ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

“ဘာလို့ အပြစ်မရှိရမှာလဲ။ မင်းဟာ တရားခံ၊ ဟင်း ဟင်း ရဲမြင့်ရဲ့ မိန်းမပါတဲ့။ ကောင်းပါ့ကွာ။ အစတုန်းက ထွန်းငြိမ်းမိန်းမ၊ ရေညိုရောက် တော့ ရဲမြင့်မိန်းမ။ ဟားဟား ခု မင်းက ဘယ်သူ့မိန်းမလဲ၊ ဒီညတော့ ငါ့မိန်းမပေါ့ ဟုတ်လား၊ ဟားဟား”

ဗိုလ်ညို၏စကားကြောင့် ဒေါ်ရင်ရင်ထားက ဗိုလ်ရဲမြင့်၏မျက်နှာကို ဖျတ်ခနဲ တစ်ချက်မော့ကြည့်လိုက်၏။ သို့သော် လရောင်ကင်းမဲ့နေပြီ ဖြစ်သော အမှောင်ထဲတွင် ဗိုလ်ရဲမြင့်၏မျက်နှာက အရေးအကြောင်းများကို ဒေါ်ရင်ရင်ထားက မမြင်သာနိုင်တော့ပေ။

“တောက်”

“ချက် ချောက်”

ဗိုလ်ရဲမြင့်၏တက်ခေါက်သံနှင့်အတူ ကာဘိုင်သေနတ်၏ မောင်းတင်လိုက်သံသည် ညဉ့်နှောင်းယံကို ဖြိုခွင်းပစ်လိုက်သည်။

သို့သော် ဤသည်တို့ကို တဲထဲကဗိုလ်ညိုနှင့် မခင်မှီတို့ကတော့ လုံး၀ ကြားလိုက်ပုံမရပေ။

“လွှတ်နော်၊ လွှတ် လွှတ်၊ ရှင် ရှင် အင်း ဟင်း”

ဗိုလ်ရဲမြင့်သည် ဒေါ်ရင်ရင်ထား၏ နားနားသို့ကပ်၍ တစ်စုံတစ်ခုကို အလျင်စလိုပြောလိုက်၏။

“ဒီမှာရှင့် ဗိုလ်ညို၊ ရှင့်ကို ဗိုလ်စံလှဘော်က ခုချက်ချင်းလာခဲ့ပါတဲ့။                     

  ဗိုလ်စံလှဘော်ဆီကို ဗိုလ်ရဲမြင့်လည်း ခုနလေးတင်ပဲ ရောက်လာတယ်”

“ဟင် ရဲမြင့် ရောက်နေတယ်၊ တောက်...ကောင်းကြရောပေါ့ကွာ”

ဗိုလ်ညိုသည် အံကြိတ်တက်ခေါက်၍ တဲဝက ထွက်လာ၏။

မခင်မှီ၏ရှိုက်သံသည် ညဉ့်ယံကို ရုန်းထွက်လျက်ရှိသည်။

“ဒက် ဒက် ဒက် ဒက်”

“ဟင် ဗိုလ်ရဲမြင့်၊ ရှင် ရှင် ဘယ်လိုလုပ်လိုက်တာလဲ”

“ဒက် ဒက် ဒက် ဒက်”

“ဒက် ဒက် ဒက် ဒက်”

“ပစ်...”

“တက်...”

