မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ နည်းပညာ တက္ကသိုလ်များမှ ဘွဲ့ကြိုသင်တန်းများ၏ ဘုံတူညီသော ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရည်အသွေး တည်ဆောက်မှု မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

 

 

 

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ နည်းပညာ တက္ကသိုလ်များမှ ဘွဲ့ကြိုသင်တန်းများ၏ ဘုံတူညီသော ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရည်အသွေး တည်ဆောက်မှု မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  မတ် ၃

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်  နည်းပညာဦးစီး ဌာနအောက်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်ကကြီးမှူး၍ အာဆီယံပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ (ASEAN India Fund) ဖြင့် အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသော “Enhancing the capacity building in science and technology through close collaboration between Mandalay Technological University and Ho Chi Minh City University of Technology” စီမံကိန်းလုပ်ငန်းစဉ် တစ်ရပ် အနေဖြင့် ဆောင်ရွက်သည့် “မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ နည်းပညာတက္ကသိုလ်များမှ ဘွဲ့ကြိုသင်တန်းများ၏ ဘုံတူညီသော ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အရည်အသွေး တည်ဆောက်မှု မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ”ကို    ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မင်္ဂလာမန္တလေး ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မန္တလေးအခြေစိုက်  အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး ကိုယ်စားလှယ်များ၊  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ပါမောက္ခချုပ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ   Initiative for ASEAN Integration & Narrowing Development Gap (IAI & NDG)  ၏ Associate Officer ၊  ဗီယက်နမ်နိုင်ငံ၊ ဒါလက်တက္ကသိုလ်၊ ဟိုချီမင်းစီးတီး နည်းပညာ တက္ကသိုလ်နှင့် Thuy Loi တက္ကသိုလ်တို့မှ Vice President, Vice Dean, Young Scientists ၊  ဆရာ၊  ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံမှ  ရန်ကုန်နည်းပညာတက္ကသိုလ်၊  မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)နှင့်  နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ASEAN Cooperation Project  မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများ၏ ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦများနှင့် လုပ်ငန်းများကို ကောင်းလာအောင် မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးမှုများ၊ အကဲဖြတ် လေ့လာမှုများနှင့် အတွေ့အကြုံများကို မျှဝေခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ နည်းပညာတက္ကသိုလ်များ၏ ဘွဲ့ကြိုပရိုဂရမ်များကို မြှင့်တင်နိုင်မည့် Action Plan  တစ်ခုကို ရေးဆွဲနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ လူငယ်များ အတူတကွ ပြုစုပျိုးထောင်ပေးခြင်းမှ တစ်ဆင့်   သိပ္ပံနှင့်နည်းပညာ၏ ပြောင်းလဲနိုင်စွမ်းကို အသုံးချ၍ရေရှည်တွင် ပိုမိုကောင်းမွန်သော   အာဆီယံအသိုင်း အဝိုင်းတစ်ခုကို   ဖန်တီးလာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Sundeep Kaushal တို့က အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ  မန္တလေးနည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ် Vice Director Dr. Vu Anh Quang တို့က အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားကြပြီး စီမံကိန်း တာဝန်ခံ ဒေါက်တာဝဏ္ဏဆွေက စီမံကိန်းနှင့် စပ်လျဉ်းသော  အချက်အလက်များကို Presentation ဖြင့်တင်ပြသည်။

ထို့နောက် Dr. Vu Anh Quang က ဗီယက်နမ်နိုင်ငံမှ တက္ကသိုလ်များ၏ ဘွဲ့ကြိုသင်တန်းများအတွက်  အရည်အသွေး တည်ဆောက်မှု ဆန်းစစ်ချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြပြီး  မန္တလေးနည်းပညာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများက မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ်များ၏ ဘွဲ့ကြိုသင်တန်းများအတွက် အရည်အသွေးတည်ဆောက်မှု ဆန်းစစ်ချက်အစီရင်ခံစာအနေဖြင့်  နည်းပညာတက္ကသိုလ်များမှ ကောက်ယူခဲ့သော  အချက်အလက်များ အပေါ်တွင် အခြေခံ၍ Desk Survey ၊  Stuff ၊ Student ၊ HR  Research  အစရှိသောကဏ္ဍများတွင် ဆန်းစစ်လေ့လာမှု ရလဒ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆရာ၊ ဆရာမများ၊ လူငယ်ပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်းနှင့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၃ ရက်မှ ၄ ရက်ထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။