မွေးကင်းစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

 

မွေးကင်းစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

 

    မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ကျန်းမာရေးဝန်ထမ်း များက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းများကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်(၁၊ ၂၊ ၃) အုပ်စုများမှ မွေးကင်းစမှ အသက်တစ်နှစ်ခွဲ  ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များ အား မတ်လ ၁  ရက်တွင်  မြို့နယ်ပြည်သူ့ ဆေးရုံကြီးအတွင်းရှိ    သံဃာ့ဆေးကုသဆောင်၌  ကာကွယ်ဆေးများ   ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများကို  မွေးကင်းစမှ အသက်တစ်နှစ်ခွဲ    ကလေးငယ်များအား သတ်မှတ်ထားသည့် အကြိမ်ရေနှင့် သတ်မှတ်ထားသည့် အသက်အရွယ်တွင်  ဆေးထိုး၊  ဆေးတိုက်ပေးနိုင်မှသာ  ကလေးများ၌    ဖြစ်ပွားသည့်ပြင်းထန်တီဘီ၊ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊  မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်၊   ပြင်းထန်အဆုတ်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်း ပျက်၊ ဝမ်းလျှောရောဂါ၊  ဂျပန်ဦးနှောက် ရောင်ရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ နှင့်  သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ် ဆေးများ  ထိုးနှံပေးရာတွင်  မွေးကင်းစ၊ နှစ်လ၊  လေးလ၊  ခြောက်လ၊  ကိုးလ၊  တစ်နှစ်ခွဲဟူ၍  လအလိုက်၊   နှစ်အလိုက် ခွဲခြားပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း  သိရ သည်။

တံတားဦးမြို့နယ် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက် တို့မှ    မွေးကင်းစမှ   အသက်တစ်နှစ်ခွဲအထိ ကလေးငယ်စုစုပေါင်း  ၆၀  ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀ ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုး ခြင်းနှင့်   ဆေးတိုက်ခြင်း လုပ်ငန်းများကို လစဉ်လဆန်း ၁ ရက်မှစတင်၍ ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု  စုရပ်များ၌   ထိုးနှံ၊   တိုက်ကျွေးပေးလျက် ရှိကြောင်း သိရသည်။