အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

      ကျွန်တော့်ပတ်ဝန်းကျင်က တကယ့် “အကာ” ကိုအောင်ရ။ ကျွန်တော့် အဖေ၊ အမေဆီမှာ “အနှစ်သာရ” ဆွဲထုတ်ကြည့်တယ်။ နည်းနည်းမှ မတွေ့ဘူး။ ကျွန်တော်နဲ့မတည့်တဲ့ အစ်မတစ်ယောက်ကအစ တကယ်ဂုဏ် ပကာသနမက်တဲ့ဟာတွေ။ ဘယ်သူ့သားသမီးက အင်ဂျင်နီယာ၊ ဘယ်သူ့ သမီးက အမ်အက်စီကွာလီဖိုင်း၊ ဘယ်သမက်က ဒီအက်စ်အေ၊ ဘယ် ချွေးမက ဆရာဝန်၊ အဲဒါတွေပေါ့။ ပြောလိုက်ရင်လည်း  ဘယ်သူက နိုင်ငံခြားက ဘာကားယူလာတာ။ နောက်ဆုံးပေါ်ကားတွေ။ ကမ္ဘာအေး တို့၊ ချင်းချောင်းတို့၊ ဝင်ဒါမီယာတို့၊ ပါရမီတို့မှာ တိုက်ဆောက်တာ၊ ရေကူး ကန်တူးတာ၊ ဝက်သားတုံးကြီး ဒူးခေါင်းလောက် သူများစားတာမြင်ဖူးပါ ရဲ့ဆိုတဲ့ အစားတွေ။ ကျွန်တော်တို့အဆောင်က သူယောင်မယ်တို့၊ ပျာ ကလတ်တို့နဲ့သိပ်တူတာပဲ၊ ခုတစ်လော ကျွန်တော်နဲ့ မိတ်ဆွေဖြစ်လာတဲ့ ဆရာသမားလည်း ဒီအတိုင်းပဲ။

လောကကြီးမှာ ကိုလတ်တို့၊ ခင်ဗျားတို့ပြောကြတဲ့ ဘက်နှစ်ဖက်ရှိတယ် ဆိုတာအမှန်ပါပဲ။ အကောင်းဘက်၊ အဆိုးဘက်၊ အမှန်ဘက်၊ အမှား ဘက်၊ အလင်းဘက်၊ အမှောင်ဘက်၊ အစစ်ဘက်၊ အတုဘက်၊ အမြတ်ဘက်၊ အယုတ်ဘက်၊ ကောင်းတဲ့လူချင်းပေါင်းမိသလို ဆိုးတဲ့လူချင်းလည်း ပေါင်းမိတာပါပဲ။ သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုတဲ့ ရှေးမြန်မာစကားပုံကို ကျွန်တော်အပြတ် ထောက်ခံတယ်။ ဟိုနေ့က ဆရာဝက်ထောရယ်  ကိုလတ်ကို  ဘာမဆိုင်ညာမဆိုင်  လာဝေဖန်လို့ ကျွန်တော်ချဲပစ်လိုက်တယ်၊  တကယ်ပဲဗျာ။  ဘယ်လိုလူမှန်းမသိဘူး။ ခေတ်မိန်းကလေးတွေ မျက်စိနဲ့တော့ သူဟာ နည်းပြဆရာ။ ကျူရှင်တွေ ပေးပြီး ငွေကြေးပေါများ နေတော့ မက်စရာပေါ့။

သူက ကျွန်တော့်ကိုလည်း ပိုးသေးတယ် ကိုအောင်ရာ။ သူ့ကို အရူး လုပ်ရမလား။ အပြတ်ကောပစ်ရမလား လမ်းနှစ်သွယ်ကို စဉ်းစားနေရ တယ်။ သူမို့လို့ ကိုလတ်ကို ရက်ရက်စက်စက်ဝေဖန်တယ်။ ကျွန်တော် သိပ်စိတ်ထိခိုက်တာပဲ။

သူယောင်မယ်တို့၊ ပျာကလတ်တို့ အုပ်စုကလည်း ကျွန်တော့်ကို အတင်း ပြောဖို့စောင့်ကြည့်နေကြတာပဲ၊  ကျွန်တော်တို့  ဆရာမတွေနဲ့တောင် ပူးပေါင်းအတင်း ပြောချင်တယ်။

