ပြင်ဦးလွင်မြို့နယ်၊ ပြင်စာစံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပြင်ဦးလွင်မြို့နယ်၊ ပြင်စာစံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာစံပြကျေးရွာ၊ ပြင်စာမစိုးရိမ် တိုက်သစ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ပဋိပတ္တိပါလ ကျောင်းဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၅၂၈ ပါးနှင့် ဒေသခံ ပြည်သူ ၂၀ ဦးတို့ကို လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်‌ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် တိုင်းမှူးနှင့် တာဝန်ရှိသူများက စိတ္တပါလဗုဒ္ဓဝိပဿနာဗိမာန်တော်သို့ သွားရောက်၍ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဌာဘိဝံသနှင့် ပြင်စာမစိုးရိမ်တိုက်သစ်ဆရာ တော် ဘဒ္ဒန္တခေမိန္ဒတို့အား ဖူးမြော်ကြည်ညိုပြီး သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။