သမီးလေးနှင့် တစ်နေ့တာမှသည် နိုင်ငံချစ်စိတ်ဆီသို့

 

သမီးလေးနှင့် တစ်နေ့တာမှသည် နိုင်ငံချစ်စိတ်ဆီသို့

 

    စာရေးသူ တာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ၊ မိသားစုကရန်ကုန်မှာ ကလေးတွေ ကျောင်းတက်တာက ရန်ကုန်မှာဆိုတော့ မိသားစုဘဝနဲ့ အလုပ်ကိစ္စများကို အချိုးညီမျှတစွာ ဆောင်ရွက်ဖို့ရာ အလွန်ခက်ခဲခဲ့ပါတယ်။ မောင်တစ်ရွာ၊ မယ်တစ်မြို့ပေါ့။ ကလေးတွေ ပုံမှန်နွေရာသီကျောင်းပိတ်ချိန်၊   နေ့ကြီးရက်ကြီး ကျောင်းပိတ်ရက်တွေမှာ  အမျိုးသမီးက  ခွင့်ယူပြီး မိသားစု နေပြည်တော်မှာ ဆုံကြရတာများပါတယ်...

သားနဲ့သမီးက ရန်ကုန်ရောက်ချိန်မှာ ကျောင်းပို့၊ကျောင်းကြိုလုပ်ပေးရန် တောင်းဆိုလေ့ရှိပြီး ရန်ကုန်ကို ရောက်တဲ့အချိန်တွေ့တာကလည်း အလုပ်နဲ့သွားမှ ရောက်တာမို့ စနေ၊ တနင်္ဂနွေရက်များ ဖြစ်နေလေ့ရှိကာ အိမ်ကနေ မိုးလင်းထွက်၊ မိုးချုပ်မှ အိမ်ပြန်ရောက်တာမို့ ကျောင်းပို့၊ ကျောင်းကြိုအတွက် အချိန်မတိုက်ဆိုင်တာ များပါတယ်။  သို့ပေမယ့်  ဝါတွင်းကာလဆိုရင် ကျောင်းပိတ်ရက်က  ဥပုသ်၊  တနင်္ဂနွေဆိုတော့ စနေနေ့ကျောင်းဖွင့်တာမို့ တစ်ခါတစ်ရံကျောင်းပို့၊ ကျောင်းကြို အဆင်ပြေပါတယ်။ အဖေကျောင်းပို့၊ ကျောင်းကြိုလုပ်တဲ့အခါမျိုးဆိုရင် သားနဲ့ သမီးတို့ရဲ့ မျက်နှာဝင်းလက် ကြည်ရွှင်နေတာ၊ ကျေနပ်ပျော်ရွှင်နေတာ၊ သူတို့သူငယ်ချင်းတွေကို သူတို့အဖေလာကြိုတာကို ပြောပြီး ကျေနပ်နေကြတာကို သတိထားမိပါတယ်။ ကျောင်းပို့၊   ကျောင်းကြိုလုပ်ပေးနိုင်တာကလည်း တစ်နှစ်မှ တစ်ခါ၊ နှစ်ခါသာ ဖြစ်ပါတယ်...

စာရေးသူ ရန်ကုန်ရောက်ဖြစ်သည့် တစ်ရက်မှာတော့ သမီးနဲ့ နေ့လယ်စာအတူစားရင်း အိမ်စောင့်ကျန်ခဲ့ကြပါတယ်။ ကျန်မိသားစုတွေက အလုပ်ကိစ္စတွေနဲ့ အပြင်သွားကြတယ်။ သမီးက လေးတန်းကျောင်းသူ ၁၀ နှစ်ပေါ့။ ထမင်းအတူစားရင်း ကျောင်းကိစ္စ၊ ကျူရှင်ကိစ္စ၊ ကျောင်းက အကြောင်းတွေ မေးဖြစ်ပါတယ်။ သမီးက ကျောင်းပျော်တဲ့အထဲ ပါဝင်ပါတယ်။ တစ်ခါတလေ  ကျောင်းမတက်ဖို့ပြောရင်  လုံးဝလက်မခံ။ သူငယ်ချင်းတွေနဲ့အတူ စာသင်ရတာ ကြိုက်သလို စာရတာကြောင့်လည်း ကျောင်းပျော်တာ ဖြစ်နိုင်ပါတယ်။

