မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက် အမှာစကား ပြောကြား

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက် အမှာစကား ပြောကြား

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

    မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်၌ ကျင်းပသည်။

အစည်းအဝေးသို့  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း)၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့်   ဒုတိယဥက္ကဋ္ဌ၊ အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ နှီးနွှယ်ဝန်ကြီးဌာန များမှ ဖိတ်ကြားထားသူများ၊ ကြက်ခြေနီ ဗဟိုကောင်စီဝင် ပြည်နယ်နှင့်   တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊  ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုလိုဆောင်ရွက်ရာတွင်  ပိုမိုအားကောင်းပြီး အရေးကြီးသည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို ချမှတ်နိုင်ရန် ယခုညီလာခံ သက်တမ်းတွင် တာဝန်ယူ ဆောင်ရွက်ပေးနေကြသည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌနှင့် တကွ အလုပ်အမှုဆောင်များ၊ ကောင်စီဝင်များ အားလုံးအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက်မည့် ကြက်ခြေနီလုပ်ငန်းများ အတွက် အားသာချက်၊ အားနည်းချက်များကို ယခုအစည်းအဝေးတွင် စနစ်တကျ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်း ပေးထားသည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥပဒေပါ လူသားချင်းစာနာ ထောက်ထားမှု နယ်ပယ်တွင် နိုင်ငံတော်၏ အရန်အင်အားဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အချိန်ကာလများနှင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကဲ့သို့သော ဘေးအန္တရာယ်များ အတွက်  လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရာတွင် ကြက်ခြေနီစေတနာ လုပ်အားရှင်များမှ ဒေသအလိုက်ပါဝင်ကူညီ လှုပ်ရှားဆောင်ရွက်ပေးနေကြသည်ကိုလည်း   တွေ့မြင်ခဲ့ရကြောင်း။

ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများတွင် ဆက်လက် ကူညီနိုင်ရန်အတွက် ကြက်ခြေနီ စေတနာလုပ်အားရှင် အင်အား ပိုမိုတိုးပွားရန် လိုအပ်သကဲ့သို့   လူငယ်ကြက်ခြေနီ   စေတနာလုပ်အားရှင်များ တိုးပွားပါဝင်လာရန်လည်း အလွန်လိုအပ်ကြောင်း၊ လူငယ်များကို အခြေခံဖွဲ့စည်းထားသည့် အသင်းဖြစ်သည်နှင့်အညီ လူငယ်အားကို ယူရမည်ဖြစ်သည့်အတွက် နှီးနွှယ် ဝန်ကြီးဌာနများဖြစ်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက် သွားရန် မှာကြားလိုကြောင်း၊ ထို့ပြင် မြို့နယ်ကြက်ခြေနီ အသင်းခွဲများသည်လည်း အခြေခံပညာကျောင်းများတွင်  အသင်း၏နည်းဥပဒေပါ ကျောင်းကြက်ခြေနီ အသင်းခွဲ ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ အခြေခံပညာကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရှိရပြီး လူငယ်ရေးရာ ဦးစီးဌာနမှပြုလုပ်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတကာ ဆွေးနွေးပွဲများတွင် လူငယ်ကြက်ခြေနီစေတနာ လုပ်အားရှင်များ ပါဝင်တက်ရောက် ဆွေးနွေးခွင့် ရခြင်းသည်လည်း   လူငယ်များအတွက်   များစွာအကျိုးရှိကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကြက်ခြေနီ စေတနာလုပ်အားရှင် အင်အားတိုးပွားအောင် စည်းရုံးသွားရန် လိုအပ်ကြောင်း၊  စည်းရုံးသည့်အခါတွင်လည်း စေတနာ လုပ်အားရှင်(Volunteer) စိတ်ဓာတ်ကို အခြေခံသည့်   အသင်းသူ၊ အသင်းသားများကို ရွေးချယ်သွားရန် အရေးကြီးကြောင်း။

ယနေ့ခေတ် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်များသည် ပိုမိုဖြစ်ပွားလာပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုများသည်လည်း ကြီးမားသည့်အတွက် အသင်း အဆင့်ဆင့်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ အသိပညာ ဗဟုသုတတိုးပွားရေး အပိုင်းများကို ပိုမိုဆောင်ရွက်ရန် လိုအပ်သဖြင့် ဗဟိုကောင်စီဝင်များ အနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း၊ လူမှုကရုဏာလုပ်ငန်းဆိုသည် အပြောလွယ်သလောက် လုပ်ဆောင်မှုအပိုင်းတွင် အလွန်လေးနက် ကျယ်ပြန့်ကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် NGO ၊ INGO မဟုတ်သော နိုင်ငံအတွင်း သက်တမ်းအရှည်ဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း (Humanitarian  Organization) ဖြစ်သည်နှင့်အညီ အများအကျိုးအတွက် အစီအစဉ်ကောင်းများ ချမှတ်ကာ စည်းစနစ်ကျကျ ထိရောက်စွာ ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊  သို့မှသာ  အသင်း၏ ပုံရိပ်လည်း   ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့က ဦးဆောင်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မူလအခြေခံကြက်ခြေနီ စိတ်ဓာတ်များလျော့ပါးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှေးရှု၍ ဒို့တာဝန်အရေး(၃)ပါးကို  အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူကာ အထူးအလေးထား လိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ကြက်ခြေနီအသင်းကြီးသည် နိုင်ငံတော်၏ အရေး(နိုင်ငံ့အရေး)ကို ဆောင်ရွက်နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း (Humanitarian Organi-zation)  ဖြစ်သည့်အပြင်   အသင်းက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၀၂၁-၂၀၂၅ မဟာဗျူဟာကိုလည်း ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဗဟိုကောင်စီဝင်ကြီးများ၏ အတွေ့အကြုံများ၊ အသိအမြင်များကို တွန်းအားအဖြစ် အသုံးပြုပြီး အသင်းသူ၊အသင်းသား၊ ကြက်ခြေနီစေတနာလုပ်အားရှင် လူငယ်များ၏ ခွန်အားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို ပိုမိုအောင်မြင်အောင် ပုံဖော်ကြိုးပမ်း အားထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အသင်း၏ လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် (၈၆)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီ အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့်   ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်မှ ကြက်ခြေနီစေတနာ လုပ်အားရှင်များက  “အများအတွက်ကြက်ခြေနီ” သီချင်းကို စုပေါင်းသီဆိုပြီး ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်း ဗီဒီယိုကိုပြသပြီး ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နှီးနွှယ်ဝန်ကြီးဌာန တစ်ခုဖြစ်သော ပညာရေး ဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ ကျောင်းများနှင့် ပူးပေါင်းပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းများကို အခြေခံပညာကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသား လူငယ်များ ၁၁၂၆၃ ဦးအတွက် ရှေးဦးပြုစုခြင်း အတတ်ပညာများကို သင်ကြားပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တက္ကသိုလ်၊ ကောလိပ်များတွင်  တက္ကသိုလ်၊ ကောလိပ် ကြက်ခြေနီအသင်းခွဲ ၇၉ သင်း ဖွဲ့စည်းထားရှိကာ အသင်းဝင် အင်အား စုစုပေါင်း ၁၁၂၂၃ ဦးရှိကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက်   ကြက်ခြေနီ ဗဟိုကောင်စီ အစည်းအဝေးကို  ဖေဖော်ဝါရီလ ၂၉ ရက် အထိ ကျင်းပသွားမည်ကြောင်း သတင်းရရှိ သည်။