သွေးစည်းညီညွတ်ဖို့ စစ်မှုထမ်းကြပါစို့

 

သွေးစည်းညီညွတ်ဖို့ စစ်မှုထမ်းကြပါစို့

 

    ကျွန်မတို့ ငယ်စဉ်ကလေးဘဝက လူကြီးမိဘများ မကြာခဏ သတိပေးတတ်ကြတဲ့စကားတွေကို မှတ်မှတ်ရရ ပြန်လည်ကြားယောင်နေမိပါတယ်။ နံနက်မိုးလင်းလာရင် လေဝင်လေထွက်ကောင်းပြီး လိုအပ်တဲ့နေရောင်ခြည် မျှမျှတတရဖို့နဲ့ အိမ်ကျက်သရေရှိဖို့အတွက် အိမ်ရှေ့မျက်နှာစာ တံခါးနဲ့ ပြတင်းတံခါးတွေကို စနစ်တကျဖွင့်ဖို့ သတိပေးကြသလို မှောင်စပျိုးချိန် ရောက်လာပြီဆိုရင်လည်း လူဝင်လူထွက် တံခါးတွေနဲ့ ပြတင်းတံခါးတွေကို သေသေချာချာ   အထက်အောက်ဂျက်ထိုးပြီး  လုံခြုံအောင်ပိတ်ဖို့ သတိပေးကြပါတယ်။

တကယ်တော့ ဒီအလုပ်တွေကို သူတို့ကိုယ်တိုင် မလုပ်ချင်လို့ ကျွန်မတို့ကိုလုပ်ဖို့ခိုင်းစေခဲ့တာ မဟုတ်ပါဘူး။ ဒီအလုပ်တွေဟာ ကျွန်မတို့ငယ်စဉ်ဘဝမှာ သူတို့ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့ရတဲ့ အလုပ်တွေပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်သူတို့တွေ မရှိခဲ့ကြတော့ရင် ဘိုးဘေးဘီဘင် အဆက်ဆက်က ရှာဖွေစုဆောင်းခဲ့တဲ့ ပစ္စည်းဥစ္စာနဲ့  တည်ထောင်ခဲ့တဲ့ အဆောက်အအုံတွေကို  ရန်သူမျိုးငါးပါး လုယက်ဖျက်ဆီးမှုရန်က ကာကွယ်တားဆီးနိုင်ဖို့ အိမ်အဝင်အထွက်တံခါးတွေ၊ ပြတင်းပေါက် တံခါးရွက်တွေသာမက ခွေးတိုးပေါက်ပါမကျန်အောင် အချိန်အခါနဲ့အမျှ သတိထားပြီး ပိတ်ကြဖို့၊  ကာဆီးကြဖို့၊  အချိန်အခါမဲ့ မဖွင့်ကြဖို့ သတိပေးခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက် လာခဲ့ရပါတယ်။

 မြန်မာ့ရုပ်မြင်သံကြား ပြည်တွင်းသတင်း အစီအစဉ်မှာ နိုင်ငံတော်က ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်တဲ့ သတင်းပါပါတယ်။ ထုတ်ပြန်လိုက်တဲ့ သတင်းအပြီးမှာပဲ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သရော်စာလိုလို တစ်မျိုး၊  မထီမဲ့မြင်ရေးတဲ့စာမျိုးက တစ်သွယ်၊ ကပြက်ကချော်ဆန်တဲ့ စာတွေ ရေးတင်တဲ့လူကတင်၊ ကောလာဟလတွေ တင်တဲ့သူကတင်၊ လုပ်ကြံဖန်တီးမှုတွေ ရေးသူကရေး၊ ဒီကြားထဲ စိုးရိမ်နေကြတဲ့သူတွေကလည်း ရှိကြပြန်သေးတယ်။ ထိုညက လူမှုကွန်ရက်စာမျက်နှာ တစ်ခုလုံး ဒီသတင်းပဲဖြစ်နေပါတော့တယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် နိုင်ငံတော်ပိုင်နေ့စဉ် သတင်းစာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် အမိန့်ကြော်ငြာစာကို ကျွန်မဖတ်ရတယ်။ ယင်းတွင် စတင်အာဏာ သက်ဝင်လာပြီဖြစ်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မ  ၁၊ ပုဒ်မခွဲ(ခ)အရ ယခုကဲ့သို့ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ နိဒါန်းပိုင်းတွင်  “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး အလို့ငှာ စစ်ပညာသင်ကြားနိုင်ရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်း ဖြစ်ကြောင်း” ဖော်ပြပါရှိပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပရမ်းပတာဖြစ်သွားကြသော လူအချို့ကို ၁၃.၇.၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့်    ပြည်သူ့အစည်းအဝေးကြီး၌ လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပြောကြားခဲ့သည့် မိန့်ခွန်းမှစကားအချို့နှင့်  ကောက်နုတ်ဖော်ပြ၍ သတိပေးချင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက “ကျုပ်တို့တိုင်းပြည်အစိုးရ လုပ်တဲ့လူတွေက တိုင်းပြည်ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းနေတယ်ဆိုလို့ရှိရင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့လူမှန်သမျှ၊ ကျန်းမာတဲ့လူမှန်သမျှ စစ်မှုမထမ်းမနေရ ဆိုပြီးတော့ အတင်းဥပဒေနဲ့ စစ်ထဲကို ထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန်လုပ်ရလိမ့်မယ်။ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်။ ဝင်ပြီးတဲ့နောက် စစ်ဖြစ်တဲ့အခါမှာ ဝင်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့တိုက်ချင်တိုက်ချင်၊ မတိုက်ချင်မတိုက်ချင် ဝင်တိုက်ရမှာပဲ။ အဲဒါကလည်း တာဝန်ပဲ။ ဒါဟာ လွတ်လပ်ရေးရတဲ့အခါမှာ ဖြစ်ရမယ့် တာဝန်မျိုးပဲ”လို့ မိန့်ကြားခဲ့တာဖြစ်ပါတယ်ရှင်။ တန်ဖိုးထား လေးစားထိုက်တဲ့အလွန်နက်နဲပြီး အဓိပ္ပာယ်ရှိလွန်းတဲ့ စကားဖြစ်ပါတယ်။