သမီးက ထမင်းစားရင် ငယ်ငယ်ကကြာတယ် ငုံထားတာ။ ခုကြီးလာတော့ နည်းနည်းမြန်လာပေမယ့် ကြာသေးတယ်။ အမေလုပ်သူက အပြင်မသွားခင် မှာသွားတယ်။

“ပြန်လာလို့ ထမင်းစားမပြီးသေးရင် ဘာဖြစ်တယ်...ညာဖြစ်တယ်၊ တွေ့မယ်”  ပေါ့ ...။

စားရင်း စကားလေးပြောလိုက်၊ မြှောက်ပေးလိုက်၊ တော်တယ်ပြောလိုက်နဲ့ပဲ ပုံမှန်အချိန်အတွင်း ထမင်း စားပြီးသွားပါတယ်။ ထမင်းစားပြီးတော့...

“သမီး အဖေ့ပန်းကန်ဆေးပေးမလား။ ကိုကိုကတော့ ဆေးပေးတယ်” ဆိုပြီး

“မိဘကို အလုပ်အကျွေးပြုတာ ကုသိုလ်ရတယ်။ အိမ်အလုပ်ဝိုင်းလုပ်တာ လိမ္မာတဲ့ ကလေး၊ ကိုယ့်ပန်းကန် ကိုယ်ဆေးတာ တာဝန်သိတဲ့ကလေး” ဆိုပြီး လုပ်ချင်လာအောင် မြှောက်ပင့် ပြောလိုက်တော့ အဖေ့ပန်းကန်ပါ ဆေးပေးပါတယ်။ ပန်းကန် ဆေးရင် ဘုံပိုင်၊ ဘေစင်ရေကို အများကြီး မဖွင့်ဖို့၊ အနည်းငယ်  လိုသလောက်သာဖွင့်ဖို့၊  ရေချွေတာဖို့လည်း သင်ပေးဖြစ်ပါတယ်။

“ရေက ဂျိုးဖြူကနေလာတာ၊ ပန့်နဲ့တွန်းရတာ၊ လျှပ်စစ်မီးသုံးပြီး တိုက်အမိုးပေါ်တင်ရတာ” စသဖြင့်

... သမီးကို နားလည်အောင် ပြောဖြစ်ပါတယ်။ ဆည်ရေကို သန့်စင်ပြီးမှ ပေးတာမို့ ကုန်ကျစရိတ်ရှိကြောင်း၊ သန့်စင်ပြီးရေမို့ ချွေတာသုံးစွဲရန် လိုကြောင်း ပြောဖြစ်ပါတယ်။ အဲဒီအခါမှာ သမီးက သူတို့ကျောင်းက Activities များအကြောင်း ပြောပြပါတယ်။

