ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက္ကသိုလ်  ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပ

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက္ကသိုလ်  ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၉

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက္ကသိုလ် ပါမောက္ခချုပ်များ ညှိနှိုင်းအစည်းအဝေး(၁^၂၀၂၄)ကို ယနေ့တွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ အနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို  အထူးဂရုပြုစေလိုကြောင်း၊ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် အလုပ်သင်ဆရာဝန် သင်တန်းကာလ ပြီးဆုံးသူများ၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင် နောက်ဆုံးနှစ်(ဘွဲ့ရ)စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများနှင့် ဘွဲ့လွန်သင်တန်းများမှ ဘွဲ့ရအောင်စာရင်း  ထုတ်ပြန်ပြီးသူများအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားများကို ကျင်းပနိုင်ရေး ဆွေးနွေး ဆောင်ရွက်စေလိုကြောင်း။

KG+12 သင်ရိုးညွှန်းတမ်းအသစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိမည့် သူများအတွက် ဆေးပညာအခြေခံနှစ်နှင့် ပထမနှစ်ဘွဲ့ကြို သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်ပြင်ဆင် ရေးဆွဲခြင်းများကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားကြစေလိုကြောင်း၊ သူနာပြု၊ သားဖွား သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေး အပြင် စားစရိတ်များကို တိုးမြှင့်ထောက်ပံ့ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်မှ ကျန်းမာရေး အသုံးစရိတ်အတွက် ဘဏ္ဍာငွေများအား လုံလောက်စွာ ချထားပေးပြီးဖြစ်ကြောင်း၊ တက္ကသိုလ်နှင့် သူနာပြု၊ သားဖွားသင်တန်းကျောင်းများတွင် လိုအပ်သော ခေတ်မီသင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး နောင်တွင်လည်း ဆက်လက်ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်အဆောင်တွင် နေရာချထားနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပြီး လက်ရှိတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၏ လုပ်ငန်းခွင်ပျော်ရွှင်ရေး၊

ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စရပ်များကို အထူးအလေးပေး ဆောင်ရွက်ပေးစေလို ကြောင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့ခြင်း ကိစ္စရပ်များကို စနစ်တကျဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဆေးတက္ကသိုလ်များ၏ မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက် သင်ကြားသည့် သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)ကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး ကိစ္စ၊ ဘွဲ့လွန်သင်တန်း ဝင်ခွင့်ခေါ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။      

ထို့နောက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်း သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆန်းစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် (၁၁)ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲကို ၂၀၂၄ ခုနှစ်အတွင်း ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ပါမောက္ခချုပ်များက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်း

ဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့သည်။

၂၀၂၄ ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၌ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူ ၁၃၉၀၆ ဦးနှင့် ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၂၇၄ ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိပြီး ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်း သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။