မြင်းခြံမြို့နှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ခြိမ်းခြောက်မောင်းထုတ်ပြီး ရွှေငွေများယူဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

မြင်းခြံမြို့နှင့် နွားထိုးကြီးမြို့နယ်အစပ်ရှိ ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ခြိမ်းခြောက်မောင်းထုတ်ပြီး ရွှေငွေများယူဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၄

         မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ပိုးကျေးရွာတို့မှ ဒေသခံပြည်သူများကို မတ်လ ၁ ရက်နေ့က ကျေးရွာများအတွင်းမှ ခြိမ်းခြောက်မောင်းထုတ်ပြီး ရွှေငွေအဖိုးတန်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

         အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်သတင်းပေးပို့ချက်များနှင့် လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ ကန်ဆွယ်ကျေးရွာနှင့် နနွင်းတော်ပိုး ကျေးရွာတို့မှ ဒေသခံပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက် မောင်းထုတ်ပြီး ရွှေငွေအဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်မှာ မှန်ကန်မှုမရှိသည့် သတင်းအမှားဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် လုပ်ကြံရေးသားခြင်းဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများတွင် PDF အမည်ခံ အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှု မရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း မရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်တို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။