စေတုတ္တရာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားနေအိမ်များကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

 

စေတုတ္တရာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားနေအိမ်များကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

          မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး များဖြင့်ပစ်ခတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများမှ စေတုတ္တရာမြို့နယ် အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဒေသခံ ပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ် အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်တွင် လုံးကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များတွင် သဲအိတ်ဘန်ကာများ၊ ပစ်ကျင်းများဖြင့် ခံစစ် ဆင်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းမှ အကြမ်းဖက် သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာရာ လမ်းတလျှောက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် မီးလောင်ပျက်စီး ခဲ့ရကြောင်း သိရှိရပါသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဒေသခံ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အတွက် အကြမ်းဖက် သမားများနှင့် အကြမ်းဖက်အားပေးမီဒီယာများက ကောလာဟလသတင်းများဖြင့် သွေးထိုး လှုံ့ဆော်ပြီး နယ်မြေတည်ငြိမ်မှုပျက်ပြား စေရန်အတွက် လုပ်ကြံ ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။