သူတို့အတန်းမှာ Club များ ဖွဲ့ထားကြောင်း၊ Water Saving Club ၊ Energy Saving Club ၊ Rubbish Management Club ၊ Green Club ဟူ၍ Club များဖွဲ့ပြီး တာဝန်ခွဲဝေ ပေးထားကြောင်း၊ Water Saving Club  အနေနဲ့ လက်ဆေး Basin  တွေမှာ ရေလုံ၊ မလုံ၊ ဘားတွေ ပိတ်၊ မပိတ် စစ်ဆေးရကြောင်း၊ ရေအလေအလွင့်မရှိအောင် ကြီးကြပ်စစ်ဆေး တာဝန်ယူကြရကြောင်း ပြောပြပါတယ်။ Energy Saving  Club အနေနဲ့  အလင်းရောင်ရှိရင် အလင်းရောင်သုံးရန်မလိုအပ်တဲ့အတွက်  မီးတွေ ပိတ်ရ၊ ပန်ကာတွေ ပိတ်ရတယ်။ Rubbish Mana-gement Club  အနေနဲ့ကတော့ အမှိုက်ပုံ အပြင်ဘက်ရောက်နေတဲ့ အမှိုက်ကို အမှိုက်ပုံးထဲ ရောက်အောင်ပြန်ထည့်၊ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပြီး သတ်မှတ် အမှိုက်ပုံးမှာ ထည့်၊ သန့်ရှင်းရေးလုပ်၊ အမှိုက်ကောက်ကြရတယ်လို့ ဆိုပါတယ်။ လိမ္မော်၊ ဝါ၊ စိမ်း၊ နီ၊ ပြာအသင်းများ ဖွဲ့ထားပြီး အသင်းတာဝန်ကျ ကျောင်းသား၊ကျောင်းသူတွေက အမှိုက်ကောက်၊ သိမ်း ဝိုင်းဝန်း လုပ်ကိုင်ကြရပါတယ်။ Green Club ရဲ့တာဝန်တွေကတော့ သစ်ပင်စိုက်၊ မျိုးစေ့ချ၊ သစ်ပင်ရေလောင်း တာဝန်တွေဖြစ်ပါတယ်။ အပင်တွေကို မြေသြဇာ ကျွေးရတယ်။ ပြောရရင် ကျောင်းတော်ကြီး စိမ်းလန်းစိုပြည်ရေး တာဝန်တွေပဲဖြစ်ပါတယ်လို့ သမီးကရှင်းပြပါတယ်။

စာရေးသူတို့ ငယ်ငယ်ကတော့ ဒီလို Club တွေမရှိသေးဘူး။ အသင်းတွေရှိတယ်၊ နေ့ရက်အလိုက် အသင်းတွေက အလံတင်၊ အလံချ၊ သန့်ရှင်းရေးလုပ်၊ သောက်ရေဖြည့်စသဖြင့် လုပ်ကြရတယ်။ ခုခေတ် ပိုကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ ကလေးတွေ တာဝန်ယူစိတ်ရှိအောင် သင်ပေးတဲ့သဘော၊ အသင်းအဖွဲ့စိတ်ဓာတ်နဲ့     စုပေါင်းလုပ်တတ်အောင်၊ ရေချွေတာတတ်အောင်၊    လျှပ်စစ်မီးချွေတာသုံးစွဲအောင်၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်အောင်၊  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်တတ်အောင်၊ ထိန်းသိမ်းတတ်လာအောင်ပါ စီစဉ်လေ့ကျင့်ပေးနေတာ အင်မတန် ကောင်းမွန်လှပါတယ်။

“အားကစားနဲ့ပတ်သက်ပြီး ဘာတွေလုပ်ရလဲ” 

မေးတော့ တစ်ပတ်မှာ ကာယချိန် သုံးချိန်ရှိကြောင်း၊ နှစ်ချိန်ကို အတန်းထဲမှာပဲ PT ဆရာနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ကြရကြောင်း၊ ကျန် တစ်ချိန်ကိုတော့ အားကစားကွင်း၊ တန်းစီကွင်းကိုဆင်းပြီး အားကစားနည်းစုံ ဆော့ကစားကြကြောင်း၊ ယောကျ်ားလေးများကတော့ ဘောလုံးကန်ကြကြောင်း၊ နေ့စဉ်မုန့်စားဆင်းချိန်မှာလည်း ဘောလုံးကန်ကြကြောင်း၊ မိန်းကလေးများကတော့  ကြိုးခုန်၊  အပြေးပြိုင်၊ မထွေးလေး၊ ဝိုင်းကြီးပတ်ပတ်ဒူဝေေ၀ စတာတွေ ဆော့ကြကြောင်း ပြောပြပါတယ်။

ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဟာ အရေးကြီးသလို ကိုယ်ခန္ဓာကာယဗလ ကျန်းမာကြံ့ခိုင်ဖို့ အရေးကြီးတာမို့ စာလည်းသင်၊ ကျန်းမာရေး အတွက် PT  ချိန်၊ အားကစားချိန်လည်း ထည့်သွင်းထားတာ ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ကျောင်းဆင်းလို့ သမီးအိမ်ပြန်ရောက်လာရင် ချွေးတရွှဲရွှဲပါပဲ။

“သမီးတို့ မုန့်စားဆင်းချိန်ဆို ဘာလုပ်လဲ” မေးတော့...

