အောင် ရဲ့ အောင်
အခန်း (၁)
အစောကြီးကတည်းက စိတ်ထဲမှာ ထင့်နေခဲ့သည်။
သည်လိုအခြေအနေမျိုးကို တွေ့ရမြင်ရတော့မည်ဟု အစကတည်းက တွက်ထားသည်။ ခရီးသာ ထွက်လာရသည်၊ နည်းနည်းမှ စိတ်ကမဖြောင့်။ ထင်ရာ မြင်ရာတွေ လျှောက်သွားလေမလား။ တွေ့ကရာတွေ လျှောက်လုပ်နေမလား။ တွေးပူရတာနှင့် တစ်ရက်မှ စိတ်မအေးရ။
“အောင်မရှိဘူး၊ မနက်အစောကြီးကတည်းက ထွက်သွားပုံရတယ်”
အခန်းနီးချင်းမမစံက တွေ့တာနှင့် ဆီးပြောသည်။
“ဘယ်ကိုသွားတာလဲ”
“မသိဘူး၊ မမစံအိပ်ရာကနိုးတော့ ခြောက်နာရီ တောင်မထိုးသေးဘူး၊ အဲဒီကတည်းကမရှိတော့တာ”
လက်ထဲတွင် တပင်တပန်း သယ်ဆောင်လာခဲ့သော ဒူးရင်းသီးနှစ်လုံးနှင့် ကြက်မောက်သီးတစ်တွဲကို အဆောင်ရှေ့မှ ကွပ်ပျစ်ပေါ် ပစ်တင်လိုက်ပြီး ခြေပစ် လက်ပစ်ထိုင်ချကာ သက်ပြင်းတစ်ချက် ခပ်လေးလေး ရှူရှိုက်ပြီး ပြန်ထုတ်လိုက်သည်။
လေသည် တစိမ့်စိမ့်တိုက်ခတ်လာသဖြင့် တော်ပါ သေးသည်။ ပန်းနုရောင် အပွင့်သေးသေးနုပ်နုပ်လေး များနှင့် စောင်းလျားပင် အကိုင်းအခက်တို့သည် လေ တွင် ယိမ်းနွဲ့နေကြသည်။
“သူတစ်ယောက်တည်း ထွက်သွားတာလား”
“တစ်ယောက်တည်းနေမှာပေါ့ ကိုအောင်ရယ်၊ ကိုအောင့် သူငယ်ချင်းအကြောင်း မသိဘူးလား၊ ချောစုလည်း ပဲခူးပြန်သွားတာ နှစ်ရက်ရှိသွားပြီ၊ အခန်းမှာက သူတစ်ယောက်တည်း”
“ဘယ်သွားတယ်လို့လဲ မမစံကို ပြောမသွားဘူးလား”
“ပြောမသွားလို့ပေါ့၊ စိတ်ထဲပူနေရတာ”
“ဒီကောင်မလေးက ထင်မိထင်ရာတွေ လျှောက် လုပ်နေပြီ ထင်ပါရဲ့”
ကိုအောင်က ညည်းသည်။
“ကိုအောင် မော်လမြိုင်က ဘယ်တုန်းကပြန်ရောက် လာလဲ”
အမောတကော ရောက်လာသူ အမောပြေစေရန် မမစံက စကားပြောင်းလိုက်ရင်း မေးသည်။
“ခုမနက်ပဲ၊ ဘူတာရုံက တိုက်ရိုက်လာတာ၊ အိမ် တောင်မဝင်ရသေးဘူး၊ ဒူးရင်းသီးတွေက မနက်ဖြန် ခံတော့မှာမဟုတ်ဘူး၊ သူ ညနေပြန်လာရင်လာ မလာ လည်း မမစံတို့ ခွဲစားလိုက်ကြတော့၊ ကြက်မောက် သီးကတော့ ထားလို့ရသေးတယ်”
“နေဦး ကိုအောင်၊ မမစံမှာ သူ့အခန်းသော့ပို တစ်ချောင်းပေးထားတာရှိတယ်၊ အပြင်က သော့ခတ် ထားပြီး အခန်းထဲမှာ အိပ်ဆေးတွေများ သောက်နေ တာလား မသိဘူး၊ မမစံ ခုမှစဉ်းစားမိတယ်}}
“ကြည့်.....ကြည့်ပါဦး မမစံ”
