တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၂

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၉ ရက်တွင်     အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ သွင်းကုန်ကြေညာလွှာတွင်     ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Polyester 3D Air Mesh ခေါင်းအုံး (၆၀၅ ဒသမ ၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ လ၂၉ ရက်တွင်  ရွာသာကြီး  Dry Port  ၌ သာမညမှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ   တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ (၁၅၀၀၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Truck (၁)စီး  (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၈၀၀၀၀၀၀)ကို   အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ မတ်လ ၁ ရက်တွင် တွံတေးမြို့နယ်၊ တွံတွေး-လှိုင်သာယာကားလမ်း၊ တမာတကောကျေးရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် အခြားသစ် (၂၉ ဒသမ ၂၁၃)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၈၂၀၁၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Dyna (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို  သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၆၈၂၀၁၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၂ ဒသမ ၁၆၀)တန်၊ အခြားသစ်(၆ ဒသမ ၅၂၈)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၇၈၃၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘားအံမြို့၊ ကမော့ကစင်ကျေးရွာ အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lactasoy  ပဲနို့ (၇၈၀၀)ဘူး၊ Lipovitan-D အားဖြည့်အချိုရည် (၁၇၅၀၀)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yar Zar Min Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၂၅၀၀၀၀)ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၂၉ ရက်၊ မတ်လ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၀၂၇၈၄၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။