“ထမင်းစားတယ်၊ တစ်ခါတလေတော့ မုန့်ဝယ်စားတယ်၊ တစ်ခါတလေ Reading Corner မှာ စာအုပ် ဖတ်တယ်” ပြောပါတယ်။

“Library စာကြည့်တိုက်ရှိလား”  မေးတော့

“ရှိတယ်... Reading Corner လည်း ရှိတယ်}}  လို့ သမီးက ပြောပြပါတယ်။ သမီးပြောတဲ့  Reading Corner ဆိုတာကတော့ အတန်းအလိုက်အတွက် အဆင်ပြေတာကို တွေ့ရပါတယ်။ သို့ပေမယ့် တောကျောင်း၊ ဝေးလံဒေသကျေးရွာများရဲ့ ကျောင်းတွေမှာတော့ ဒါမျိုးရှိဖို့မလွယ်။ ကျေးရွာတွေကို ကွင်းဆင်းရင်း တွေ့နေမြင်နေရတာမို့ စာသင်ဆောင်တောင် ကောင်းကောင်းမွန်မွန် မရှိတဲ့ ကျောင်းတွေရှိနေသေးတာ သိနေသည်ကိုး။

“သန့် (၄) သန့်နဲ့ ပတ်သက်ပြီး ဘာတွေသင်လဲ၊ ဘာတွေလုပ်လဲ” မေးတော့ ...

“(၁)   လက်ကို  သန့်ရှင်းနေအောင်  အစာမစားမီ          ဆေးရမယ်၊  အိမ်သာတက်ပြီး  လက်ကိုသန့်ရှင်းအောင်ဆေးရမယ်၊ ဆော့ကစား ထားလို့ လက်ညစ်ပေနေရင်လည်း ဆေးရမယ်။ ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးရမယ်။

  (၂)      ယင်နားစာတွေ မစားရဘူး။ သိုးနေတာ မစားရဘူး၊ ထမင်းကျန်ဟင်းကျန်များကို မစားရဘူး၊

  (၃)     အိမ်သာကို သန့်ရှင်းအောင်ထားရမယ်၊ သန့်ရှင်းနေအောင် ဆေးကြောရမယ်၊

  (၄)    သောက်ရေကို   သန့်ရှင်းသော   ရေကို သောက်ရမယ်” ဟု သင်ကြောင်း ပြောပြသည့်အပြင်

“ကျောင်းမှာ ရေသန့်စင်စက်လည်း ရှိပါတယ်။ မီးမီးကတော့ အိမ်ကထည့်ပေးတဲ့ ရေသန့်ကိုသောက်တာပါ”  လို့ သမီးက ပြောပြနေသေးတာ...။

“သမီးတို့ ကျောင်းတက်ချိန်မှာ မြန်မာ့ကျောင်းသီချင်း ဆိုရလားမေးတော့ ဆိုရကြောင်းပြောပြတယ်။ဆိုပြပါလားဆိုတော့ ဆိုပြပါတယ်...   

အသံနေအသံထား မှန်မှန်နဲ့ ဆိုပြတော့ နားထောင်လို့ ကောင်းသား။ ဒီသီချင်းကို စာရေးသူ မသိရိုးအမှန်ပါ။ ဘယ်သူရေးတာမှန်းလဲ မသိပါ။ သို့သော် အဓိပ္ပာယ် ပြည့်စုံကောင်းမွန်တာတွေ့ရလို့ သဘောကျမိရပါတယ်။ “စည်းကမ်းအစ စာသင်ကျောင်းက”

ဆိုသလို ရှေ့မှာတင်ပြခဲ့တဲ့ Club များရဲ့ ဆောင်ရွက်ချက်များ၊ စည်းကမ်းများကိုလည်း ထင်ဟပ်နေသလို ဝီရိယရှိရန်၊ ကိုယ်ကျင့်တရားကောင်းရန် ငယ်စဉ်ကလေးဘဝကစလို့ အခြေခံပညာကျောင်းမှာ သင်ကြားပေးနေတာကိုလည်း ဒီသီချင်းမှာ ဖော်ကျူးထားတာကို တွေ့ရပါတယ်။