 ကျွန်မတို့နိုင်ငံရဲ့ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းစွာ နေထိုင်သွားလာ လှုပ်ရှားနိုင်စေဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေ ရှိပါတယ်။   မြို့ရွာများမှာ လိုအပ်တဲ့စစ်ဆေးမှုများ ဆောင်ရွက်နေကြတာကို ကျွန်မတို့ရဲ့ မိဘပြည်သူများအနေနဲ့လည်း နေ့စဉ်လိုလို ကြားသိမြင်သိ ရှိနေကြမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာ   ကပ်ပါလာတဲ့ ကောလာဟလတစ်ခုက   လုံခြုံရေးတပ်ဖွဲ့ဝင်တွေက    မြို့ရွာတွေမှာ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ရပ်ရွာအေးချမ်းသာယာရေးကို  ထိတ်လန့်တုန်လှုပ်ချောက်ချားစေဖို့ ရည်ရွယ်ချက်ထားတဲ့ လုပ်ကြံဖန်တီးမှုလုပ်ရပ်ဆိုတာ သိသာထင်ရှားပါတယ်။ တချို့ပြည်ဖျက်မီဒီယာ တွေကလည်း ပြည်သူတွေပြည်ပ ထွက်ခွာခွင့်ကို တားဆီးပိတ်ပင်နေတယ်ဆိုတဲ့ သတင်းကို ပြည်သူတွေကြားမှာ     လှုံ့ဆော်နေကြတာတွေ့ ရမှာဖြစ်ပါတယ်။   ယုံတဲ့လူတွေလည်း ယုံနေကြတယ်။   ယုံတဲ့လူတွေကလည်း ယုံတော့   လိမ်တဲ့လူတွေကလည်း  အားတက်သရောရှိကြတဲ့ အဖြစ်မျိုးတွေကို  ကြားသိနေရပြန်ပါတယ်။

ပြည်ပထွက်ခွာခွင့်နဲ့ ပတ်သက်ပြီး    ကျွန်မချစ်ရတဲ့ပြည်သူများ နားလည်အောင် ကျွန်မရှင်းပြပေးချင်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ ကန့်သတ်ချက်များ ထုတ်ပြန်တာမရှိပါဘူး။ စိစစ်တားဆီးတာမျိုး မရှိပါဘူး။ လေဆိပ်တွေ၊ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းကို ယခုလိုအချိန်ကာလမျိုးမှာ ယခင်ကာလများကထက် ပိုမိုပြီးစနစ်တကျရှိရှိ ဝင်ဖို့ထွက်ဖို့ ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်ရှင်။

