တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေး လေးထပ်ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေး လေးထပ်ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်  မတ်  ၁

    တောင်သူလယ်သမားနေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့် အရိုးရောဂါအထူးကု ဆေးရုံကြီး-မန္တလေး လေးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကုသဆောင်ရှေ့ မျက်နှာစာ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်မှူး နှင့် တပ်မတော်အရာရှိကြီးများ၊ ကျန်းမာ ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး များ၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊  ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တပ်နယ်မှူးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေး၏ လေးထပ် ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များနှင့်အတူ လေးထပ် ကုသဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု၍ ကုသရေးလုပ်ငန်းများ ပြောင်းရွှေ့ဆောင်ရွက် နိုင်ရန်အတွက်  လိုအပ်သည်များ မှာကြား သည်။

ထို့နောက် ဖွင့်ပွဲဒုတိယပိုင်း အစီအစဉ်ကို တတိယထပ်ရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က ကုသမှုအရည်အသွေး မြင့်မားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံမှုတိုးတက် စေရေး အတွက် ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့နှင့်အတူ အရည်အသွေး ဒီဇိုင်းကောင်းမွန်သော  ဆေးရုံ အဆောက်အအုံသစ်များ ဖြည့်ဆည်းဆောက် လုပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက် ကို ဖြည့်ဆည်းခြင်း၊ ခေတ်မီဆေးရုံသုံးစက် ကိရိယာများ ဝယ်ယူထောက်ပံ့ခြင်း၊ အထူးကုဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့်ကို တိုးမြှင့်ခန့်ထားခြင်း၊ လေ့ကျင့် မွေးထုတ်ခြင်း၊ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်လျက်ရှိကြောင်း၊  ကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး အတွက် ပြည်သူ့ဆေးရုံများတွင် ဆေးရုံအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်သကဲ့သို့   သင်ကြားရေးပိုင်းတွင်လည်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ပေးလျက် ရှိကြောင်း၊ မန္တလေးမြို့တွင် ဗဟိုအဆင့် ဆေးရုံ ရှစ်ရုံဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် အဆောက်အအုံကို ရေရှည်တည်တံ့ ခိုင်မြဲအောင်  ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် လူနာများကို နွေးထွေးပျူငှာစွာဆက်ဆံ၍ ပြည်သူများ အားကိုးယုံကြည်ရသည့် ဆေးရုံဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေးမှ  ဆေးရုံ အုပ်ကြီး ဒေါက်တာဇော်ဝင်းထွန်းက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များကို နေရာအရောက် ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။    

အရိုးရောဂါ   အထူးကုဆေးရုံကြီး- မန္တလေးတွင်  အထွေထွေအရိုးရောဂါ ကုသခြင်း၊ ခါးရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း၊ လက်ပိုင်းဆိုင်ရာ အနုစိတ်ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုး အစားထိုးကုသခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး အရိုးရောဂါဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်  အကြောအဆစ်နှင့်  ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဌာနတို့မှ ရုံးဖွင့်ရက်များတွင် နေ့စဉ်ပြင်ပလူနာ ကြည့်ရှုကုသမှု များ ဆောင်ရွက်ပေးကာ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် မွေးရာပါ ခြေခွင်လူနာများအား ကြည့်ရှုကုသပေးခြင်း၊ အရိုးရောဂါအထူးပြု ပါရဂူဘွဲ့ သင်တန်းသားများ၊  မဟာဘွဲ့ သင်တန်းသားများ၊   သူနာပြုအရိုးအထူးပြု ဒီပလိုမာသင်တန်းသားများနှင့် မဟာဘွဲ့ သင်တန်းသားများကိုလည်း  လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။ ယခုဖွင့်လှစ်သော လေးထပ် ကုသဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ အဆောက်အဦ အထူးအဖွဲ့ (၆)က တာဝန်ယူ တည်ဆောက်ခဲ့ပြီး စီမံကိန်းတန်ဖိုးငွေကျပ် ၂၀၅၆ ဒသမ ၀၇ သန်း အသုံးပြု တည်ဆောက်ခဲ့ကာ(၃၇၂၀၀ စ/ပေ) အကျယ်အဝန်းရှိပြီး မြေညီထပ်တွင် အရိုးနှင့်ထိခိုက်ဒဏ်ရာ ကုသဆောင်၊ ပထမထပ်တွင် ကျောရိုးခွဲစိတ် ကုသဆောင်၊ ဒုတိယထပ်တွင်  အဆစ်အစားထိုး ခွဲစိတ်ကုသဆောင်၊ တတိယထပ်တွင် အရိုးကင်ဆာ ခွဲစိတ်ကုသဆောင်နှင့် အစည်းအဝေးခန်းများ ပါဝင်ဖွဲ့စည်းထား၍ လူနာများ အဆင်ပြေစေရေးအတွက် ပင်မလှေကားတစ်ခု၊ ဘေးလှေကား နှစ်ခုအပြင် ၂၁ ဦးဆံ့ ဓာတ်လှေကား တစ်ခုနှင့် ရှစ်ဦးဆံ့ ဓာတ်လှေကားတစ်ခုကို လည်း တပ်ဆင်ထားကြောင်း သိရှိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုအမျိုးသမီး ဆေးရုံကြီး-မန္တလေး မွေးကင်းစကလေး အထူးကြပ်မတ် ကုသဆောင်ကို    လှည့်လည်ကြည့်ရှုပြီး သီးသန့်ခန်း၌ ပြုစုစောင့်ရှောက်ထားသော ဗိုက်ချင်းဆက် အမြွှာကလေးများ ဖြစ်ကြသည့် ကြာညိုသင်းနှင့်  ကြာညိုသိမ့်တို့ကို  ကြည့်ရှု၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးခန်း၌   ဆေးရုံအုပ်ကြီး၊ ပါမောက္ခ၊  အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး အဆိုပါကလေးများအား လက်ရှိ ကျန်းမာရေး အခြေအနေ၊ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ဆေးရုံကြီး၏ ဆေးကုသရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါဗိုက်ချင်းဆက် အမြွှာကလေးများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဗဟိုအမျိုးသမီး ဆေးရုံကြီး-မန္တလေး၌ ခွဲစိတ်မွေးဖွားခဲ့ပြီး ဝမ်းဗိုက်ချင်းဆက်ကာ ကိုယ်တွင်းရှိ အသည်း၌ ဆက်စပ်မှုများရှိသည့် Om-phalopagus Type အမြွှာဖြစ်ကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါ ကလေးများအား  သင့်လျော်သည့်အချိန်တွင်  ကလေးဆေးရုံကြီး-ရန်ကုန်သို့ လွှဲပြောင်းကာ  ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ရေး အတွက် ရန်ကုန်နှင့် မန္တလေးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ/အတွေ့အကြုံရှိသည့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ လိုအပ်သော ကုသမှုများကို  အကြံပြုဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် မန္တလေးပြည်သူ့ဆေးရုံကြီး အစည်း အဝေးခန်း၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ၊အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှခွင့်ပြု ရန်ပုံငွေကိုအသုံးပြု၍ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိရာ ပြည်သူလူထု၏ ကျန်းမာရေး အသုံးစရိတ် စိုက်ထုတ်ကုန်ကျငွေ လျော့နည်းကျဆင်းရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ရေးကို အလေးထားဆောင်ရွက်ပေးရန်၊ လူနာဘေးကင်း လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ် များကိုလည်း စနစ်တကျ ဆောင်ရွက်ကြရန် နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိသည်။