သူ့ညီ  ဗိုလ်ထွန်းလင်း၏ အချက်ပေးပစ်ခတ်လိုက်မည့်  ကာဘိုင်သေနတ်သံကိုသာ တစ်ချိန်လုံး နားစွင့်နေခဲ့သော တပ်ကြပ်ထွန်းငြိမ်းသည် ကာဘိုင်သေနတ်သံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ရဲဘော်များကိုပစ်ရန်၊ တက်ရန် အော်ဟစ်အမိန့်ပေးလိုက်သည်။

သူ၏အမိန့်ပေးလိုက်သံနှင့်အတူ တပ်ကြပ်အောင်ဒင်၊ တပ်ကြပ်တင့်ခိုင်တို့၏ အသံနှင့် သေနတ်သံများသည်လည်း ချက်ချင်း မိုးယံဘဝဂ်ပျံ့နှံ့ ၍ ဆူပွက်သွားလေပြီ။

အမှန်က တပ်ကြပ်ထွန်းငြိမ်းတို့ ကြားလိုက်ရသော ကာဘိုင်သေနတ် ပစ်လိုက်သံမှာ ဗိုလ်ထွန်းလင်း၏ အချက်ပေး ပစ်ခတ်လိုက်သံမဟုတ်ပေ။ ဗိုလ်ရဲမြင့်က ဗိုလ်ညိုကို ဒေါသအလျောက် ပစ်ခတ်လိုက်သော သေနတ်သံသာဖြစ်လေသည်။

ထိုအချိန်တွင် ဗိုလ်ထွန်းလင်းနှင့် တပ်ကြပ်ကြီးထွန်းရွှေတို့မှာ ကြောင်နေကြသည်။ ကာဘိုင်သေနတ်သံသည် မည်သူကပစ်၍ အချက်ပေး လိုက်သံမှန်းပင် မသိလိုက်ပေ။

သို့သော် ဘယ်တောင်ပံ၊ ညာတောင်ပံတို့တွင်ရှိနေကြသော သူ၏ ရဲဘော်များကို တား၍ဆီး၍မရတော့။ သေနတ်သံများသည် သောသော ညံနေသည်။ သူ့တပ်ကြပ်တို့၏ တက်၊ ပစ် ဟူသောအသံတို့မှာ တစ်တောလုံး တစ်တောင်လုံး ရန်သူ့စခန်းတစ်ခုလုံးကို ဖုံးလွှမ်းပါလေပြီ။

“ပစ်...”

“တက်...”

“တက်...”

အခြေအနေကို ထိန်းချုပ်၍ မရတော့မှန်း သိသည်နှင့်တစ်ပြိုင်နက် ဗိုလ်ထွန်းလင်းနှင့် တပ်ကြပ်ကြီးထွန်းရွှေတို့၏ အသံနက်ကြီးများကလည်း ကြောက်မက်ဖွယ်ရာ ပေါ်ထွက်လာလေသည်။

“ဒိုင်း ဒိုင်း...”

“ဒုန်း ဒုန်း ဒုန်း...”

“ဝုန်း...”

“ဝုန်း...”

ကိုက်တစ်ရာအတွင်း ပေါက်ကွဲလိုက်သော မော်တာသံသည် သေနတ် သံအားလုံးကို လွှမ်းဖုံးသွား၏။

မော်တာပေါက်ကွဲသံကြောင့် ဗိုလ်၊ အကြပ်၊ တပ်သားနှင့် ရဲဘော်များ၏ စိတ်မှာ တက်ကြွလျက်ရှိလေသည်။

သို့သော် ရန်သူ၏အခြေအနေမှာ သူတို့တွေးထင်ထားခဲ့သည်ထက် သုံးလေးဆ များနေသောအခါ တပ်ကြပ်ထွန်းငြိမ်းမှာ ချွေးပြန်လျက်ရှိလေသည်။

အလစ်ဝင်တိုက်ခံရသော ရန်သူများသည် မိနစ်ပိုင်းအတွင်း ကစဉ့်ကလျားနှင့် ဆုတ်ပြေးကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါ အခြေအနေမှာ ခန့်မှန်းမရဖြစ်နေလေသည်။

ရန်သူဆုတ်လမ်းအဖြစ် ထင်မှတ်ခဲ့သောနေရာ၌ပင် ရန်သူက လေး ငါးဆရှိနေလေသည်။                       

ဆက်လက်ဖော်ပြပါမည်။