအထားတွင် သာရှိကြောင်း   သုတေသနပညာရှင်များက ထောက်ပြထားသည်။

ယီမင်နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသတော်တော်များများကို ထိန်းချုပ်ထားသည့်ဟူသီသူပုန်များက အစ္စရေးတို့အနေဖြင့်    ဂါဇာကမ်းရိုးတန်း၌လုပ်ဆောင်နေသောစစ်ဆင်ရေးများကို  မရပ်မချင်း ပင်လယ်နီအတွင်း  တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုထားသည်။

ဟူသီသူပုန်ဆိုသည်မှာ သမားရိုးကျသောင်းကျန်းသူ အဆင့်ထက်ပိုပြီး နိုင်ငံတော်အဆင့် ထောက်ပံ့မှု ရရှိထားသည့် သူပုန်အဖွဲ့ဖြစ်သောကြောင့်   အင်အားတောင့်တင်းသော လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ အဖြစ်သို့ ရောက်ရှိလာသည်။

ထိုကဲ့သို့သောတပ်ဖွဲ့မျိုးကို အမေရိကန်တို့က စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းခြင်းသည် ယခုအခါ ဆုပ်လည်းစူး၊ စားလည်း ရူးသည့်အခြေအနေမျိုးကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်လာစေသည်။

ထို့ကြောင့် အမေရိကန်နှင့်အပေါင်းအပါများ၏တိုက်ခိုက်မှုက   ဟူသီတို့၏ စစ်ရေးစွမ်းရည်ကို ကျဆင်းသွားစေခြင်း မရှိဘဲ  ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုအန္တရာယ်များစေသည့် တိုက်ခိုက်မှုများကိုသာ တိုးမြှင့်လုပ်ဆောင် လာနိုင်နေဆဲဖြစ်သည့်အတွက်   ပင်လယ်နီဒေသအကျပ်အတည်းမှာ ရေတိုတွင် ပြေလည်သွားမည့် အခြေအနေ မရှိသေးကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။  

Ref: Sputnik