လောကကြီးမှာ   ကိုယ်ကိုယ်တိုင်က  အပြစ်မကင်းတဲ့ လူတွေဟာ အပြစ်ရယ်လို့ မည်မည်ရရမရှိတဲ့ လူတွေကို ဆီလိုအပေါက်ရှာပြီး လက်ညှိုး ထိုးတဲ့လူတွေ ကိုအောင်တွေ့ဖူးမှာပေါ့။ ကျွန်တော်လည်း သူတို့ ပါရမီ ဖြည့်ချင်လာတာနဲ့ သူတို့ပြောစရာတွေ အများကြီးရအောင် နေပစ်လိုက်တယ်။ မနက်မိုးလင်းတာနဲ့ တစ်ယောက်တည်းထွက်ပြီး မိုးချုပ်မှ ပြန်တယ်။ ဟိုနေ့က ဆရာဝက်ထောနဲ့ လမ်းထိပ်မှာတွေ့ခဲ့တာကို ကျွန်တော် တမင်အဖော်စပ်ပြီး ပြန်လာတယ်။

ဆရာဝက်ထောနဲ့လည်း  ပြောချင်ချင်ဆိုတော့  ငါတို့ပြောတာမှန်ပါ လားလို့ ကျေနပ်ပီတိတွေ ဝေဖြာသွားအောင်လို့ပေါ့။ ဘယ်ကပြန်လာတာ လဲလို့ ပျာကလတ်ကမေးတော့ ရုပ်ရှင်ကလို့ ကျွန်တော်ပြောလိုက်တယ်။ အမှန်က ရုပ်ရှင်ကြည့်တာ ကျွန်တော့်အဒေါ်တစ်ယောက်နဲ့။ သူယောင် မယ်က  စကားမပြောပေမယ့်  မျက်နှာကိုပြုံးသွားတာပဲ။  ကဲ...ငါ မပြောလားပေါ့။

အဲဒီတော့ ကျွန်တော် စိတ်မဆိုးတော့ဘူး။ ဝမ်းထဲက ရယ်ချင်သွား တာနဲ့ အဆောင်ထဲ ကပျာကယာဝင်ပြေးရတယ်။ ကျွန်တော် ကိုလတ် ကို ပြောခဲ့ပါရောလား။ မိန်းကလေးတွေပွေတာ သူတစ်ယောက်တည်းပဲ၊ သူ့ဘာသာသူထိခိုက်မယ်။ တခြားလူကို မထိခိုက်ဘူး။ စိတ်ပုပ်တာက လူတိုင်းကို ထိခိုက်နိုင်တယ်။ ဒီလို စိတ်ပုပ်တဲ့လူတွေ များလာမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်အတွက် အလားအလာမကောင်းဘူးလို့...။

အခန်း (၂)

အောင်...အောင်..အောင်။

အစက ကိုယ်နှင့်နာမည်တူလည်း ဖြစ်သည်မို့ ခေါ်ကောင်းကောင်းနှင့် ခေါ်မိသည်။  အိမ်မှာသာဆိုလျှင်  အချစ်ဆုံးနှင့် အထွေးဆုံးနှမလေး တစ်ယောက် မုချဖြစ်လာမှာပါပဲ။ မိန်းကလေး သူငယ်ချင်းတွေထဲတော့ အချစ်ဆုံးသူငယ်ချင်းပေါ့။

လူမမြင်ဖူးခင်ကပင် ကိုလတ်က သူ့နှုတ်ဖျားမှ “အောင်က၊ အောင် က” တွေ မိုးမွှန်အောင် မကြာခဏပြောပြောနေသောကြောင့် ကြားဖူး နေကျဖြစ်နေသည်။ အစက မိန်းကလေးနာမည် “အောင်”ဆိုတာ ဆန်း သည်ဟုထင်မိသည်။ ကြာတော့လည်း မိန်းကလေးအနေနှင့် “အောင်” ဆိုတာရိုးသွားသည်။ နားထဲယဉ်သွားသည်။

ပထမဦးဆုံး ကိုလတ်ဆီရေးသော သူ့စာတစ်စောင်တွင် ကျွန်တော်၊ ကျွန်တော်နှင့် မန္တလေးသူတွေလို ထည့်ရေးပြန်တော့ အောင်ဆိုသည့် မိန်းကလေးသည် အသားညိုညို ထောင်ထောင်မောင်းမောင်း ကြီးထွား ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့်  ယောကျ်ားလျာမလေးများ ဖြစ်လေမလားဟု ထင်မိသေးသည်။

ကနဦးအစ တွေ့ရတုန်းက အသားလတ်လတ်၊ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နှင့်  ကနွဲ့ကလျလေးတွေ့ရတော့ အောင့်ကို အောင်လို့ မထင်မိ။

ဆက်လက်ဖော်ပြပါမည်။