မမစံက ပြောပြောဆိုဆို အောင့်အခန်းတံခါးကို ခပ်သွက်သွက် ဖွင့်လိုက်သည်။ သော့ခလောက်လေး ပွင့်သွားသည်နှင့် ရင်ထဲအမျိုးအမည် မသိသောဝေဒနာ နှင့်ဟာသွားသည်။ လူမရှိသော အခန်းကျဉ်းလေးကား ခြောက်သွေ့တိ တ်ဆိတ်လွန်းလှသည်။
“ဒီမိန်းမ ဒီလောက်တော့ မမိုက်မဲပါဘူး၊ ကဲ... ဒီစားစရာတွေ အောင့်အခန်းထဲ ထည့်ထားလိုက်မယ်၊ မမစံတို့ အခန်းကျတော့ လူကစုံတယ်၊ တစ်ယောက် မြင်တစ်ယောက်မြင်နဲ့ မပေးရင်မကောင်းဘူး၊ လူကများတော့လည်း ဝေမျှလောက်အောင်လည်း လောက်မှာမဟုတ်ဘူး"
ကိုအောင်သည် မိန်းကလေးအခန်းမို့ အခန်းထဲသို့ လိုက်မဝင်သော်လည်း ကွပ်ပျစ်နားရပ်လျက်က အခန်းထဲမှ မြင်ကွင်းကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။
ခုတင်ခေါင်းရင်းတွင် “အောင်”၏ ပန်းချီလက်ရေး ပုံစံနှင့် ရေးထားသော လင်္ကာလေးတစ်ခုကို လှမ်းမြင် ရတော့ ကိုအောင်သည် ငိုင်နေရာမှာ ပြုံးမိသည်။
မျက်ခွက်ပြည့်လျှမ်း၊ မျက်ရည်လွှမ်း...
အလွမ်းကိုလည်း၊ မယ သတ်မည်တဲ့။
ခုတင်ခေါင်းရင်းဘေးရှိ စာကြည့်စားပွဲပေါ်တွင် ငါးမည်ရွှေကြာသတ်ပုံ စာအုပ်လေးသည် မှောက်လျက် တွေ့ရသည်။ ထို့ပြင် ကာလပေါ်စတီရီယိုသီချင်း စာအုပ်များ၊ အနောက်တိုင်းကာလပေါ် တေးသီချင်း စာအုပ်များကိုလည်း ဖရိုဖရဲနှင့်တွေ့ရသည်။
အောင့်ခုတင်ပေါ်တွင် ဂီတာတစ်လက်ကို အလျား လိုက် တင်ထားသည်။ ခုတင်ခြေရင်းတွင် ဝတ်လက်စ ထဘီသုံးလေးထည်ကို လွှားထားသည်။ မသိမ်းမဆည်း ပွချင်တိုင်းပွနေသောပုံစံ။
စာကြည့်စားပွဲ တစ်ဖက်တွင် သပ်သပ်ရပ်ရပ် အိပ်ရာဖုံး ဖုံးထားသောခုတင်မှာ ချောစု၏အိပ်ရာနေရာ ဖြစ်မည်ထင်သည်။ သည်ဘက်က အောင့်ခုတင်နှင့် ဆန့်ကျင်ဘက်။
စားပွဲပေါ်တွင်လည်း ပေါင်မုန့်ခွံများပြည့်နေသော မုန့်ဘူးတစ်ခု၊ ငရုတ်သီးမှုန့်၊ နွယ်ချိုမှုန့်တို့နှင့် နယ်ထားသော စိမ်းစားသရက်သီးဖတ်များ ထည့်ထားသည့် ကြွေရည်သုတ်ပန်းကန်ပြားတစ်ချပ်၊ သီချင်းစာအုပ်နှင့် ဖုံးထားသော သောက်ရေဖန်ခွက်တစ်ခွက်၊ ဘာမှ အစမသတ်။
ကုလားထိုင်နောက်မှတန်းတွင် တင်ထားသော အတွင်းခံ အင်္ကျီတစ်ထည်ကို မမစံက ကပျာကယာ ကောက်ယူကာ ခေါင်းအုံးအောက်သို့ ထည့်လိုက်တာ ကိုကိုအောင်က မြင်ဖြစ်အောင် မြင်လိုက်သည်။
ဆက်လက်ဖော်ပြပါမည်။