ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂

    ထိုင်းခရီးသွားဧည့်သည်များအနေဖြင့် ပိုမိုသိရှိ လာရောက်လည်ပတ်စေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရယူထားသော Sai Swe ကုမ္ပဏီလီမိတက်နှင့် ထိုင်းနိုင်ငံရှိ Best International Travel & Agency တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မျိုးစေ့ပြပွဲသို့ လာရောက်ကြသော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူများသည် ယနေ့တွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညို ကြသည်။

    ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအခြေအနေနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းပြသမှုတို့ကို ဘုရားဖူး အဖွဲ့လိုက် သီးခြားစီ ရှင်းလင်းပြသသည်။

   ထို့နောက် ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များနှင့် တောင်သူများသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်ခဲ့မှု လုပ်ငန်း စဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင် စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော် နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများ က အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။  

   ဆက်လက်၍ ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များနှင့် ဘုရားဖူး တောင်သူများ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ် လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသူများ၏ စကားသံများကို ယခုလို ကြားသိခဲ့ရပါတယ်-

        “ကျွန်မက ဗုဒ္ဓဘာသာကို အဓိကယုံကြည်ကိုးကွယ်ပါတယ်။ တော်တော်ပီတိဖြစ်ပါ တယ်။ ဒီတစ်ခေါက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာဖူးရတဲ့အခါမှာ အရမ်းကို  သပ္ပာယ်တဲ့ဘုရားပေါ့နော်။ ဘယ်မှာမှမရှိတဲ့ဘုရားကို ပထမဆုံးလာပြီး ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဗုဒ္ဓဘာသာတွေအတွက်လည်း ဂုဏ်ယူပါတယ်။အများပြည်သူတွေကိုလည်း  လာရောက်ဖူးမြော်ဖို့ ဖိတ်ကြားချင်ပါတယ်။ လာရောက်တဲ့အချိန်တိုင်းမှာ  အလွန်အဆင်ပြေပါတယ်။ လည်ပတ်စရာများ စုံလင်စွာတွေ့ရပါတယ်။  ထိုင်းလူမျိုးတွေကိုလည်း လာလည်စေချင်ပါတယ်။ လည်ပတ်စရာတွေ၊   စိတ်ဝင်စားစရာတွေ များစွာရှိပါသေးတယ်လို့ပြောချင်ပါတယ်။ ထိုင်းလူမျိုးတွေ အတွက်လည်း လည်ပတ်စရာနေရာသစ် တစ်ခုကိုသိစေချင်တယ်။ လည်ပတ်တဲ့နေရာကလည်း အရမ်းအရေးကြီးတဲ့ နေရာဖြစ်တယ်။ ဒီမြန်မာနိုင်ငံအတွင်းထဲမှာ အခုဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာမှာဉာဏ်တော်အမြင့်ဆုံးဖြစ်လို့ ထိုင်းလူမျိုးတွေကို အများကြီး လာရောက်ဖူးမြော်စေချင်ပါတယ်။  ထိုင်းလူမျိုးအများစု ကတော့ ရန်ကုန်၊ ကျိုက်ထီးရိုး၊ မန္တလေး၊ ပုဂံကိုသွားတာ များပါတယ်။ Best International Company  အနေနဲ့လည်း အဲ့ဒီလည်ပတ်စရာနေရာတွေကို အများကြီး စီစဉ်ထားရှိပါတယ်။  ရန်ကုန်မှာဆိုရင် ရွှေတိဂုံဘုရား၊  သန်လျင်၊  ကျိုက်ထီးရိုး၊ မန္တလေးဘက်မှာဆိုရင် မဟာမြတ်မုနိဘုရား နဲ့ ပုဂံပေါ့နော်။ ပုဂံမှာဆိုရင်  စေတီတွေ အများကြီးရှိတဲ့ ရှုခင်းတွေပေါ့နော်။ အခု နေပြည်တော်မှာရှိတဲ့ ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထပ်တိုးခရီးစဉ်အဖြစ်လည်း စီစဉ်ထားရှိပါတယ်”ဟုပြောသည်။

      “ TV  ထဲမှာတော့ ဒီဘုရားကြီးရဲ့ ထုဆစ်ထားတဲ့ ပုံတွေမြင်ဖူးပါတယ်၊  ဖူးဘူးပါတယ်။ ခုကတော့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီးတော့ ဖူးရတဲ့အတွက် အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် ပရိယတ္တိ ၊ပဋိပတ္တိ၊ ပဋိဝေဓ ဆိုတဲ့သာသနာသုံးရပ်ကို ပြုလုပ်ထားတဲ့အတွက်  အထူးပဲကျေးဇူးတင်ပါတယ်”ဟုပြောသည်။

         “ဆရာတော်တွေရော၊  အဖွဲ့အစည်းတွေ အကုန်လုံး  စည်စည်ကားကားနဲ့ သိုက်သိုက်မြိုက်မြိုက်၊  ဝိုင်းဝိုင်းဝန်းဝန်းနဲ့ စည်စည်ကားကား ဆောက်လုပ်ထားတာ အခုမှမြင်တွေ့ရတာ အင်မတန်ပီတိဖြစ်ရပါတယ်။ စိုက်ပျိုးရေးက အကုန်လုံး ကျွန်တော်တို့   ကားနဲ့ရော၊  ဘုရားဝန်ထမ်းတွေကရော အကုန်လုံးကားနဲ့ အကုန်လုံးစီစဉ်ပေးတဲ့အတွက်   အထူးပဲကျေးဇူးတင်ပါတယ်”ဟုပြောသည်။