ဒါ့ကြောင့်ပြည်ပထွက်ခွာခွင့်နဲ့ ပတ်သက်ပြီး သီးခြားထုတ်ပြန် ကန့်သတ်တာမျိုး မရှိပါဘူး ဆိုတဲ့အကြောင်းလည်း ပြောပြချင်ပါတယ်ရှင်။ ကျွန်မကိုယ်တိုင်လည်း နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်မနဲ့ နီးစပ်ဆက်နွှယ်သမျှ ကလေးလူကြီး ပြည်သူတစ်ရပ်လုံးကိုလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့မေးမြန်းလာရင် ရှင်းလင်းဖြေကြားပေးနိုင်အောင် ယခင်ကာလနဲ့ ယခုကာလအခြေအနေ အရပ်ရပ်နဲ့ နိုင်ငံတော်ရဲ့ သမိုင်းအစစ်အမှန်ကို ထောက်ပြနိုင်တဲ့ အချက်အလက်တွေကို လေ့လာဖတ်ရှုပြီးမှ ရေးသား မျှဝေခြင်းဖြစ်ပါတယ်။

ကျွန်မတို့ ဝန်ထမ်းဘဝမှာဆိုရင်လည်း     ဘေးပယောဂနဲ့ စိတ်ကို အရောင်ဆိုးပေးနေကြတဲ့   ပတ်ဝန်းကျင်မျိုးတွေ ရှိတတ်ပြန်ပါတယ်။

လာရာတူပေမယ့်လားရာ မတူကြတဲ့သူတွေလို့ပဲ ကျွန်မ ယဉ်ယဉ်ကျေးကျေး သုံးပါ့မယ်။ ကျွန်မရဲ့မိဘများက ပြောဖူးခဲ့တဲ့စကားရှိတယ်။ မြေခွေးဆိုတာ သူကအမြီးပြတ်ပြီဆိုရင် သူများကိုလည်းအမြီးပြတ်အောင်လို့ လိုက်ဖြတ်တတ်ပါသတဲ့။ အဲ့လို မြေခွေးအမြီးပြတ်နဲ့ တူတဲ့လူတွေရှိပါတယ်။ ရိုးသားကြိုးစားနေတဲ့ ကျွန်မတို့ဝန်ထမ်းတွေရဲ့ စိတ်တွေ၊ နှလုံးသားတွေကို မီးခိုးမှိုင်းတိုက်နေကြတဲ့သူတွေ ရှိတဲ့အကြောင်း ကျွန်မသိလိုက်ရတယ်။  နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာရှိတဲ့ဝန်ထမ်းကောင်းတွေကို  ကျွန်မ အဆုံးရှုံးမခံနိုင်လို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ သဘောထား အမှန်ကို အခုလိုပဲ အသိပညာဗဟုသုတ ဝေမျှဖြစ်ခဲ့ပါတယ်။

မည်သည့်အလုပ်ပင်ဖြစ်စေ  ရည်ရွယ်ချက်၊   ဦးတည်ချက်နှင့် ပန်းတိုင်ဟူ၍ချမှတ်ကာ ဆောင်ရွက်ပါမှ အောင်မြင်နိုင်မည်ဆိုသည့် စကားကို လူငယ်တိုင်းလက်ခံမည်ဟု ယုံကြည်ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင်လည်း ရည်မှန်းချက်ရှိပါတယ်။ ထိုရည်မှန်းချက်မှာ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသူများဖြစ်ပေရာ ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်ရန် ဟူ၍ပင်ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေလည်း များစွာထားရှိပါတယ်။ သတ်မှတ်ထားတဲ့ အသက်အရွယ်အတွင်းမှာ  ဥပဒေနဲ့ ကိုက်ညီသူတွေထဲကမှ ပညာသင်ကြားနေဆဲသူ၊   မိအိုဖအိုပြုစုလုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊    ကျန်းမာရေးကြောင့် ဆေးကုသမှု ခံယူနေရသူများကို ယာယီရွှေ့ဆိုင်း ပေးထားမှာဖြစ်ပါတယ်။

စစ်မှုထမ်းရန် ဝင်ရောက်လာသူများအတွက်ကိုလည်း အကျိုးခံစားခွင့်များ ရရှိစေမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဖို့ မသင့်လျော်သူတို့ကိုလည်း အကြောင်းမဲ့သက်သက် ခေါ်ယူမှာမဟုတ်သလို ယခုကာလတွင်လည်း အမျိုးသမီးများကို  ပြည်သူ့စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်ရှင်။

စစ်မှုထမ်းရမည့် အသက်အရွယ်နဲ့ ပတ်သက်ပြီး အမျိုးသားအသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီးအသက် ၁၈ နှစ်မှ ၂၇ နှစ်၊ ကျွမ်းကျင်သူ အမျိုးသားအသက် ၁၈ နှစ်မှ ၄၅ နှစ်၊ ကျွမ်းကျင်သူအမျိုးသမီးအသက် ၁၈ နှစ်မှ ၃၅ နှစ် လို့သတ်မှတ်ထားတာဖြစ်ပါတယ်။ ကျွမ်းကျင်သူဟုဆိုရာတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့်  အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုလိုပါတယ်။