ယဉ်ကျေးသိမ်မွေ့အောင်  သီချင်းမှတစ်ဆင့် သွယ်ဝိုက်စွာ    လေ့ကျင့်သင်ကြား ပေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူဘဝငယ်စဉ်မှစ  မြန်မာ့ယဉ်ကျေးမှုကို ဘဝသက်ဆုံးတိုင် ထိန်းသိမ်းသွားရန်၊ အများလေးစား အားကျဂုဏ်ယူသူ၊ သနားကြင်နာတတ်၊ ကရုဏာထားရှိတတ်သူများ ဖြစ်လာစေရန်၊ အချင်းချင်း ရိုင်းပင်းကူညီတတ်ရန်၊ အမှန်၊ အမှား ဝေဖန်ပိုင်းခြားတတ်စေရန်၊ တရားမျှတစွာ ပြောဆိုနေထိုင် တတ်စေရန်အတွက်   အနာဂတ်ကြယ်ပွင့်လေးများ၊ အနာဂတ်ပန်းလေးများဖြစ်သော   ကျောင်းသား၊ ကျောင်းသူလေးများကို ပန်းဥယျာဉ်မှူး ဆရာ၊ ဆရာမများ၏ ပြုစုပျိုးထောင်ပေးနေသည့် ပုံရိပ်ကို ထင်သာမြင်သာ ရှိစေတာ တွေ့ရပါတယ်။

လူတိုင်းလက်လှမ်းမီသည့် ပညာရေးစနစ် ဖော်ဆောင်မှုမူဝါဒအရ စာသင်ကျောင်းပညာရေးကို အားပေးသကဲ့သို့ ကျောင်းပြင်ပပညာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်သွားရန်၊ လူတိုင်းသာတူညီမျှ ပညာသင်ယူခွင့်ရှိရေး၊ တိုင်းရင်းသား ပညာရေးကို အလေးထားပံ့ပိုးရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကို အားပေးရေးနှင့် အလယ်တန်းအဆင့်အထိ သင်ကြားခွင့်ပြုရေး၊ မြန်မာစာ၊ မြန်မာစကားသည် ပြည်ထောင်စု၏ တရားဝင်ရုံးသုံး၊   ကျောင်းသုံးစာပေဖြစ်သဖြင့် နိုင်ငံသားအားလုံး တတ်မြောက်အောင် ဆောင်ရွက်ရေး၊ နိုင်ငံတစ်ဝန်း   စာမတတ်သူ ပပျောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်  ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။ သို့မှသာ ဒေသအသီးသီးရှိ ဒေသခံများအပါအဝင် ကလေးတိုင်း လက်လှမ်းမီသည့် ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

ထို့ပြင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက် (၉)  ရပ်တွင်  ပါရှိသည့်  လူမှုရေးဦးတည်ချက်ပါ တတိယအချက်တွင်  “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်   ပါဝင်နိုင်ရေး   ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို  မြှင့်တင်ဆောင်ရွက်ရေး: ဟူ၍ ချမှတ်ထားသည့်အလျောက်  ဗလငါးတန်နဲ့  ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းရတနာများ  မွေးထုတ်နိုင်ရန် လိုအပ်ပါတယ်။ ဗလငါးတန်ဆိုသည်မှာ-

-        ကာယဗလ - ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု စွမ်းပကား၊

-        ဉာဏဗလ - အသိဉာဏ်ပညာစွမ်းပကား၊

-        စာရိတ္တဗလ - ကိုယ်ကျင့်တရား ကျင့်ဝတ် သီလစောင့်ထိန်းနိုင်မှုစွမ်းပကား၊

-        မိတ္တဗလ - ကောင်းသော မိတ်ဆွေခင်ပွန်းများ     ဖွဲ့စည်းနိုင်မှုစွမ်းပကား၊

-        ဘောဂဗလ - ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုကို ဖန်တီးနိုင်မှုစွမ်းပကားတို့ပဲ ဖြစ်ပါတယ်။

