ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကား ပြောကြား

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကား ပြောကြား

 

နေပြည်တော် မတ် ၄

    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့     ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပထမအကြိမ် အစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက် ၁၀ ချက်အနက် ၅ ချက်ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ၃ ခုမှာ စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် အချက်များဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ရေးဆွဲရေးနှင့် စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure -SOP ) ပြုစုရေးဆွဲရေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊  ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း ((Standard Operating Procedure - SOP ) ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစု ရေးဆွဲရေး အလုပ်အဖွဲ့ကို  စစ်ဥပဒေချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေး ခဲ့ပါကြောင်း၊ ယင်းအလုပ်အဖွဲ့အနေဖြင့် နည်းဥပဒေ ရေးဆွဲရေး အစည်းအဝေး (၂)ကြိမ် ပြုလုပ်ခဲ့ပြီး နည်းဥပဒေ(တတိယမူကြမ်း)ကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ စံပြု လုပ်ထုံးလုပ်နည်း (Standard Operating Procedure -SOP ) ကိုလည်း ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရေးဆွဲထားပြီး ဖြစ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အနေဖြင့် လုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစီးသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် လည်းကောင်း၊ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် စပ်လျဉ်းသည့် အလုပ်အဖွဲ့(၈)ဖွဲ့ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာနှင့် အချက်အလက် မှတ်တမ်းတင်ခြင်း အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင် ပြန်လည်ခန့်အပ်ရေး အလုပ်အဖွဲ့ကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် လည်းကောင်း ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပေးထားသည့် အလုပ်အဖွဲ့များအနေဖြင့် ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်သူ့စစ်မှု ထမ်းများလေ့ကျင့်ရေး အလုပ်အဖွဲ့အနေဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် သတင်းမှန်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ Mobile Operator ၄ ခုမှတစ်ဆင့် Short Message Service (SMS) များ ပေးပို့ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် စောင်ရေ(၁)သိန်းအား တိုင်းဒေသကြီး၊ ပြည်နယ်များမှ တစ်ဆင့်ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ပြီး အချို့သော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ယင်းတို့အစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့ပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း သတင်း၊ TV Spot၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်မှ ပြည်သူသို့ပြောကြားချက်များ စသည်ဖြင့် ထုတ်လွှင့်လျက်ရှိပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard OperatingProcedure -SOP ) ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစု ရေးဆွဲရေး အလုပ်အဖွဲ့မှ ရေးဆွဲထားသည့် နည်းဥပဒေ(တတိယမူကြမ်း)နှင့် စံပြုလုပ်ထုံးလုပ်နည်း (StandardOperating Procedure -SOP ) တို့အား ဝိုင်းဝန်းဆွေးနွေး  အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက   ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး လုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ကာလ အပိုင်းအခြားအလိုက် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပေးထားသည့် အလုပ်အဖွဲ့များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP)) ရေးဆွဲထားမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံးမှ စစ်ဥပဒေချုပ်က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ(တတိယမူကြမ်း)   ရေးဆွဲရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြုံပြု ဆွေးနွေးကြပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟို ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားတွင် ယခုအစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့သည့် လုပ်ငန်းအချိန်ဇယားများအတိုင်း အချိန်မီဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များသို့ အမြန်ဆုံးပေးပို့ သွားရန်နှင့်  ရေးဆွဲအတည်ပြုထားသည့် စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure -SOP ) အတိုင်း လုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်ကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ စံပြုလုပ်ထုံးလုပ်နည်းဆိုင်ရာများနှင့် ပတ်သက်၍  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။