၀မ်းမြောက်ဝမ်းသာကြိုဆိုလိုက်ပါသည်

 

၀မ်းမြောက်ဝမ်းသာကြိုဆိုလိုက်ပါသည်

 

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ နဲ့ ပြဋ္ဌာန်းခဲ့တဲ့  ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး အာဏာတည်ကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တယ်လို့ သတင်းမှာ နားထောင်လိုက်ရပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းလိုက်တဲ့ သတင်းတွေကိုလည်း တွေ့ရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၃၈၅ မှာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။” ပုဒ်မ ၃၈၆ မှာ “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်”လို့  ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့နိဒါန်းပိုင်းမှာ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်ရန် အလို့ငှာ  စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း”လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

စစ်မှုထမ်းဆောင်ခြင်းနဲ့ ပတ်သက်ပြီး ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းကြီး လက်ထက်မှာ ဆယ်ပြုမြို့၊ ရာပြုမြို့၊ ထောင်ပြုမြို့တွေ ခွဲခြားသတ်မှတ်ပြီး စစ်မှုထမ်းစေတယ်လို့ သိရပါတယ်။ အဲ့ဒီခေတ်ကတည်းက အရွယ်ရောက်ပြီး သူလူငယ်တွေအားလုံးဟာ လူကြီးမိဘတွေရဲ့ အစီအစဉ်နဲ့  ကိုယ်ခံပညာတွေ သင်ကြားကြရပြီး ဘုရင်ကလိုအပ်လို့ ဆင့်ခေါ်တဲ့အခါ စစ်မှုထမ်းဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြကြောင်း  လေ့လာသိရှိရပါတယ်။  မြန်မာဆိုတာ  ရှေးယခင်ကတည်းက စစ်သံကြားရင် အိုးစားဖက်ကို ကိုယ်တိုင်လိုက်ရှာပြီး မကြောက်မရွံ့ နောက်မတွန့်တတ်တဲ့ လူမျိုးတွေဖြစ်ကြောင်း သိသာထင်ရှားပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဧပြီလ ၅ ရက်နေ့က ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်းမှာ “မြန်မာပြည်လွတ်လပ်ရေးရတဲ့အခါမှာ မြန်မာပြည်ကို ကာကွယ်ဖို့ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်တယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။ တိုင်းပြည်ကာကွယ်ဖို့ စစ်သားတွေလိုလာမယ်။ အဲ့ဒီအခါ မြန်မာတိုင်း၊ အရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနှင့် ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့ လုပ်ရမယ်။ ခင်ဗျားတို့ တိုက်ချင်လည်း တိုက်ရမယ်၊ မတိုက်ချင်လည်း တိုက်ရမယ် ဒါမှလွတ်လပ်ရေး တာဝန်ကျေမယ်”လို့ အမြော်အမြင်ကြီးစွာ ပြောကြားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ကာကွယ်ရေးအင်အား တိုးတက်လာဖို့  လူငယ်တွေတာဝန် ထမ်းဆောင်ဖို့လိုအပ်ပါတယ်။ ဒါတင်မက  နှစ်ကာလ တစ်ခုအကြာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကင်းမဲ့အောင် မှိုင်းတိုက်ခံရမှုတွေကြောင့် စိတ်ဓာတ်ပျက်ပြားနေကြတဲ့ လူငယ်တွေကို  ပြန်လည်ပြုပြင် ထိန်းကျောင်း တည့်မတ်ဖို့လည်း အရေးပေါ် လိုအပ်နေပါတယ်။ တပ်မတော်နဲ့ ပြည်သူကြား သွေးခွဲသပ်လျှိုမှုတွေကြောင့် စည်းလုံးညီညွတ်မှု အားနည်းလာတာကိုလည်း ကုစားဖို့လိုအပ်ပါတယ်။ ဒါတွေအားလုံးကို ဖြည့်စွမ်းနိုင်တာကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေပဲဖြစ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာ လူငယ်တွေကို တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်လို့ အသက်အရွယ်အရ  ခွဲခြားသတ်မှတ်ပြီး  လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တာကို သတိရမိပါတယ်။ တက္ကသိုလ်ကျောင်းသား လူငယ်တွေ ကျောင်းပိတ်ချိန်မှာ “အ”သုံးလုံး လုပ်အားပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်း ဆရာကြီးဦးသုခရဲ့ “ဘယ်သူပြိုင်တော့လှပါတော့နိုင်”ဇာတ်ကားက အဲ့ဒီခေတ်ကို ထင်ဟပ်ပါတယ်။ အဲ့ဒီကာလမှာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ပင်ပင်ပန်းပန်း၊ ပျော်ပျော်ပါးပါး လုပ်အားပေးခဲ့ကြတဲ့ လူငယ်တွေ အများကြီးပါပဲ။ လက်ကိုင်တယ်လီဖုန်းတွေလည်း မရှိသေးတဲ့ခေတ်မှာ လူငယ်တွေရဲ့နွေရာသီတွေဟာ အများအကျိုးပြု လုပ်ငန်းတွေနဲ့ အလွန်တန်ဖိုးရှိခဲ့ပါတယ်။

