သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူခဲ့သော ဘဒ္ဒန္တဝါသေဋ္ဌ အား ဂုဏ်ပြုပူဇော်ပွဲ‌နှင့် သိက္ခာထပ်မင်္ဂလာ အခမ်းအနားကျင်းပ

 

သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူခဲ့သော ဘဒ္ဒန္တဝါသေဋ္ဌ အား ဂုဏ်ပြုပူဇော်ပွဲ‌နှင့် သိက္ခာထပ်မင်္ဂလာ အခမ်းအနားကျင်းပ

 

နေပြည်တော် မတ် ၃

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် သာသနပါလဓမ္မရိပ်သာ(မြိတ်) ကျောင်းတိုက်ဆရာတော်၊ သာသနဓဇဓမ္မာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ၊ ဂဏဝါစကပရိယတ္တိ ဓမ္မာစရိယ ၊ သာသနကုံရပရိယတ္တိ ဓမ္မာစရိယ၊ ပ - သုံးလုံး၊ ဝိပဿနာပညာတက္ကသိုလ်၊ ဇမ္ဗူသီရိမြို့နယ်ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဓမ္မစကူးလ် အတွင်းရေးမှူး၊ အနာဂတ်အလင်းရောင်ဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌ သည်  ၁၃၈၄ ခုနှစ် (၃၆)ကြိမ်မြောက် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲတွင် “သာသနဓဇဓမ္မာစရိယ”ဘွဲ့တံဆိပ်တော်ရရှိတော် မူခဲ့သောကြောင့် ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမများစုပေါင်း၍ ဂုဏ်ပြုပူဇော်ပွဲနှင့် သိက္ခာထပ်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ သံသရာ အေးဗိမ္မာန်တော်၌ ကျင်းပသည်။

ဦးစွာ  နေပြည်တော်တိုင်း သံဃနာယက ဥက္ကဌ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ မုနိကုမာရ အမှုးပြုသော သံဃာ‌တော် အရှင်သူမြတ် ၇၅ ပါးအား ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမများ၊ အလှူရှင်များကသိမ်ဆင်းလောင်းလှူကြပြီး ဂုဏပူဇာသဘင် အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ရဟန်း ဒါယကာ၊ ရဟန်းဒါယိကာမများနှင့် အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်သည်။

ထို့နောက်“သာသနဓဇဓမ္မာစရိယ”ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဘဒ္ဒန္တဝါသေဋ္ဌ အား ဓမ္မတေးဖြင့် သီဆိုပူဇော်ကာပလ္လင်တော်ပေါ်သို့ ပင့်ဆောင်သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက နေပြည်တော်တိုင်း သံဃနာယက ဥက္ကဌ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ သာသနဓဇဓမ္မာစရိယ”ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဘဒ္ဒန္တဝါသေဋ္ဌ ၏ ထေရုပတ္တိကထာအကျဉ်းကို ဖတ်ကြားပြီး အုတ်တွင်းမြို့ ကန်ကလေးတောရ စာသင်တိုက် ဆရာတော်  က ဩဝါဒကထာချီးမြှင့်သည်။

ထို့ပြင်သာသနဓဇဓမ္မာစရိယ”ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဘဒ္ဒန္တဝါသေဋ္ဌ၏ ထေရု ပတ္တိ ရတုပိုဒ်စုံ ရှစ်ဆယ်ပေါ်တေးထပ်ကို သီဆိုဂုဏ်ပြုပူဇော်ပြီး ကြွရောက်ချီးမြှင့်ပေးပါသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား  အလှူရှင်များက လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက်  နေပြည်တော်တိုင်း သံဃနာယက ဥက္ကဌ ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းသည်။

အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေဆွမ်း ဆက်ကပ် လှူဒါန်းပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။