အမေရိကန်အား တန်ပြန်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်လာသည့် တရုတ်တပ်မတော်

 

အမေရိကန်အား တန်ပြန်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်လာသည့် တရုတ်တပ်မတော်

 

   တရုတ်နိုင်ငံသည် ကြိုတင်မှန်းဆနိုင်ခြင်း မရှိသည့် အခြေအနေများကြောင့် ၂၀၂၄ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို အတော်အတန်မြှင့်တင် သွားမည်ဖြစ်သည်။  

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် လက်နက်ကိုင် တပ်ဖွဲ့များအား အဆင့်မြှင့်တင်နေမှု၊ လုံခြုံရေးအရ စိန်ခေါ်မှုများနှင့် နိုင်ငံ၏ ပြန်လည်နာလန် ထူလာသည့် စီးပွားရေးအပေါ် မူတည်၍ ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

နိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို ပေကျင်းမြို့၌ မကြာမီ  ကျင်းပမည့်   ကွန်ဂရက်လွှတ်တော်၌ ထုတ်ပြန်မည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၂၃ ခုနှစ်တွင် ယွမ် ၁ ဒသမ  ၅၅၃၇ ထရီလီယံ (ဒေါ်လာ ၂၂၄ ဒသမ ၇၉ ဘီလီယံ) အထိ သတ်မှတ်ထားခဲ့သည်။

ယင်းပမာဏသည် ၂၀၂၂  ခုနှစ် ကာကွယ်ရေး အသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ စစ်ရေးကျွမ်းကျင်သူများက အမျိုးမျိုး ပြောဆိုထားသည်။

အချို့က တရုတ်နိုင်ငံအနေဖြင့် ယခု  ၂၀၂၄  ခုနှစ်တွင်   ၎င်းတို့၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်၌  စမ်းသပ်မောင်းနှင်ရန် စီစဉ်ထားသည့်အပြင် ဒုံးကျည်အပါအဝင်  အခြားအဆင့်မြင့်နည်းပညာသုံး လက်နက်များကိုလည်း စမ်းသပ်မည်ဟု ပြောဆိုထားသည်ကို တွေ့ရသည်။

အမေရိကန်ကမူ တရုတ်နိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်တပ်ဖွဲ့များကို တိုးမြှင့်တည်ဆောက်လျက်ရှိပြီး အမေရိကန်နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ကြီးမားသော အရင်းအမြစ်များကို စတင်ရှာဖွေ အသုံးပြုလျက်ရှိသည်ဟု ဆိုထားသည်ကို တွေ့ရသည်။

ထို့ပြင်    တရုတ်တပ်မတော်၏ အချို့သော နည်းပညာနယ်ပယ်များသည် အမေရိကန်စစ်တပ်က လက်ရှိအသုံးပြုနေသည့်  နည်းပညာများထက်  ပို၍ သာလွန်သည်ဟုလည်း  အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

တရုတ်တပ်မတော်သည် လက်ရှိတွင် အဆင့်မြင့် နည်းပညာသစ်များနှင့် လက်နက်ဆန်းများကို ပိုင်ဆိုင်ထားရုံသာမက ၎င်းတို့၏ ဖွဲ့စည်းပုံကိုလည်း ဆန်းစစ်ပြုပြင် လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၃၅  ခုနှစ်တွင် စစ်တပ်အား  ခေတ်မီအောင် ပြောင်းလဲဖွဲ့စည်းမှုကို ပြီးစီးအောင်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း၊  ၂၀၄၉ ခုနှစ်တွင် အမေရိကန် စစ်တပ်ကိုပြိုင်ဆိုင်နိုင်သည့်   သို့မဟုတ်   သာလွန်သော ကမ္ဘာ့အဆင့် တပ်မတော်ကို တည်ထောင်ရန် တရုတ်နိုင်ငံသည်  ကြိုးပမ်းလျက် ရှိကြောင်း   ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားထားသည်။