လုပ်အားပေးမသွားရတဲ့ လူငယ်တွေကို သင်တန်းတွေ အမျိုးမျိုးတက်စေပြီး အသိပညာတွေရရှိအောင် ဆောင်ရွက်ပေးကြပါတယ်။ လူငယ်သင်တန်းတွေမှာ ဌာနဆိုင်ရာအသီးသီးက လူငယ်တွေကို တလေးတစားနဲ့ သူတို့ဌာနအကြောင်း လာပြောပြကြပါတယ်။ ဆယ်တန်းအောင်သွားတဲ့ လူငယ်တွေကလည်း သင်တန်းမှာ သိခဲ့ရတဲ့ဌာနဆိုင်ရာ အသီးသီးထဲက ကိုယ်စိတ်ဝင်စားရာ ဌာနကိုရွေးပြီး လုပ်အားပေးအဖြစ် တာဝန်ထမ်းဆောင်ကြပါတယ်။ ဌာနကလူကြီးတွေကလည်း လူငယ်တွေကိုသိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်တဲ့ ရုံးလုပ်ငန်းတွေကို သင်ပေးကြပါတယ်။ ဆယ်တန်းအောင်ပြီး ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေကြတဲ့သူတွေကို ရှက်စရာလို့ အချင်းချင်းက ယူဆကြပါတယ်။

အခြေခံပညာကျောင်းတွေမှာ အလယ်တန်းအဆင့်ကစပြီး တစ်ပတ်ကို နှစ်ချိန် အခြေခံစစ်ပညာ သင်ခဲ့ကြရပါတယ်။ လေ့ကျင့်ရေးကွင်းထဲမှာ ဘယ်လှည့်၊ ညာလှည့်မှားလို့ ရယ်ကြရတာ အမောပါပဲ။ စစ်မှုထမ်းဟောင်း အဖွဲ့က ဆရာကြီးတွေက စိတ်ရှည်ရှည်နဲ့ သင်ပေးခဲ့ကြပါတယ်။ အမိန့်နာခံတတ်ဖို့ကိုလည်း လေ့ကျင့်ပေးခဲ့ပါတယ်။ “သတိ၊ သက်သာ၊ အေးစေ” သင်ခန်းစာကိုအချိန်ယူပြီး တစ်ယောက်ချင်း လိုက်ကြည့်ပြီး စိတ်ရှည်ရှည်သင်ပေးတဲ့အတွက် ဒီသင်ခန်းစာပြီးရင် ကိုယ်နေဟန်ထား မမှန်တဲ့သူတွေ ကိုယ်နေဟန်ထားတွေ မှန်သွားပါတယ်။ စုဝေးကွင်းမှာ နိုင်ငံတော်အလံ အလေးပြုတဲ့အခါ၊ နိုင်ငံတော်သီချင်းဆိုကြတဲ့အခါ စနစ်ကျနဖို့ အများကြီး အထောက်အကူပြုပါတယ်။ အမိန့်ပေးသံကို နားထောင်ပြီး လိုက်နာတတ်တဲ့သူတွေလည်း ဖြစ်လာပါတယ်။

ဒီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူငယ်တွေက ဒီနေ့မှာ တာဝန်ကြီးတွေ ထမ်းဆောင်နေကြတဲ့ သက်ကြီးပိုင်းတွေကို ရောက်ရှိနေကြပါပြီ။ ဒါပေမဲ့ စည်းကမ်းရှိတဲ့၊ စနစ်ကျတဲ့၊ တာဝန်သိတဲ့၊ အသင်းအဖွဲ့စိတ်ရှိတဲ့၊ နိုင်ငံတော်ကိုချစ်ကြတဲ့ သူတွေဖြစ်နေကြတာတော့ အသေအချာပါပဲ။

မိဘတွေအများစုရဲ့စိတ်ဝင်စားမှုက ခေတ်အလိုက် ပြောင်းလဲလာပြီး စာဆိုစာကိုပဲ သင်ရမယ်။ ကျက်ရမယ်။ ပထမရရမယ်။ ဆေးကျောင်းဝင်ရမယ်စတဲ့ ဖိအားတွေက ကလေးတွေအပေါ် များလာတဲ့အခါ အရင်ကလို ဘက်စုံတိုးတက်အောင် လေ့ကျင့်ပေးမှုတွေနဲ့ ကင်းကွာလာခဲ့ပါတယ်။ မိဘတက်စေချင်တဲ့ ကျောင်းကိုသာ တက်ခဲ့ရတဲ့အတွက် လူငယ်တွေကလည်း သူတို့တာဝန်ရယ်လို့ ဘာကိုမှ သဘောမထားတော့ဘဲ မိဘတွေတက်စေချင်တဲ့ ကျောင်းကိုတက်ရတာမို့ မိဘတွေမှာသာ အားလုံးတာဝန်ရှိတယ်လို့ ယူဆလိုက်တဲ့အခါ အရည်အသွေးနည်းတဲ့ လူငယ်တွေအဖြစ် ကြီးပြင်းလာကြပြီး ခံယူချက်မဲ့သူ၊ သွေးဆောင်ရာ လိုက်ပါသူတွေဖြစ်လာကြပါတယ်။

ရပ်ကွက်ထဲက ဇယ်တောက်ခုံနဲ့ ဘိလိယက်ခုံတွေမှာ အချိန်မရွေး လူငယ်တွေနဲ့ပြည့်နေလို့ သူတို့အတွက်ရော နိုင်ငံအတွက်ပါ စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ လူငယ်တွေမှာ အချိန်တွေကိုသုံးစရာ သင့်လျော်တဲ့နေရာ မရှိတဲ့အတွက် အသက်ငယ်ငယ်နဲ့ အရက်၊ မူးယစ်ဆေးစတာတွေ သုံးစွဲပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ ဘဝပျက်ကြတဲ့လူငယ်တွေ အများကြီး ဖြစ်လာပါတယ်။ ဒီကတစ်ဆင့် ဆေးသုံးဖို့ ခိုးဆိုးလုယက်ကြတဲ့ သူတွေဖြစ်လာလို့ ရပ်ရွာဒေသတွေ ငြိမ်းချမ်းမှု လျော့နည်းလာပါတယ်။

