နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုစားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုစားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

နေပြည်တော်၊ ၂၀၂၄ မတ် ၁

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဒုတိယဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ် တစ်ရာနှစ်ဆယ့်နှစ်သိန်းခုနှစ်သောင်းသုံးထောင်ငါးရာ တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား  ပြည်ထောင်စုဝန်ကြီးက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ စားသောက်ဖွယ်ရာများအား အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ဝန်ကြီးဌာနရုံးတွင် စနစ်တကျထုပ်ပိုး၍ လာရောက် လှူဒါန်းခြင်းဖြစ်ပြီး စားသောက်ဖွယ်ရာ အထုပ်များနှင့်အတူ ဝန်ထမ်းမိသားစုများက ရေးသားပေးပို့သည့် တပ်မတော်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း၊ ဘေးအန္တ ရာယ်ကင်းရှင်းစေကြောင်းနှင့် တရားသော စစ်အောင်မြင်ပါစေကြောင်း စသည့် ဆုတောင်း မေတ္တာစာလွှာများပါရှိကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ ဈေးသူ/ဈေးသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲကို ပြည်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုပေးအပ်သည့် ငွေကျပ်တစ်ရာကိုးဆယ်ခြောက် သိန်းသုံးသောင်းခုနှစ်ထောင်လေးရာ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို   ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။