ပညာတတ်မှ နိုင်ငံတိုးတက်မယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တိုးအောင် လုပ်ဆောင်နိုင်မယ်။ တိုးတက်မယ်။ မြန်မာနိုင်ငံကကျောင်းတွေဟာ လက်ရှိသင်ကြားမှုစနစ်တွေအရ ပညာရေးတိုးတက်ရုံသာမက စည်းကမ်းကောင်းမွန်အောင်နဲ့ ကျန်းမာသန်စွမ်းအောင်လည်း လေ့ကျင့်သင်ကြားပေးနေတာကို မြန်မာ့ကျောင်းသီချင်းမှာ ဖော်ကျူးထားတာ တွေ့ရပါတယ်။

ရှားရှားပါးပါးသမီးနှင့်  စကားစမြည် အေးအေးဆေးဆေး ပြောခွင့်ရခိုက် ကျောင်းပညာရေးစနစ်၏ ပြောင်းလဲလာမှု အရပ်ရပ်ကိုပါ သုံးသပ်မိရပါတယ်။

တကယ်တော့ ရုံးပိတ်ရက်များမှာ ခရီးစဉ်ဖြင့် မိသားစုရှိရာ   ရန်ကုန်မြို့  ရောက်ဖြစ်တဲ့အခါ သားသားနဲ့  သမီးတို့ကို  အေးအေးဆေးဆေး တွေ့ရဖို့ အချိန်ရရန်  တော်တော်ခက်ခဲပါတယ်။ ကိုယ်က မအား၊ ကိုယ်အားရင် သူတို့က မအား Online Class များက အချိန်ပြည့်နီးပါး...။ အိုးမကွာ အိမ်မကွာနှင့် သင်ကြားနိုင်သည်က ကောင်းတော့ ကောင်းသား။ ကိုဗစ်-၁၉ ရောဂါကြောင့် ရခဲ့တဲ့ အခွင့်အလမ်းလို့ ဆိုလျှင်လည်း မမှား။

သို့သော်လည်း  Internet  မရတဲ့ဒေသက ကလေးငယ်များ၊ Computer အပါအဝင် IT  ပစ္စည်းများ သုံးနိုင်ခြင်းမရှိတဲ့ ကလေးများအတွက် Digital Divide ဖြစ်နေတာ၊ အခွင့်အလမ်းတန်းတူ မရနိုင်တာကို တွေးမိပြီး စိတ်မကောင်းဖြစ်ရပါတယ်။

တစ်နေ့နေ့တော့  တစ်နိုင်ငံလုံးရှိ ကလေးငယ် အားလုံး Internet Access ရရှိပြီး Online Class  မှတစ်ဆင့် စာသင်နိုင်တဲ့နေ့၊ တန်းတူအခွင့်အရေး ရတဲ့နေ့ရောက်လာမှာပါ။ နိုင်ငံတစ်ဝန်းရှိ ကျောင်း အားလုံး ကျောင်းဖွင့်ချိန် ကျောင်းဖွင့်နိုင်အောင်၊ ကျောင်းတက်နိုင်အောင်၊   အေးချမ်းစွာ   ပညာ သင်ကြားနိုင်အောင် လုပ်ကြရပါဦးမယ်။ Internet  ရရှိခြင်းက ကလေးများအတွက် ကောင်းတာရှိသလို၊ မကောင်းတာတွေလည်း ရှိပါတယ်။  Internet  ကြောင့်လည်း  လမ်းမှားရောက်သွားနိုင်ပါတယ်။

Phone? Computer များ သုံးစွဲကြရာမှာ ကောင်းတာတွေရှိသလို၊ မကောင်းတာတွေလည်း ရှိတဲ့အတွက် လူငယ်လူရွယ်များကို လမ်းမှားရောက်သွားနိုင်တဲ့ ကိစ္စတွေလည်း  အများကြီးရှိပါတယ်။  မိဘများ၊ ဆရာများက   သွန်သင်ဆုံးမ၊   ကြပ်မတ်လမ်းပြ တည့်မတ်ပေးနိုင်မှ တော်ကာကျပါတယ်။