ဟိုယခင်က ဝါသနာကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်အကိုင် အခွင့်အလမ်းအတွက်ပဲဖြစ်ဖြစ် တပ်မတော်ထဲကို ဝင်ရောက်ကြသူတွေ အများအပြား ရှိပါတယ်။ လူငယ်တွေဟာ သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲချင်စိတ်ရှိလာတဲ့အခါ တပ်မတော်ထဲကို ဝင်သွားကြပါတယ်။ ခွင့်ရလို့ပြန်လာတဲ့အခါ စိတ်ရောလူပါအသစ်ဖြစ်ပြီး ချီးကျူးလေးစားစရာ လူတစ်ယောက်အဖြစ် တွေ့ရတတ်ပါတယ်။ လူဆိုးတွေကို လူကောင်းအဖြစ် စနစ်တကျပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသော ကျောင်းတော်ဟာ  တပ်မတော်ပဲ ဖြစ်ပါတယ်။ သူတို့ကိုမြင်ရတဲ့အခါ  “ငါ့သားများ စစ်ထဲဝင်ရင်လေသူ့ကို ပြောလိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် တကယ့်ယောကျ်ားကောင်း ယောကျ်ားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့”ဆိုတဲ့ ဖတ်ခဲ့ဖူးတဲ့စာတစ်ပိုဒ်က ရင်ထဲကိုရောက်လာပါတယ်။

နိုင်ငံကိုစနစ်တကျ ဖျက်ဆီးမယ့်အကြံနဲ့ တပ်မတော်နဲ့ပြည်သူကြားမှာ သွေးခွဲသပ်လျှိုတဲ့ သူတွေကြောင့် နိုင်ငံ့အရေးဟာ ရင်လေးစရာဖြစ်လာပါတယ်။ အသက်ပေးပြီး နိုင်ငံအတွက် တာဝန်ထမ်းဆောင်ကြတဲ့သူတွေ အပေါ်ခွဲခြားဆက်ဆံမှု၊ ရန်သူသဖွယ် ဆက်ဆံမှုတွေကို တွေ့မြင်ရတဲ့အခါ အလွန်ပဲအားနာမိပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှိနေကြောင်းသိခဲ့ပြီး အမြန်ဆုံးအတည်ပြုစေချင်တဲ့ ဆန္ဒတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။

တကယ်လို့   မိမိရဲ့သားသမီးတွေသာ  တပ်မတော်ထဲမှာရှိနေရင် တပ်မတော်သားတွေကို ဒီလိုခွဲခြား ဆက်ဆံရက်ပါ့မလားလို့လည်း တွေးမိပါတယ်။ အခုအချိန်မှာတော့ ဥပဒေကို အတည်ပြုခဲ့ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီသူတိုင်း တပ်မတော်မှာ  တာဝန်ထမ်းဆောင်ရတော့မှာဖြစ်လို့ အားတက်ပျော်ရွှင်မိပါတယ်။     

အချိန်တွေပိုပြီးလေလွင့်လု နီးပါးဖြစ်နေတဲ့လူငယ်တွေကို လမ်းမှန်ပေါ် ရောက်အောင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေလို့မြင်ပါတယ်။ နိုင်ငံချစ်စိတ်၊ လူမျိုးကိုချစ်စိတ် ပျောက်ဆုံးနေကြတဲ့ လူငယ်တွေကို ပြုပြင်ပေးမယ့် ဥပဒေတစ်ရပ်လို့လည်း မြင်ပါတယ်။ တာဝန်တစ်ခုအနေနဲ့ စစ်မှုထမ်းလာရတဲ့ အခါ ခန္ဓာကိုယ်ပိန်ချည့်ချည့် ကုပ်ကိုင်းကိုင်းဖြစ်နေတဲ့ လူငယ်တွေကိုလည်း ကျန်းမာကြံ့ခိုင်လာအောင် ပြုပြင်ပြောင်းလဲပေးလိုက် နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီနေ့ခေတ်လူငယ်တွေက စဉ်းစားတွေးခေါ်ပုံ အလွန်ကောင်းပါတယ်။ နည်းပညာဘက်မှာလည်း အလွန်တော်ကြပါတယ်။

