ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
“ဒီမှာ ဆရာကြီး၊ ကလေးမလေး တစ်ယောက်”
“အော် အင်း၊ ဟုတ်လား ရဲဘော်တို့”
သူ့အနီးမှ တပ်ကြပ်ကြီးထွန်းရွှေနှင့် ရဲဘော်တင်သိန်းတို့၏ အသံကြောင့် တပ်ကြပ်ထွန်းငြိမ်းသည် မခင်မှီ၏ အလောင်းကို ဖက်ငိုနေရာမှ ဖျတ်ခနဲ တစ်ချက်ခေါင်းမော့ကြည့်လိုက်သည်။
တပ်ကြပ်ကြီးထွန်းရွှေနှင့် ရဲဘော် တင်သိန်းတို့သည် သူ၏အဖြစ်ကို အံ့သြတကြီး စူးစိုက်ကြည့်နေ၏။
တပ်ကြပ်ထွန်းငြိမ်းသည် ပွေ့ဖက်ထားသော မခင်မှီ၏ အလောင်းကို ရုတ်တရက် လွှတ်ချလိုက်ပြီး တပ်ကြပ်ကြီးထွန်းရွှေနှင့် ရဲဘော်တင်သိန်းတို့ရှိရာသို့ အရူးတစ်ယောက်ပမာ ပြေးလာသည်။
“သ...သမီး...သမီး...သမီး နာမည်ဘယ်သူလဲဟင်...”
“ချင်- ချင်- ချင် ချင်ငြိမ်း။ ဟီး အီး..”
ရဲဘော်တင်သိန်း၏ ရင်ခွင်ထဲတွင် တရှုပ်ရှုပ်ငိုနေသော မိန်းကလေးကို တပ်ကြပ်ထွန်းငြိမ်းက အတင်းလှုပ်၍ မေး လိုက်သောအခါ မိန်းကလေးက “ချင်ချင်ငြိမ်း”ဟု မပီမသငို၍ပြော၏။
“သ...သမီး၊ အဖေနာမည်ရော”
“ဗိုလ်ရဲမြင့်”
“သမီး အမေနာမည်ရော”
“မ...မခင်မှီ”
“တောက်... မင်းအဖေ ရဲမြင့်မဟုတ်ဘူး။ ရဲမြင့်မဟုတ်ဘူး။ ငါ...ငါ ထွန်းငြိမ်း။ ဒီရွှေကြိုးက”
“အိုး...ဆရာငြိမ်း၊ ဘယ်လို လုပ်လိုက်တာလဲ”
သမီးလေးခင်ခင်ငြိမ်း၏ လည်ပင်း နောက်ဘက်သို့ လျှောကျနေသော ဆွဲ ကြိုးကိုမြင်ရသောအခါ တပ်ကြပ်ထွန်းငြိမ်းမှာ ဒေါသကို မချုပ်တည်းနိုင်တော့ဘဲ သူ့သမီးလည်ပင်းက ဆွဲကြိုးကို ဆောင့်ဆွဲပစ်လိုက်သည်။ တပ်ကြပ်ကြီးထွန်းရွှေ ၏ သတိပေးသံနှင့် သမီးလေး၏လန့်ဖျပ် အော်ငိုလိုက်သံတို့က သူ့ကို ကြောင်သွား စေပြန်သည်။
“ကျွန်...ကျွန်တော့်ကို ခွင့်...ခွင့် လွှတ်။ ဟင်... မောင် မောင်လင်းရော၊ ဟင် ဆရာကြီး မောင်လင်းရော၊ ဗိုလ်ထွန်းလင်းရော...”
တပ်ကြပ်ကြီးထွန်းရွှေ၏ ကိုယ်ပေါ်တွင် ကာဘိုင်သေနတ်နှစ်လက်၊ ခြောက်လုံးပြူး နှစ်လက်၊ မှန်ပြောင်းတစ်ခု၊ မြေပုံအိတ် တစ်ခု၊ စစ်သုံးအသေးစား ကင်မရာတစ်လုံး တို့ကိုမြင်သောအခါ တပ်ကြပ်ထွန်းငြိမ်း၏ ခေါင်းထဲမှာ ချာချာလည်သွားပြန်လေသည်။
“ဆရာငြိမ်း သတိထားပါ။ သတိထားပါ။ ရဲဘော်တို့အားလုံးသတိ။ ဗိုလ်ထွန်းလင်း ကိုယ်စား ကျုပ်အမိန့်ပေးနေတယ်။ ဒီစခန်းဟာ ရန်သူ၊ ရန်သူ့နယ်မြေဖြစ်တယ်။ ရန်သူဟာ ပြန်လည်စုစည်းပြီး ငါတို့ကို ပြန်လည် တိုက်ခိုက်လာနိုင်တယ်။ အဲဒါကြောင့် ရဲဘော်တို့အားလုံး တပ်ဆုတ်မယ်။ ဗိုလ်ထွန်းလင်းနဲ့ ရဲဘော်မြင့်အောင် တို့အလောင်းကို ဆရာတင့်ခိုင် တို့တပ်စိတ်က တာဝန်ယူပါ။ မြေပြန့်ရောက်မှ သင်္ဂြိုဟ်မယ်။ ဆရာအောင်ဒင်နဲ့ ဆရာ ထွန်းငြိမ်းတို့အဖွဲ့က တပ်ဆုတ်ဖို့ တာဝန်ယူပါ ဒါပဲ”