တရုတ်နိုင်ငံဘက်ကို ပြန်ကြည့်မည် ဆိုပါက အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို သတိထားစောင့်ကြည့်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာသည် အင်အားကြီးထွားလာသည့် တရုတ်နှင့် ရုရှားအား  တန်ပြန်မည့် မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်းကို အမေရိကန်က ၎င်းတို့၏   မဟာမိတ်နိုင်ငံများအား ပြောကြားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ ကြိုတင်ပြင်ဆင်မှုများသည် အမေရိကန်၏ စစ်ရေးနှင့် အခြားဖိအားများမှ ထွက်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ကာကွယ်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

သို့သော် တရုတ်နိုင်ငံ၏  အဓိက ရည်မှန်းချက်ပန်းတိုင်မှာ ပစိဖိတ်ဒေသအနောက်ပိုင်းတွင် ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များကို အောင်မြင်ရန်နှင့် တစ်ကမ္ဘာလုံးတွင် ၎င်းတို့၏အင်အားကိုပြသရန်  စစ်အင်အားကို မြှင့်တင်ရန် ဖြစ်သည်ဟုအမေရိကန်က ဆိုထားသည်။

စင်စစ်တွင် တရုတ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော  ရေတပ်ကိုပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်ရေတပ်တွင် စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘော စုစုပေါင်း ၃၇၀ စင်းမှ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် စစ်သင်္ဘောအစင်းရေ ၄၃၅ စင်းခန့်အထိ ပိုင်ဆိုင်ရန် ရည်မှန်းထားရှိသည်။

ထို့ပြင် တရုတ်နိုင်ငံတွင် ကမ္ဘာပေါ်၌ အဆင့်အမြင့်ဆုံးသော လေကြောင်းရန် ကာကွယ်ရေးစနစ်များလည်း ရှိသည်။ အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်များတွင် ရုရှားနိုင်ငံထုတ် S-400 နှင့်  S-300 မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များသာမက တရုတ်ပြည်တွင်းဖြစ် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များလည်း ပါဝင်သည်။

အလားတူပင်  တရုတ်နိုင်ငံတွင် မြေပြင်မှပစ်လွှတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည် စုစုပေါင်း အရေအတွက်မှာ  ပိုမိုတိုးမြင့်လာပြီး အဆိုပါ  ပဲ့ထိန်းဒုံးကျည်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အထိ (၃၁၁ မိုင်မှ ၃၄၁၈ မိုင်အထိ) တိုးတက်လာသည်ဟု အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင်  အမေရိကန်ပြည်ထောင်စုတွင် လက်ရှိအချိန်၌ မြေပြင်မှပစ်နိုင်သည့် ပဲ့ထိန်းဒုံးကျည်မှာ    အရေအတွက် အနည်းငယ်သာရှိသည်။

အဆိုပါအမေရိကန်တို့၏ မြေပြင်မှပစ်လွှတ်နိုင်သည့်   ဒုံးကျည်များသည် တာတိုအကွာအဝေးကိုသာ ပစ်ခတ်နိုင်သည်။

တရုတ်နိုင်ငံအနေဖြင့် နျူကလီးယား လက်နက်အရေးနှင့် စပ်လျဉ်း၍ ပြောဆို ထားသည့်အချက်မှာ အခြားနိုင်ငံများက ၎င်းတို့အား  စတင်တိုက်ခိုက်ပြီးသည့် အချိန်မှသာ   နျူကလီးယားလက်နက်များကို  အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ၎င်းမူဝါဒကို ပထမဦးဆုံး အသုံးမပြုရေး မူဝါဒအဖြစ် သတ်မှတ်ထားသည်။

သို့သော် တရုတ်အစိုးရသည် လာမည့်ဆယ်စုနှစ်  တစ်ခုကျော်အတွင်းတွင် ၎င်းတို့၏ နျူကလီးယား လက်နက်များပိုင်ဆိုင်မှုအား အနည်းဆုံး နှစ်ဆကျော်ခန့် မြင့်တက်လာစေရန် လုပ်ဆောင်မည်ဖြစ်ပြီး   အမေရိကန်၏ ရန်စမှုများကို   ကြိုတင် ပြင်ဆင်နိုင်ရေးအတွက် လုပ်ဆောင်ရန် အတွက် ကာကွယ်ရေး အသုံးစရိတ်ကို     မှန်မှန်တိုးမြှင့်လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

နိုင်အောင်