ဒီလိုတော်တဲ့လူငယ်တွေ တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း အသင်းအဖွဲ့နဲ့ ဆောင်ရွက်တတ်မှု၊ စနစ်ကျနမှု၊ အမိန့်နာခံတတ်မှုတွေကို သင်ယူရတဲ့အတွက် တကယ့်ကို ပိုကောင်းတဲ့လူတော်တွေကို မွေးထုတ်ပြီးသား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဆူဆူညံညံဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံခြားထွက်မယ်။ PDF  ထဲဝင်မယ်။ အိမ်ထောင်ပြုမယ်။ စုံနေတာပါပဲ။ ဒါတွေကိုမြင်ရတော့ ဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ကို သတိရလိုက်ပါတယ်။   “စစ်မှာတမူ}} အိုင်ချင်းကဗျာဖြစ်ပါတယ်။ “သူများမောင်မှာ  စစ်သံကြားလျှင်  နာဖျား ဥပါယ်ခိုကြတယ်”တဲ့။

နိုင်ငံ့တာဝန် ထမ်းဆောင်ရမှာကြောက်လို့    နာဖျားဥပါယ်ခိုကြဖို့ လူသိရှင်ကြား တိုင်ပင်နေကြတာဟာ  တွေးတတ်ရင် ရှက်စရာဖြစ်ပါတယ်။

 ဒီကဗျာထဲမှာပဲ “နှမလေး၊ မယ်တို့မောင်မှာ၊ စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ၊ အိုးစားဖက်ကို၊ လိုက်လို့ရှာသည်”လို့လည်း ချစ်ရသူရဲ့သတ္တိကို တင်စားထားပါတယ်။ ချစ်သူအတွက်  ဂုဏ်ယူချင်တဲ့ မိန်းကလေးရဲ့ စိတ်ထားဖြစ်ပါတယ်။ မြန်မာမိန်းကလေးတွေက သတ္တိရှိသူ၊ စွန့်စားဝံ့သူတွေ ဖြစ်ပါတယ်။ သတ္တိနည်းတဲ့ ခပ်ညံ့ညံ့ အမျိုးသားလေးတွေကို သဘောကျလေ့မရှိပါဘူး။ “စိတ်နေမြင့်သူ” အိုင်ချင်းကဗျာထဲမှာ “ကြင်ပါရလို၊ ကြင်ရလျှင်လည်း၊ ရေမြေ့သခင်၊ အရှင့်စက်ရင်း၊ ရွှေတိုက်တော်မှာ စာရင်းသွင်းသည့်၊ ချင်းချင်းတောက်တဲ့လူမှသာ”လို့ ရေးဖွဲ့ထားတာကို ဖတ်ရှုရတဲ့အတွက် သူရဲကောင်းကိုသာ  တန်ဖိုးထားချစ်မြတ်နိုးလိုတဲ့ ရှေးမြန်မာသမီးပျိုတို့ရဲ့ စိတ်ထားကို ထင်ဟပ်မိပါတယ်။ ဒီနေ့ခေတ် အမျိုးသမီးတွေက သူတို့ကိုယ်တိုင်က ထက်မြက်ကြတဲ့သူတွေမို့ ရှေးအမျိုးသမီးတွေရဲ့ စိတ်ထားလိုပဲ ရှိနေဦးမှာဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာက သတင်းတွေကြောင့် ဒီဥပဒေအပေါ်မှာ လူငယ်တချို့ရဲ့ ကိုယ်ပိုင်သဘောထား ဘယ်လိုရှိတယ်ဆိုတာကို သိချင်လာလို့ နည်းပညာတက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေတဲ့ သားဖြစ်သူကို ဖုန်းဆက်ပြီး မေးကြည့်မိပါတယ်။ “ဥပဒေထုတ်ပြန်တဲ့နေ့က သားတို့တွေ တစ်ယောက်ကိုတစ်ယောက် နာမည်မှာ “ရဲဘော်”လို့တပ်ခေါ်ပြီး စနောက် ပျော်ရွှင်နေကြတာတဲ့”။ “အခုကျောင်းတက်နေတုန်းဖြစ်လို့ သားတို့မပါသေးပေမယ့် ကျောင်းပြီးရင် သားတို့အလှည့်ပေါ့မေမေ”လို့ပြောပါတယ်။

