ပညာရေးနှင့် အခွင့်အလမ်း
မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတွင် ကျင့်ဝတ်များစွာ သတ်မှတ်ထားရှိပြီး အများစုကလည်း ထိုကျင့်ဝတ်များအတိုင်း လိုက်နာကျင့်သုံးလေ့ ရှိကြပါသည်။ လူ့လောကသို့ ငိုကြွေးသံနှင့်အတူ စတင်ရောက်ရှိချိန်မှ လူလားမြောက်ချိန်အထိ မိမိတို့အပေါ်မိဘများက မေတ္တာအပြည့်ဖြင့် ကျွေးမွေးပြုစုစောင့်ရှောက်ကြပြီး အချိန်တန်အရွယ်ရောက်သည့်အခါ အတတ်ပညာများ သင်စေခြင်း၊ မကောင်းမှုကို တားမြစ်ခြင်း၊ ကောင်းမှုကို တိုက်တွန်းခြင်း၊ သင့်လျော်သူ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးဖြင့် လက်ထပ်ထိမ်းမြားပေးခြင်း၊ ဥစ္စာစီးပွား တိုးပွားစေရန် ငွေအရင်းအနှီး ခွဲဝေပေး၍ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ထောက်ပံ့ပေးခြင်းကဲ့သို့ မိဘကျင့်ဝတ်များ ကျေပွန်စွာ ဆောင်ရွက်ပေးလေ့ ရှိကြပေသည်။ မိဘတိုင်းက မိမိတို့သားသမီးများကို ပညာတတ်မြောက်ပြီး လူ့လောက အလယ်တွင် ကောင်းမွန်စွာအသက်မွေး၍ ဂုဏ်ရှိရှိဘဝကို ရှင်သန်ဖြတ်သန်း စေလိုကြပါသည်။ စီးပွားရေးလုပ်ငန်းရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ပညာရေးဝန်ထမ်း၊ ကျန်းမာရေး ဝန်ထမ်း၊ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းစသည်ဖြင့် တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနိုင်သည့် အလုပ်အကိုင်မျိုး လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပညာသင်ကြားပေးခြင်း ဖြစ်ပေသည်။ သို့ရာတွင် လူငယ်များ၏ စိတ်အာရုံ စူးစိုက်မှုနှင့် ဝါသနာအပေါ်မူတည်၍ သင်ယူခဲ့သည့် ကျောင်းပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း ထပ်တူမကျသော်လည်း ဇွဲ၊ လုံ့လ တို့ဖြင့် အားထုတ်ကြိုးပမ်းမှုကြောင့် ကျင်လည်ရာ နယ်ပယ်အသီးသီးတွင် တိုးတက်အောင်မြင်နိုင်သည့် ဘဝမျိုးလည်း ရရှိနိုင်သည်ကို မိဘများက သတိပြုသင့်ပေသည်။
ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်း တစ်ခု တည်ဆောက်နိုင်ဖို့ရာ ထိုလူမျိုးတို့၏ ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒနှင့် အနုပညာတို့အပေါ် များစွာ မှီတည်လျက်ရှိပါသည်။ ယနေ့နာမည်ကြီး လူသိများသည့် စာပေပညာရှင်၊ ရုပ်ရှင်အနုပညာရှင်၊ ဇာတ်သဘင်ပညာရှင်၊ ဂီတပညာရှင်အများစုသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကျောင်းဆင်းများ မဟုတ်ကြသော်လည်း ကံ၊ ဉာဏ်၊ ဝီရိယအကြောင်းများကြောင့် အောင်မြင်သည့် လမ်းကြောင်းပေါ်တွင် ရပ်တည်နေနိုင်ကြသည်မှာ အားလုံးအသိပဲဖြစ်ပါသည်။ လူငယ်တစ်ဦးချင်းစီတွင် ရည်မှန်းချက် ဝါသနာများ ရှိနေတတ်ကြပြီး လူကြီးမိဘများကလည်း လမ်းကြောင်းအမှန်သို့ ရောက်ရှိအောင် တည့်မတ်လမ်းညွှန်ပေးမှသာ လူမှန်နေရာမှန် ဘဝမျိုးရရှိနိုင်မှာ ဖြစ်ပေသည်။ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဆေးတက္ကသိုလ်တက်ရန် အမှတ်မီ၍ ထူးချွန်စွာ အောင်မြင်ခဲ့သော်လည်း ကာယကံရှင်မှ ဘာသာစကား လေ့လာခြင်းကို စိတ်ပါဝင်စားသဖြင့် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်များတွင် နိုင်ငံခြားဘာသာ အထူးပြု ကျောင်းသားအဖြစ် တက်ရောက်လျက်ရှိသည်ကို ကိုယ်တွေ့မြင်ခဲ့ဖူးပါသည်။
