ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများနှင့် သောင်တူး လုပ်ငန်းများအား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း စစ်ဆေး

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများနှင့် သောင်တူး လုပ်ငန်းများအား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း စစ်ဆေး

 

နေပြည်တော်   မတ်  ၃

    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့်အတူ   ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများနှင့် သောင်တူးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။  

ဦးစွာ    ညောင်တုန်းမြို့  ပန်းလှိုင်မြစ်  ရေတိုက်စားမှုကြောင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့်  ညောင်တုန်းမြို့ အမှတ်(၃) ရပ်ကွက် ၁၄ လမ်းနှင့် ၁၆ လမ်းအကြား  ကမ်းပါးနိမ့်ကျမှု ကာကွယ်ခြင်း လုပ်ငန်း၊ Boredpile  အခြေပြုကျောက်ပြားကပ် တမံ အလျားပေ ၈၀၀ တည်ဆောက်ခြင်း လုပ်ငန်းနှင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော   ဗိုလ်မြတ်ထွန်း- ချောင်းကြီးရေလမ်း ကောင်းမွန်ရေး ညောင်တုန်းမြို့အဝင် ရေလမ်းအလျားမီတာ ၁၃၀၀၊ အကျယ်မီတာ ၇၀ နှင့်အနက် ရေစစ်မျဉ်းအောက် ၂ မီတာ စုစုပေါင်း  ၂၄၀၂၄၂ ကုဗမီတာ သောင်တူးဖော်ခြင်း လုပ်ငန်းနှင့် ဇလွန်မြို့ ကမ်းပြိုကာကွယ်ရေး Bored pile အခြေပြုကျောက်စီတမံ အလျားပေ ၂၀၀ တည်ဆောက်ခြင်း လုပ်ငန်း၊ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေဘေးအန္တရာယ် ကျရောက်မှုမှ ကာကွယ်ရန် ဆောင်ရွက်ထားသည့်တာများ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများမှ ကာကွယ်နိုင်ရန်အတွက်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သောင်တူးဖော်ခြင်း လုပ်ငန်း အလျား ၁၅၇၅ မီတာ၊  အကျယ်မီတာ ၆၀ နှင့် အနက် ရေစစ်မျဉ်းအောက်  ၄ မီတာစုစုပေါင်း ၄၂၂၅၉၅ ကုဗမီတာဆောင်ရွက်နေမှု၊ လေးမျက်နှာမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီး ငဝန်မြစ်ရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။  

ကြည့်ရှုစစ်ဆေးစဉ်   ဒုတိယဝန်ကြီးက သောင်တူးသင်္ဘောကြီးများဖြင့် သောင်တူးဖော်ခြင်း   လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊  သောင်တူးဖော်ခြင်းမှ   ထွက်ရှိလာသည့် သဲများကို စနစ်တကျစွန့်ပစ်ရန် လိုကြောင်း၊ ရေလမ်းကြောင်းအတွင်း ပြန်မကျစေရေးနှင့် ရေလမ်းသွား ရေယာဉ်များ အနှောင့်အယှက်မဖြစ်ရန် လိုကြောင်း၊ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေဘေး အန္တရာယ်ကျရောက်မှုမှ    ကာကွယ်ရန် ဆောင်ရွက်ထားသည့် တာများ ဧရာဝတီမြစ်ရေတိုက်စားမှု ကမ်းပြိုကမ်းစားမှုနှင့် ပတ်သက်၍ ရေတိုရေရှည်ကာကွယ်မှုများကိုထိခိုက်နိုင်သည့်  မြေ၊   အိမ်ထောင်စု၊ လူဦးရေဆိုင်ရာ အချက်အလက်များ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအလိုက် ဘဏ္ဍာငွေလျာထားမှုများ ကြိုတင်ရေးဆွဲပြုစု တင်ပြ သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့ ဆည်မြောင်းရိပ်သာခန်းမတွင် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ခရိုင်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။