တစ်ဆက်တည်းပဲ “ကျောင်းပြီးပြီးချင်း မေမေနဲ့ မနေနိုင်ဘဲ သားတာဝန် ထမ်းဆောင်မှာကိုတော့ မေမေခွင့်ပြုပါ”လို့ ခွင့်တောင်းပါတယ်။ “သားတို့ကတော့ ပညာရှင်ဆိုတော့ သုံးနှစ်တော့ဖြစ်မှာပေါ့မေမေ”တဲ့။ မျက်ရည်ဝဲအောင်ပီတိဖြစ်ရပါတယ်။  နာဖျားဥပါယ်ခိုဖို့ကြိုးစားနေကြသူတွေကို သူလည်း ခေတ်လူငယ်မို့ မြင်တွေ့မှာပါပဲ။ ဒါပေမဲ့ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ အလှည့်ကျရင် မနွဲ့ကြစတမ်း တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေတဲ့ သားရဲ့မိဘအဖြစ် ဂုဏ်ယူမိပါတယ်။ ပြုစုပျိုးထောင်ခဲ့တဲ့ ပုံစံမှန်ကန်ခဲ့တယ်လို့လည်း ကိုယ်တိုင်ကျေနပ်မိပါတယ်။ နိုင်ငံတော်ကို အကျိုးပြုမယ်ဆိုတဲ့စိတ်ထားရှိတဲ့ သားတစ်ယောက်ကို မွေးထုတ်နိုင်ခဲ့တဲ့အတွက်  နိုင်ငံတော်အပေါ် တာဝန်ကျေတယ်လို့ ခံစားမိပါတယ်။

စိတ်ဓာတ်အခြေခံကောင်းတွေနဲ့    နိုင်ငံ့တာဝန်ထမ်းဆောင်ကြဖို့ ရောက်ရှိလာတဲ့ လူငယ်တွေ၊ မလွှဲမရှောင်သာလို့ တာဝန်ထမ်းဆောင်တော့မယ်ဆိုပြီး ရောက်လာကြမယ့်လူငယ်တွေကို  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အသိတရားတွေ တစ်ဘဝလုံးစာ ခိုင်ခိုင်မာမာ မှတ်သားမိသွားအောင် လေ့ကျင့်သင်ကြားပေးလိုက်ဖို့လည်း တာဝန်ရှိသူများကို ကြိုတင်မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ စိတ်ဓာတ်ကောင်းတွေ ရှိနေမှ သူတို့တွေရဲ့တစ်ကိုယ်စာ တိုးတက်မှုရနိုင်မှာဖြစ်သလို နိုင်ငံအနာဂတ် အတွက်လည်း ရင်အေးစေရမှာဖြစ်ပါတယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့ ယုံကြည်ပါတယ်။

တိုင်းပြည်နဲ့လူမျိုးကိုချစ်တယ်ဆိုရင် လူငယ်တွေအနေနဲ့ အလှည့်ကျရင် မနွဲ့ကြစတမ်းတာဝန်တွေ ထမ်းဆောင်လိုက်ကြပါ။ နိုင်ငံ့သားကောင်းတွေအဖြစ် လေးစားဂုဏ်ယူစွာ မြင်တွေ့လိုပါတယ်။ အစီအမံကောင်းများစွာနဲ့ နိုင်ငံ့သားကောင်း လူငယ်တွေကို လေ့ကျင့်ပေးလိုက်ပြီး နိုင်ငံအနာဂတ်ကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ်လို့   ယုံကြည်တဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို  ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာကြိုဆိုလိုက်ရပါတယ်။     ။

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)