ပုလင်းတစ်လုံးထဲက ကောက်ရတဲ့ ၁၉၆၆ ခုနှစ်က ရေးခဲ့သည့် ဂျိမ်းစဘွန်း၏ စာတစ်စောင်

 

ပုလင်းတစ်လုံးထဲက ကောက်ရတဲ့ ၁၉၆၆ ခုနှစ်က ရေးခဲ့သည့် ဂျိမ်းစဘွန်း၏ စာတစ်စောင်

 

    အင်္ဂလန်နှင့်ပြင်သစ်ကြားရှိ ကျွန်းစု နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂျာစီကျွန်းစုနိုင်ငံရှိ ရဲတိုက်တစ်ခုကို Jersey Heritage အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါတယ်။

ဒီလိုလုပ်ငန်းဆောင်ရွက်နေစဉ်မှာ မီးလင်းဖို့ အတွင်းဘက်ထဲကနေ မမျှော်လင့်ထားတဲ့ ပစ္စည်းတစ်ခုကို  တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ပုလင်းတစ်လုံးပါ။

ပုလင်းတစ်လုံးကိုတွေ့တာက မထူးဆန်းပါဘူး။ ဒါပေမဲ့  အထဲမှာပါတဲ့စာကြောင့် ထူးဆန်းအံ့သြဖွယ်ရာလို ဖြစ်သွားရတာပါ။ ပုလင်းထဲမှာပါတာကတော့ ဂျိမ်းစဘွန်းရဲ့စာတစ်စောင်ပဲဖြစ်ပါတယ်။

“007 ဂျိမ်းစဘွန်းပါ၊ ၂၆ ရက် ဖေဖော်ဝါရီလ ၁၉၆၆ ခုနှစ်။ မှတ်ချက်-လျှို့ဝှက်ထောက်လှမ်းရေးပါ၊ ဘယ်သူ့ကိုမှ မပြောပါနဲ့” ဆိုပြီး စာထဲမှာ ရေးထားပါတယ်။

စာရဲ့ကျောဘက်မှာ ကျတော့ E.A. Blampied   ဆိုပြီးတော့ ပါပါတယ်။ ဖြစ်နိုင်တာက အဲဒီလူဟာ ဂျာစီရဲ့အနုပညာရှင် အက်ဒမွန်ဘလမ်ပိုင်း ဖြစ်နိုင်ပါတယ်။ သူက ၁၉၆၆ ခုနှစ် သြဂုတ်လမှာ ကွယ်လွန်သွားတာပါ။

အဲဒီစာကလည်း မင်းသားကြီးရှောင်ကွန်နရီ ပါဝင်သရုပ်ဆောင်ထားတဲ့ Thunderball အမည်ရှိ ဂျိမ်းစဘွန်းရုပ်ရှင် ဖြန့်ချိပြီးနှစ်လ အကြာမှာ ရေးသားခဲ့ဟန်တူပါတယ်။

ဒါ့အပြင် အဲဒီပုလင်းထဲမှာ ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ၂၃ ရက်ထုတ် Reveille အပတ်စဉ်ထုတ် သတင်းစာရဲ့ စာမျက်နှာ ၁၅ ကနေ ၁၈ အထိပါဝင်နေပါတယ်။

Jersey  Heritage  အဖွဲ့ကတော့ အဲဒီစာနဲ့ပတ်သက်လို့ တစ်ခုခု သိရှိထားတယ်ဆိုရင်  သူတို့အဖွဲ့ကို ဆက်သွယ်ပေးဖို့ အွန်လိုင်းပေါ်ကနေ  တောင်းဆိုထားပါတယ်။