“ဆရာကြီး၊ ဆရာကြီး ဒါ ဒါ ကျွန် ကျွန်တော့်သမီးလေးပါ ဆရာကြီးရယ်။ ဟို ဟိုကလည်း ကျွန်တော့်မိန်းမပါ။ ကျွန်တော့်မိန်းမကို ဒီမှာ မထားခဲ့ပါရစေနဲ့ ဆရာကြီးရယ်။ မောင်လင်းတို့၊ ရဲဘော်မြင့်အောင်တို့ အလောင်းနဲ့အတူ သယ်ခွင့်ပြုပါ။ ကျွန်တော့်ဇနီးအလောင်းကို ကျွန်တော်သယ်ယူပါ့မယ်။ ခွင့် ခွင့်ပြုပါ ဆရာကြီးရယ်”
အမိန့်ပေးနေသော တပ်ကြပ်ကြီးထွန်းရွှေသည် တပ်ကြပ်ထွန်းငြိမ်းအဖြစ်ကို မမြင်ရက်၊ မကြည့်ရက်ဖြစ်ကာ အံကို တင်းတင်းကြိတ်ထားသည်။ ပြီးမှ “ဘယ်လို ဘယ်လိုဖြစ်ကြတာလဲ ဆရာငြိမ်းရယ်၊ ကောင်းပါပြီ ဆရာငြိမ်းတာဝန်ကို ကျွန်တော်ယူပါ့မယ်” ဟု တိုးတိုးသာ ရေရွတ်လိုက်ကာ ခေါင်းကို ဆတ်ခနဲမော့လိုက်သည်။
“ရဲဘော်တို့အားလုံးသတိ၊ တပ်ဆုတ်မယ်။ ဗိုလ်ထွန်းလင်းနဲ့ ရဲဘော်မြင့်အောင်တို့ အလောင်းကို ဆရာတင့်ခိုင်တို့ တပ်စိတ်က တာဝန်ယူပါ။ တပ်ဆုတ်ဖို့ တာဝန်ကို ဆရာအောင်ဒင်နဲ့ ကျုပ်တာဝန်ယူတယ်။ ဒါပဲ တပ်ဆုတ်}}
အလေ့အကျင့် ရနေပြီးဖြစ်ကြသော ရဲဘော်အားလုံးသည် တပ်ကြပ်ကြီး ထွန်းရွှေ၏ အမိန့်ပေးသံ အဆုံးတွင် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ဤနယ်မြေသည် ရန်သူ့နယ်မြေဖြစ်သည်။ ဤနယ်မြေ၌ ကြာကြာနေလျှင် နယ်ကျွမ်းပြီးသားဖြစ်သော ရန်သူများက ပြန်လည်စုစည်းပြီး လမ်းတွင် ချောင်း မြောင်း တိုက်ခိုက်လာနိုင်သည်။ ထို့ကြောင့် ရဲဘော်အားလုံးသည် ကမြည်းကန်စခန်းမှ ချက်ချင်း ဆုတ်ခွာလျက်ရှိကြသည်။
တပ်ကြပ်ထွန်းငြိမ်းသည် မခင်မှီ၏ အလောင်းကို ထမ်းပိုးကာ သူ့ညီ ဗိုလ်ထွန်းလင်းနှင့် ရဲဘော်မြင့်အောင်တို့ အလောင်း သယ်သွားရာနောက်က တသိမ့်သိမ့်ငိုရှိုက် လိုက်ပါလာလေသည်။
အရှေ့ဘက် တောင်တန်းမြင့်များပေါ်တွင် သွေးခဲ၊ သွေးလုံးကဲ့သို့ ခြင်းခြင်းနီ နေသောနေလုံးက ပေါ်ထွက်လာသည်။ ထိုသွေးခဲ၊ သွေးလုံးကြီးဆီမှ ဖြာကျယိုဖိတ် လာသော နီနီရဲသည့် သွေးရောင်ခြည် တန်းများသည် တောတောင်ရေမြေအား လုံးနှင့် လောကတစ်ခုလုံးကို ဝါးမျိုလျက် ရှိနေပါလေပြီ။
တပ်ကြပ်ထွန်းငြိမ်း၏ ရင်ပွင့်ထွက်လုမတတ် ရှိုက်သံနှင့်အတူ တမလွန်မှ သူ့ညီ ဗိုလ်ထွန်းလင်း၊ ရဲဘော်မြင့်အောင်၊ မခင်မှီ၊ ဗိုလ်ညို၊ ဗိုလ်ရဲမြင့်တို့၏ နောင်တငိုရှိုက်သံ များသည်လည်း ပြန်လည်ဆုတ်ခွာလာကြသော သူတို့တပ်နှင့်အတူ တသိမ့်သိမ့် ငိုညည်းပါလာကြလေသလား ထင်ရသည်။ တမလွန်မှ ဝိညာဉ်များသည် စစ်၏ အနိဋ္ဌာရုံများကို ငြီးငြီးငွေ့ငွေ့ မြည်တမ်းလာကြလေသတည်း။
ပြီးပါပြီ။