မြို့နယ်များ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပ

 

မြို့နယ်များ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပ

 

တောင်တွင်းကြီး

    မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍  အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၈ရက် နံနက်ပိုင်းတွင်  ရွာတော်(တောင်၊မြောက်) ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့် ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့် သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့် ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့် ပြစ်ဒဏ်များနှင့်ပြည်သူ့စစ်မှုထမ်း တို့၏ ခံစားခွင့်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့်  မိမိတို့ဌာန/ရပ်ကွက်/ကျေးရွာများတွင် ယခုရှင်းလင်းပွဲမှ ဖြန့်ဝေလိုက်သည့် လက်ကမ်းစာစောင်ပါ အချက်အလက်များအတိုင်း တစ်ဆင့်ပြန်လည်မျှေ၀  အသိပေးကြစေလိုကြောင်းကိုဆွေးနွေးပြောကြားကြောင်း သိရသည်။

ညောင်ဦး

    မန္တလေးတိုင်းဒေသကြီး   ညောင်ဦးမြို့နယ်ရှိ   ရပ်ကွက်/ကျေးရွာများ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ သိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင်စတင်ကာ    ကျေးရွာ/ရပ်ကွက်များသို့ သွားရောက်ကာ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရမည့် ကာလနှင့် ကင်းလွတ်ခွင့်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအား ကုန်းတန်းကြီးကျေးရွာအုပ်စု ဖျောက်ဆိပ်ပင်ကျေးရွာမှ ပြည်သူများအား လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကုန်းတန်းကြီးကျေးရွာမှ ပြည်သူများအား လည်းကောင်း အသိပညာပေး ဆွေးနွေးသည်။

ထို့နောက်  ဆွေးနွေးပွဲတက်ရောက် လာသူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို  အခမဲ့ဖြန့်ဝေ ပေးကြောင်း သိရသည်။   

သရက်

    မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပေခုံကျေးရွာ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ  ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ၂၈ ရက် နံနက်ပိုင်းတွင် ပေခုံကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင်   ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲမှူးစန်းဦးက ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်၊ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ  ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက်  ဒုတိယမြို့နယ်ဥပဒေ အရာရှိ  ဦးဝေယံထွန်းက စစ်မှုထမ်းရမည့်  အသက်အရွယ်နှင့် ပတ်သက်၍ လည်းကောင်း၊ စစ်မှုထမ်းရမည့် ကာလနှင့် ပတ်သက်၍ လည်းကောင်း ပြောကြားပြီး နိုင်ငံတော်၌ အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ငါးနှစ်အထိတိုးမြှင့် သတ်မှတ်နိုင်ကြောင်းကိုပါ ထပ်မံရှင်းလင်း ဆွေးနွေးသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲသို့  ပေခုံကျေးရွာမှပြည်သူ ၁၅၀ ခန့် တက်ရောက်ကြောင်း သိရသည်။ 

ညောင်လေးပင်

    ညောင်လေးပင်မြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင်  လူစည်ကားရာ နေရာများ၌ ဖြန့်ဝေသည်။

အဆိုပါ    သတင်းစကားလက်ကမ်း စာစောင်များကို    မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊   မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊  မြို့မရဲစခန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ စခန်းတို့မှ  တာဝန်ရှိသူများလိုက်ပါလျက် လူစည်ကားရာ နေရာများ၌    လိုက်လံဖြန့်ဝေကြခြင်း ဖြစ်သည်။

အဆိုပါ   ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ    သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသားရေး တာဝန်၊ စိုးရိမ်ရန်မလို၊ ဖြစ်ရမယ့်တာဝန်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊   ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍  စုံစမ်းမေးမြန်းနိုင် စသည့် ခေါင်းစဉ်များဖြင့်   ပြည်သူများ အလွယ်တကူ နားလည်နိုင်ရန်  ရေးသား ဖော်ပြထားကြောင်း သိရသည်။

ပေါင်

    မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊   လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို လူစည်ကားရာ နေရာများ၌ လိုက်လံဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်မောင်းများ၊ ပေါင်မြို့မဈေးမှ ဈေးရောင်းဈေးဝယ်ပြည်သူ များအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများကို   အသိပညာပေး ရှင်းလင်းပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။