တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ မီဒီယာများ၊ အဖွဲ့အစည်းများ၏ မေးမြန်းမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ အသိပေးပြောကြားချက်

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ မီဒီယာများ၊ အဖွဲ့အစည်းများ၏ မေးမြန်းမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ အသိပေးပြောကြားချက်

နေပြည်တော်၊ မတ် ၄

ဒီနေ့မှာတော့ ကျွန်တော်တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး မီဒီယာများ၊ အဖွဲ့အစည်းများ မေးမြန်းထားတာကို ပြန်လည်အသိပေးသွားပါမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကျ ဆွေးနွေးပွဲရဲ့ အကြောင်းအရာတွေ၊ သဘောတူညီမှုများနဲ့ပတ်သက်ပြီး တိကျခိုင်လုံမှုမရှိပဲနဲ့ လိုရာဆွဲပြီး ပြောဆိုနေတာတွေ ဖြစ်ချင်တာတွေကို ပြောဆိုနေတာမျိုးတွေကိုလဲ တွေ့ရပါတယ်။ ကျွန်တော်အနေနဲ့ ပထမဦးဆုံး အသိပေးလိုတာကတော့ ဒီဆွေးနွေးမှုကို ဒီလဆန်းပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး၊ ဆက်လက်ဆွေးနွေးရမှာတွေကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့ အချက်အလက်များကို နှစ်ဦးနှစ်ဘက်က ထုတ်ဖော်မပြောဖို့ သဘောတူထားတဲ့ ဆွေးနွေးပွဲအမျိုးအစားများဖြစ်ကြောင်း အသိပေးလိုပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ဆွေးနွေးပွဲ အကြောင်းအရာများနဲ့ သဘောတူညီချက်များကို ပြောကြားမှာမဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ ကောလာဟလအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထု၊ မီဒီယာများ သိသင့်သိထိုက်အသိပေးရာမှာကိုပဲ ပြောကြားလိုပါတယ်။

အဲ့ဒါတွေကတော့ နံပါတ် ၁ အချက် အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံပိုင်နက် နယ်နမိတ် အချုပ်အခြာအာဏာ Sovereignty သည် ဆက်လက်ခိုင်မြဲနေမှာဖြစ်ပါတယ်။

နံပါတ် ၂ အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကိုရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲနဲ့ ပဋိပက္ခလျော့ချရေး လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။

နံပါတ် ၃ အနေနဲ့ကတော့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ နှစ်နိုင်ငံ အစိုးရများရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါတယ်။

နံပါတ် ၄ အနေနဲ့ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနဲ့ အလေးထား ကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နံပါတ် ၅ အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကိုထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုတွေ၊ Cyber မှုခင်းကိစ္စတွေကို နှစ်နိုင်ငံအစိုးရနှစ်ရပ်ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမှာဖြစ်ပါတယ်။

နံပါတ် ၆ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေတွေမှာ အသုံးပြုပြီး အိမ်းနီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်ဆောင်တဲ့ မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမှာ မဟုတ်ပါဘူး။

နံပါတ် ၇ အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။