ဝမ်းရေးထက်ပင်ခက်ပါသည်

 

ဝမ်းရေးထက်ပင်ခက်ပါသည်

 

ယမန်နေ့မှအဆက်

“ဒိုင်း...”

“ဒိုင်း...”

“ဒက် ဒက် ဒက် ဒက်...”

“ဝုန်း...”

“ဝုန်း...”

မော်တာပေါက်သံက ပေါ်လာပြန်သည်။

လင်းရောင်ခြည်တိုက်ပွဲ၏ အလင်းရောင်သည် အရှေ့လောကဓာတ်ဆီမှ ပျို့အန်၍ လာချေပြီ။ ရန်သူ ၏စခန်းမှာ တောင်ကုန်းဖြစ်သဖြင့် နေ၏အလင်းရောင်သည် ဤနေရာသို့ ဦးစွာရောက်လာလေသည်။

နောက်ဆုံး ပေါ်ထွက်လာသော မော်တာပေါက်ကွဲသံနှင့်အတူ ရန်သူများအတုံးအရုံး ကျဆုံးကာ ကစဉ့်ကလျား ဆုတ်ပြေးနေကြသည်ကို တပ်ကြပ်ထွန်းငြိမ်းက ထင်ထင်ရှားရှား မြင်နေရပါလေပြီ။

“တက်...”

“တက်...”

“ကျား...”

“ကျား...”

သွေးရူးသွေးတန်းနှင့် ဆုတ်ပြေးလာသော ရန်သူတစ်ယောက်က သူ့ကိုဝင်တိုက်မိသောအခါ တပ်ကြပ် ထွန်းငြိမ်းမှာ ရန်သူအား ဘက်နက်နှင့် ကျားထိုးသတ် လိုက်ရသည်။

“ကျား...”

“ကျား...”

ပစ်သံခတ်သံများကျဲသွားသောအခါ ကျားထိုးသံ များကို ဟိုမှသည်မှ ကြားလာရသည်။

“ဟင် သ သမီး၊ သ သမီးလေး”

တပ်ကြပ်ထွန်းငြိမ်းသည် တဲ၀ သွေးအိုင်ထဲတွင် မှောက်လျက်လဲကျ ညည်းညူနေသော အမျိုးသမီး တစ်ယောက်ကို တက်နင်းမိမလိုဖြစ်သွားသဖြင့် ခြေ  ဆုတ်၍ ထိုင်ချလိုက်သည်။

“သ သမီးလေး၊ သမီးလေး”

အမျိုးသမီး၏အသံမှာ ပီပီသသမဟုတ်သော်လည်း တစ်စုံတစ်ယောက်အား တမ်းတခေါ်ညည်းနေမှန်း တော့သိလိုက်သည်။ အလင်းရောင်ကြောင့် အမျိုးသမီး ၏ကိုယ်ခန္ဓာကိုလည်း ထင်ထင်ရှားရှား မြင်နေရပြီဖြစ်လေသည်။

မှောက်လျက်လဲကာ ညည်းညူနေသော အမျိုးသမီးအား တပ်ကြပ်ထွန်းငြိမ်းသည် ပွေ့ထူငုံ့ကြည့်လိုက် သည်။

“ဟင်..”

တစ်ကိုယ်လုံးတွင် ဒဏ်ရာဗရပွနှင့် သွေးအလိမ်း လိမ်းပေကျံနေသော မခင်မှီ၏ မျက်နှာကို ရုတ်တရက် မြင်လိုက်ရသောအခါ တပ်ကြပ်ထွန်းငြိမ်းမှာ ကြီးစွာ တုန်လှုပ်ချောက်ချားသွားလေသည်။

သေပြီဆိုသော မခင်မှီကို ယခု မမျှော်လင့်ဘဲ ရန်သူ့ဆီတွင် တွေ့နေရပါလေပြီ။

“ ခင် ခင်မှီ၊ ခင်မှီ ဒီကို ဘယ်လို ဘယ်လိုရောက် နေရတာလဲ ခင်မှီရယ်”

တပ်ကြပ်ထွန်းငြိမ်းသည်   ဆို့နင့်ကြေကွဲသော အသံနက်ကြီးနှင့် အော်ဟစ်လိုက်ပြီး မခင်မှီကို တင်း တင်းကျပ်ကျပ်ဖက်ထားမိသည်။

“ဟင် ဘယ်သူလဲ ဟင်၊ အ အစ်ကို ရဲမြင့်လား၊ သ သမီးလေးရော အစ်ကိုရယ်”

“တောက် မ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ရဲမြင့် မဟုတ် ဘူး ခင်မှီ၊ ရဲမြင့် မဟုတ်ဘူး၊ အစ်ကိုလေ အစ်ကို အစ်ကိုပါ”