တာဝန်ထမ်းဆောင်ရန်ကာလမှာလည်း စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသောနိုင်ငံသားတိုင်း ၂၄ လ၊ နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများ ၃၆ လ၊ ကျွမ်းကျင်သူများ ၃၆ လ၊ နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင်      အစိုးရအဖွဲ့သည်  ပြည်သူ့စစ်မှုထမ်းကာလကို  ငါးနှစ်အထိ   တိုးမြှင့်သတ်မှတ်နိုင်သည်ဟု  ပါရှိပါတယ်။

ဥပဒေပါအဓိပ္ပာယ် ဖော်ပြချက်တွင် မိသားစုဟု ဆိုရာ၌ မိဘ၊ ခင်ပွန်း သို့မဟုတ် ဇနီး၊ သားသမီး၊   ညီအစ်ကိုမောင်နှမပါရှိခြင်း။ ရဟန်း၊ သာမဏေ၊သီလရှင်ဟု ဆိုရာတွင် သာသနာဝင်/နွယ်ဝင်လက်မှတ် ကိုင်ဆောင်သူဖြစ်ခြင်း။ ခရစ်ယာန် အသင်းတော်ကြီးများက အသိအမှတ်ပြု သိက္ခာပေးထားသည့် ပုဂ္ဂိုလ်၊ စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီး၊ ပညာသင်ကြားသူတွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများ(အစိုးရဖွင့်လှစ်မှု/အစိုးရ အသိအမှတ်ပြုမှု)ဟူ၍ ဖြစ်ပါတယ်။

   ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပေါ်တွင် နားလည်သဘောပေါက်ရမည့်အချက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ပါ။ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်မည်ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် အကျုံးဝင်သူများကို အတင်းအဓမ္မခေါ်ယူ တာဝန်ထမ်းဆောင်စေမည် မဟုတ်ဘဲ ပညာသင်ကြားနေသူများ၊    နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအိုလုပ်ကျွေးနေရသူများ၊ ဆေးကုသမှု ခံယူနေရသူများကို   ယာယီရွှေ့ဆိုင်းပေးထားမှာဖြစ်ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရတည်ရှိမြဲမြံစေရန်အတွက် ကျွန်မတို့စောင့်ထိန်းရမည့်   အမျိုးသားရေး တာဝန်ပင်ဖြစ်ပါတယ်။ ပြည်သူလူထု၏ဆန္ဒဖြစ်သော စစ်မှန်စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်  ပြန်လည်လျှောက်လှမ်းနိုင်ရန်    ဦးစွာလိုအပ်ချက်မှာ    နိုင်ငံအတွင်း   တည်ငြိမ်အေးချမ်းမှု ရရှိရေးဖြစ်ပါတယ်။

နိုင်ငံကြီးတစ်ခုလုံးကို မဆိုထားနှင့် ကျွန်မတို့ မိသားစုတစ်စု၊ အိမ်ထောင်စုတစ်ခု မပြိုကွဲရေး၊ တည်တံ့ခိုင်မြဲရေး အဖျက်အမှောင့်သမားများ ရန်မှ ကာကွယ်ရန်အတွက် တာဝန်အရှိဆုံးသူများမှာ မိသားစုဝင် အရင်းများသာဖြစ်ပေရာ  အဖျက်အမှောင့်တို့  ဝင်ရောက်လာနိုင်သည့် လမ်းအသွယ်သွယ်ကို ပိတ်ပင်တားဆီးရန်နှင့် ဝင်ပေါက်တွေကို စနစ်တကျစောင့်ကြပ်ရန် တာဝန်တို့သည် အမိနိုင်ငံတော်၏ သားကောင်း ရတနာတိုင်းတွင်  အဓိက တာဝန်ရှိပါတယ်။

ဘိုးဘေးဘီဘင်တို့၏  ဆုံးမစကားများကား အဖိုးတန်ပေစွ။ သွေးစည်းကြဖို့၊ ညီညွတ်ကြဖို့ အကောင်းဆုံး အချိန်အခါလည်း  ဖြစ်သလို တံခါးတွေလုံအောင် ပိတ်သလိုမျိုး အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်   စတင်နေပြီဖြစ်လေရာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့်  အမျိုးသားစစ်မှုထမ်း စနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးထောက်ပံ့ ကူညီပံ့ပိုးကြရန် တိုက်တွန်းလိုက်ရပါတယ်။    ။

ခင်လေး(ပြည်ထောင်စုနယ်မြေ)