အိမ်မှာတော့ သားနဲ့သမီး Online Class တက်ရင်  TV နဲ့ Join ထားပြီး လူကြီးများက စောင့် ကြည့်ပါတယ်။ အဝေးတစ်နေရာတွင် နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း   မိဘတာဝန်ကျေပွန်အောင် ကြိုးစားရသည်မှာ သိပ်တော့ လွယ်လှသည်မဟုတ်။ သားသမီးများ    အတွေးအမြင် မှန်ကန်အောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မိသားစုကို ခင်တွယ်တတ်အောင်၊ မိသားစုခင်တွယ်မှုမှတစ်ဆင့် ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ရေ၊ ကိုယ့်မြေကို တန်ဖိုးထားတတ်အောင်၊ ချစ်တတ်ခင်တတ်အောင် အခွင့်သင့်လျှင် သင့်သလို ပြောပြပေးရသည်ကပင် တခုတ်တရ လုပ်ရသည့်အလုပ်။

ကျောင်းနေရွယ် ကလေးများဆိုသည်က မိဘနှင့်နေရချိန်ထက် စာသင်ကျောင်းတွင် အချိန်ကုန်ရသည်က များသည့်အတွက် ကျောင်းစာသင်ခန်းများမှာ ကလေးများ၏ ဘဝအစ ပျိုးထောင်ရာ ရပ်ဝန်းပင်တည်း။

“မအအောင်လို့ သမိုင်းသင်ရတာ”  ဟု သမိုင်းပါမောက္ခ ဆရာကြီး  ဒေါက်တာသန်းထွန်း ပြောသလိုပင် သမိုင်းဘာသာရပ်ကို မအအောင် သင်ကြားရခြင်းဖြစ်သကဲ့သို့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့သည်လည်း စာသင်ကျောင်းက အစပြုရတာဖြစ်ပါတယ်။ ထို့ကြောင့်လည်း စာရေးသူက သမီးကို “ကျောင်းမှာ နိုင်ငံတော်သီချင်းဆိုရသလား”  မေးမိတယ်  ဆိုပြပါလား

ဆိုတော့ သမီးက ဆိုပြပါတယ် ...

မမှားမယွင်း ဆိုပြနိုင်သည့်သမီးကို “တော်တယ်” ဟု ချီးကျူးပေးရင်းမှ...နိုင်ငံတော်သီချင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားသလို  အဓိပ္ပာယ်ကလည်း ရိုးရှင်းပြီး မှတ်ရလွယ်ကူတာမို့ ဒီသီချင်း၏ အနက်အဓိပ္ပာယ်ကို သမီး ရင်ထဲစွဲမြဲစေဖို့ အခွင့်ကြုံခိုက် ပြောပြလိုက်မိသေးတာ...

“မြန်မာနိုင်ငံ၊ တို့တိုင်းပြည်၊ တို့ပိုင်နက်မြေမှာ တရားမျှတမှု၊ လွတ်လပ်မှုတွေရှိတယ်။ နိုင်ငံသား၊ တိုင်းရင်းသားအားလုံး    ငြိမ်းချမ်းစေဖို့အတွက် တန်းတူညီမျှ  အခွင့်အရေးများရှိတဲ့   ဖြူစင်တဲ့ မူဝါဒရှိတဲ့နိုင်ငံဖြစ်တယ်။  ပြည်ထောင်စုရဲ့အမွေ၊ ဘိုးဘွားပိုင် အမွေစစ်ဖြစ်တာကြောင့်   နိုင်ငံသူ နိုင်ငံသားအားလုံးက   တန်ဖိုးထားချစ်မြတ်နိုးပြီး အစဉ်အမြဲထာဝရတည်မြဲစေရန်အတွက် ထိန်းသိမ်းဖို့ အဓိဋ္ဌာန်ပြုထားရမယ်။ တို့နိုင်ငံ၊ တို့ပြည်ထောင်စုကို နိုင်ငံသားတိုင်းက အသက်ပေးပြီး ကာကွယ်ရမယ်။ တို့တိုင်းပြည်၊ တို့ပိုင်နက်မြေရဲ့အကျိုးကို ရှေးရှုပြီး တိုင်းရင်းသားပြည်သူအားလုံးက ညီညီညွတ်ညွတ် ထမ်းဆောင်ကြရမယ်။ အားလုံးရဲ့တာဝန်ဖြစ်တယ်...

