ရန်ကုန်တိုင်းစစ်ဌာနချုပ်၏  မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏  မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၇

          မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ ထွက်ရှိပြီး ပေါ်ကြွယ်ဝသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက် စုပေါင်းဆောင်ရွက်ရသည့် စည်းလုံး ညီညွတ်မှုစွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာကျင်းပ‌လေ့ရှိကြသည်။ ထို့အတူ တိုင်းစစ်ဌာနချုပ် အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ပန္နရသမအကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိကွင်းပြင်၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းများက မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက် စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အသင်းများ၏ ထမနဲထိုးယှဉ်ပြိုင်နေမှုများနှင့် အိုးစည်းဒိုးပတ်များ၊ အကများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ရရှိကြသူများနှင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၉ သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။