မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၂၈

    မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို  ယနေ့မွန်းလွဲ ၁  နာရီတွင် အစိုးရ စက်မှုလက်မှုသိပ္ပံ(နေပြည်တော်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော် နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှု သိပ္ပံ(နေပြည်တော်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လူငယ်များအနေဖြင့် မိမိတို့၏ဘဝရည်မှန်း ချက် အကောင်အထည်ဖော်ရာတွင် အတတ်ပညာ တတ်မြောက်ပြီး  ဗလငါးတန်နှင့် ပြည့်စုံအောင် ကြိုးစားကြရမည်ဖြစ်ပြီး IT နည်းပညာများ၊ အထွေထွေ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာကာ အရည်အချင်း ပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာ ရှင်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန မသန်စွမ်းလူငယ်ရေးရာ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက မသန်စွမ်းမှု ဆိုင်ရာအသိပညာပေး ဟောပြောပြီး စာရေးဆရာ ရဲမွန်ကျော်က “ဗလငါးတန်ပြည့် စုံဖို့စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် ဟောပြောသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် ဒုတိယဝန်ကြီးတို့က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် ဟောပြောကြသူများအား ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း၊ နေပြည်တော်နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် တာဝန်ခံနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ကျောင်းအုပ်ကြီးထံ အားကစား ပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြသည်။

ညနေပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊  ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်  တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည့်  နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမ ဖောင်းရစ် ရွှေစင်ရွှေပြားကပ်လှူ ပူဇော်နိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူ ပူဇော်ရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်  အားလုံးကဝိုင်းဝန်း ပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ကပ်လှူပူဇော်ခြင်း လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်  ဦးမြင့်စိုးက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏  ပထမ ဖောင်းရစ်အား ရွှေစင်ရွှေပြားဆက်ကပ် ပူဇော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကို  ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက  သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။