သမီးလေးရေ တို့ဘိုးဘွား အမွေဖြစ်တဲ့ တို့နိုင်ငံရဲ့ ပိုင်နက်မြေတွေကို မြတ်နိုးစွာ အမြဲတည်တံ့အောင် ထိန်းသိမ်းရမှာ သားတို့၊ သမီးတို့၊ အဖေတို့မိသားစု အပါအဝင် ဒီနိုင်ငံမှာနေတဲ့ ဒီနိုင်ငံသား၊ တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်တယ်။   တာဝန်သိစွာကာကွယ် စောင့်ရှောက်ကြရမယ်”  လို့ နိုင်ငံတော် သီချင်းက ဖွင့်ဆိုထားတာ ဖြစ်တယ်ဆိုတာ သမီးသိအောင် ပြောပြလိုက်ရသလို သမီးကလည်း သေချာအာရုံစူးစိုက်နားထောင်နေတာ တွေ့ရတော့ ရင်ထဲကျေနပ်မိသွားပါတယ်။ နားထဲမှတစ်ဆင့် ရင်တွင်းရောက်အောင် နောင်လည်းအခွင့်ကြုံရင် ကြုံသလို ပုံတိုပတ်စသာဓကများဖြင့် ပြောပြသွားဖို့ ခေါင်းထဲ တေးမှတ်ထားလိုက်ပါတယ်။

အခြေခံပညာအဆင့်    သင်ကြားနေသော ကလေးငယ်များမှသည်   နိုင်ငံသား အားလုံးမှာ ကိုယ့်နိုင်ငံသားနှင့် ကိုယ်ပိုင်တဲ့မြေများကို တစ်လက်မမျှ အထိမခံရအောင်   ကာကွယ်ဖို့   တာဝန်သိစိတ် ရှိကြဖို့ လိုအပ်ပါတယ်။ အားလုံးညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းကာကွယ်ကြရမယ်ဆိုတဲ့ အသိစိတ်ရှိကြရမှာ ဖြစ်ပါတယ်။

ဇာတိသွေး၊ ဇာတိမာန် ရင့်သန်အောင်၊ အမျိုးကို ချစ်တတ်ပြီး ကိုယ့်ရေ ကိုယ့်မြေကို တန်ဖိုးထား ကာကွယ်တတ်သည့်မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိအောင်၊ တာဝန်သိစိတ်ရှိအောင် ကလေးများကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးကြရပါမယ်။ နိုင်ငံမှာ အရေးကြုံရင် နိုင်ငံနဲ့လူမျိုးကို အသက်ပေးကာကွယ်ရမယ့် တာဝန်နဲ့အသိရှိပါမှ စည်းလုံးညီညွတ်စွာ ဘေးရန်တွေကို  ကာကွယ်နိုင်မှာဖြစ်ပြီး  ဒီအသိ ဒီမျိုးစေ့ဟာ ငယ်စဉ်ကတည်းက ပျိုးထောင်စိုက်ပျိုးပေးမှရမှာမို့ အားလုံးပဲ ကိုယ်တိုင်ကိုယ်စီတာဝန် အသိစိတ်ဓာတ်ဖြင့် ကျင့်ကြံကြသလို အိမ်မှာရော ကျောင်းမှာပါ နိုင်ငံ့သားကောင်း ရတနာလေးများကို နည်းစနစ်မှန်မှန်ဖြင့် ပြုစုပျိုးထောင်နိုင်ကြပါစေဟု ဆန္ဒပြုရင်း... ရေးသား တင်ပြ လိုက်ရပါသည်။  ။

ခန့်ဇော်(ကျေးလက်)