“သ သမီးလေးရောဟင်၊ အစ်ကို့ သမီးလေးရော”

မခင်မှီသည် ရမိရရာကို ယောင်ယမ်းလှမ်းဆွဲရာမှ တပ်ကြပ်ထွန်းငြိမ်း၏ အင်္ကျီစကို ဆွဲမိသွားရာ အားကိုး တကြီးနှင့် တအားဆွဲဆုပ်ထား၏။

တပ်ကြပ်ထွန်းငြိမ်းသည်   မခင်မှီ၏ အမေးကို ရုတ်တရက်မဖြေနိုင်ဘဲ ရင်ထဲဆို့နင့်နေ၏။ ပတ်ဝန်း ကျင် ဘယ်ညာကို လှမ်းကြည့်ရှာသော်လည်း သူ့သမီး လေးကိုကား မတွေ့ရှာ။

“ဟင် အစ်ကို ကိုရဲမြင့်၊ သမီးလေးရော ကျွန်မ သမီးလေး”

မခင်မှီ၏မျက်လုံးအစုံသည် ကြောက်စရာကောင်းလောက်အောင် ပြူးကျယ်လာသည်။ တပ်ကြပ်ထွန်းငြိမ်း ၏ မျက်နှာကို မျက်လုံးပေါက်ထွက်မတတ် စိုက်ကြည့်ကာ တုန်လှုပ်ချောက်ချားနေသည်။ သူ၏အသိအမြင် အာရုံတွေမှာ တစ်ချိန်က သူအသက်မက ချစ်ခဲ့ရသော ကိုထွန်းငြိမ်းကိုပင် မမှတ်မိရှာတော့ပါချေ။

“ခင်...ခင်မှီ၊ ရဲမြင့်မဟုတ်ဘူး၊ အစ်ကိုပါ၊ ကိုထွန်းငြိမ်းလေ ခင်မှီ၊ ကိုငြိမ်းပါ ခင်မှီရယ်”

ရင်ဆို့နေသူ၏စကားက ယခုမှ ပီပီသသထွက်လာ နိုင်၏။

“ဟင် ကို..ကိုငြိမ်း၊ လွှတ်... လွှတ်၊ အစ်ကို ငြိမ်းကို သတ်ကြတာ၊ ရှင်...ရှင်တို့။ ဦးလေးကို သတ်တာလည်း ရှင်တို့ပဲ၊ အ...အမေ့ကိုသတ်တာ။ ခု ခု သမီး...သမီးလေးရောဟင်၊ ကျွန်မသမီးလေး ရော။ ကျွန်မ သမီးလေးကို ရှင်...ရှင်တို့၊ သတ်... သတ်ကြပြီ။ ဟီး...အင်း...”

“အို ခင် ခင်မှီ၊ ခင်မှီ ခင်မှီရယ်”

တပ်ကြပ်ထွန်းငြိမ်းက သူ့အမည်ကို ထုတ်ဖော်ပြော ပြလိုက်သောအခါ  မခင်မှီ၏အာရုံတွင်  ယခင်က ကိုထွန်းငြိမ်းသည် ပြန်လည်ထင်ဟပ်လာပုံမရတော့။ ထို့ကြောင့်လည်း မခင်မှီသည် ဦးဘကျော် သေသော  သို့မဟုတ်   ကိုထွန်းငြိမ်းနှင့် ပတ်သက်ခဲ့သောညကို သတိရလျက်ရှိသည်။ သို့သော် ထိုသတိက ပြန်လည် ပေါ်မလာ။ စောစောပိုင်းက သူ့အား ဗလက္ကာရပြုကျင့်ကာ    စစ်မေးနေသော   ဗိုလ်ညို၏မျက်နှာကိုသာ အထိတ်တလန့် မြင်ယောင်မိကာ တပ်ကြပ်ထွန်းငြိမ်း ၏ လက်ပေါ်မှာပင် အသက်ပျောက်သွားရှာသည်။

“အ အဖြစ်ဆိုးလိုက်တာ ခင်မှီရယ်၊ မင်း... မင်း အဖြစ်ဆိုးလှချည်လားဟင်။ ခု သမီးလေးရောဟင်။ အစ်ကိုငြိမ်း သမီးလေးရော၊ အစ်ကိုငြိမ်း သမီးလေး ရော...”

တပ်ကြပ်ထွန်းငြိမ်းသည် ဘာကိုမှ သတိမရတော့ဘဲ မခင်မှီ၏ အလောင်းကို အကြမ်းပတမ်းပွေ့ရင်း ကိုင်လှုပ်ကာ အရူးတစ်ယောက်လို အော်ငိုပစ်လိုက်လေသည်။            

 ဆက်လက်ဖော်ပြပါမည်။