ယနေ့မြန်မာနိုင်ငံတွင် မြို့နယ်အလိုက် ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များကို သင်ကြားပေးသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၃၈ ကျောင်း၊ ပညာရေးအတွက် အားထားရသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရာ ပညာရေးတက္ကသိုလ်၊ ကောလိပ် ၂၆ ကျောင်း၊ စီးပွားရေးကျောင်းလေးကျောင်း၊ နိုင်ငံခြားဘာသာ တက္ကသိုလ်နှစ်ကျောင်း၊ အဝေးသင်တက္ကသိုလ် နှစ်ကျောင်း၊ စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တော ဘာသာရပ်သင်ကြားပေးသည့် ကျောင်းတစ်ခုစီဖြင့် သုံးကျောင်း၊ ဂီတ၊ ပန်းချီ၊ ပန်းပု စသည့်ဘာသာရပ်များ သင်ကြားပေးသည့် အနုပညာကျောင်း နှစ်ကျောင်း၊ သမဝါယမကျောင်း ငါးကျောင်း၊ ဆေးတက္ကသိုလ်အပါအဝင် ဆေးနှင့်နှီးနွှယ်ကျောင်း ၁၆ ကျောင်း၊ နည်းပညာကျောင်း ၃၃ ကျောင်း၊ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာဆိုင်ရာကျောင်း ၂၇ ကျောင်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါသည်။ ထို့ပြင်၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုရေးပညာနှင့် အားကစားပညာဘာသာရပ်များ သင်ကြားပေးမည့် မဟာဌာနများ ဖွဲ့စည်းထားရှိသည့် Naypyitaw State Academy ကိုလည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်တွင် နေပြည်တော် နည်းပညာတက္ကသိုလ်ကို လည်းကောင်း ဖွင့်လှစ်ပေးခဲ့ပါသည်။
ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားအားလုံး စာတတ်မြောက်စေရေးအတွက် ပညာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါသည်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေခွင့်ရရှိရေး၊ အခြေခံပညာကို အခမဲ့သင်ယူခွင့် ရရှိရေး အခြေခံပညာမူလတန်း၊ အလယ်တန်းမပြီးဆုံးမီ ကျောင်းထွက်မှုများ နည်းပါးစေရေး အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲနေသည့် ခေတ်အချိန်တွင် အခြေခံပညာ အလယ်တန်းအဆင့် Grade-9 သင်ယူပြီးမြောက်သည့် ကျောင်းသားလူငယ်များအား ဝါသနာအလျောက် စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့် ရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ အခြေခံပညာ အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်ထားရှိခဲ့ပါသည်။ Grade-9ဖြေဆိုအောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာ အထက်တန်းအဆင့်ကို ဆက်လက်သင်ယူခြင်းမပြုဘဲ ဝါသနာအရ အသက်မွေး ဝမ်းကျောင်းပညာများ ဆက်လက် သင်ယူလိုသူ လူငယ်များအတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။ စက်မှုပညာကို သင်ယူလိုသူ လူငယ်များ အတွက် စက်မှုအထက်တန်းကျောင်းများတွင် သုံးနှစ်တာကာလအတွင်း အခြေခံပညာ အထက်တန်းအဆင့် ဘာသာရပ်များအပြင် အဆောက်အအုံ၊ လျှပ်စစ်၊ စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်ခြင်းကဲ့သို့သော နည်းပညာအထူးပြု ဘာသာရပ်များ စာတွေ့၊ လက်တွေ့သင်ကြား လေ့ကျင့်ပေးလျက်ရှိပါသည်။ အထူးအောင်မြင်သူ၊ အဆင့်မီစွာ အောင်မြင်သူများ အတွက် အစိုးရနည်းပညာကောလိပ်၊ တက္ကသိုလ်များသို့ ဆက်လက် တက်ရောက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မှာဖြစ်ပါသည်။ ထိုနည်းတူစွာ စိုက်ပျိုးရေးပညာကို သင်ယူလိုသူ လူငယ်များအတွက် မိမိတို့ဖြေဆို အောင်မြင်သည့် အဆင့်အလိုက် စိုက်ပျိုးရေး သိပ္ပံဘွဲ့၊ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်များ ရရှိနိုင်ပြီး စိုက်ပျိုးရေးနှင့် သက်ဆိုင်သော အခန်းကဏ္ဍများတွင် အခွင့်အလမ်းကောင်းများ ရရှိနိုင်မှာဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိဘများအနေဖြင့် သားသမီးများ၏ စိတ်ပါဝင်စားသည့် ပညာရပ်ကို သင်ယူလေ့လာနိုင်ရေးကို မှန်ကန်သည့် ရွေးချယ်မှုလမ်းကြောင်း အဖြစ် သတ်မှတ်ကာ ကူညီအားပေးခွင့်ပြုသင့်ကြောင်းနှင့် မိမိဆန္ဒအတ္တကို ရှေ့တန်းတင်မိပါက မလိုလားအပ်သော ပြဿနာဖြစ်ပေါ်လာနိုင်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။ ။
သော်တာစိုး