အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
အသားညိုညို ခပ်၀၀ချောစုသာ အောင်ဟုထင်မိပြီး ချောစုကိုသာလှည့် စကားပြောနေမိသေးသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က စံရိပ်ငြိမ်နှင့် လမ်းတစ်ဖက်တည်း ရိုးမနားက အပြင် ဆောင်တစ်ခုမှာပေါ့။ အောင်ဆိုသော ဝိဇ္ဇာ သိပ္ပံမှ မျက်နှာသစ်ကလေး တစ်ခုသည် ပုသိမ်ကောလိပ်က ပြောင်းလာတာတဲ့။
နှာရောင်ထိပ်နားတွင် တံတားသဖွယ် ဆက်နေသော မျက်ခုံးထူထူ၊ မျက်လုံးအိမ် အရောင်နက်နက် တောက်တောက်လေးနှင့် မိန်းကလေးတစ်ယောက် အသွင်ကို ပီပီပြင်ပြင်တွေ့မြင်ရလေသည်။ အဝတ်အစား အပြင်အဆင်ကအစ၊ ဖြီးလိမ်းထား တာကအစ ပြကတေ့ မိန်းကလေး။
ကျောလယ်အထိ ရှည်လျားသော ဆံပင်စုချည်ထားသည့်နေရာတွင် ဇွန်ပန်းကုံးကို ရစ်ပတ်ထားသည်။ လှိုင်းကြီးအင်္ကျီ အဝါရောင်လက်ပြတ်၊ အဝါခံတွင် အညို ရောင်အပွင့်ရိုက်ပါတိတ်ထဘီ၊ အညို ရောင်လက်ပတ်ကြိုးနှင့် အိုမီဂါနာရီ အဝိုင်းလေးတွေကို ပြန်လည်၍ မှတ်မိနေသည်။
စကားပြောတာတစ်ခုပဲ ဒိုးဒိုးဒေါက်ဒေါက်နှင့် လေသံကပြတ်သည်။ မာလည်း မာသည်။ မိန်းကလေးတစ်ယောက်လို နည်းနည်းမှမနွဲ့။ တစ်ခါတစ်ခါကျ သူ့အပြုအမူတွေသည် ယောကျ်ားလေးတစ်ယောက် ပမာ ဆိုးဆိုးဆတ်ဆတ် နိုင်လှသည်။
“အောင်က ယောကျ်ားလေး တစ်ယောက် လိုပဲ၊ ပေပေတေတေနေတာ၊ ရုပ်ရှင်တွေ ပွဲဆက်ကြည့်ချင်ကြည့်တာ၊ အတန်းတွေ လည်း သိပ်လစ်တာပဲ၊ သူတို့နယ်မှာ စက်ဘီးကို လက်လွှတ်စီးကျင့်တဲ့ မိန်းကလေး ဆိုလို့ သူတစ်ယောက်တည်းပဲ၊ မော်တော် ကားအတိုက်ခံပြီး သေသွားတဲ့ သူ့မောင်လေးအကြောင်း၊ သူခေါင်းမာတယ်ဆိုပြီး ရေချိုးခန်းထဲ တစ်နေ့နဲ့တစ်ည လှောင်ထားပြီး ရက်စက်တဲ့ သူ့အဖေနဲ့ အမေ အကြောင်း၊ သူ့ကို ပါးရိုက်ဆုံးမတဲ့ အစ်မ လတ် အကြောင်းတွေပြောပြောပြီး အော် ငိုတာတဲ့”
ရောင်းရင်းကိုလတ်က ရယ်ရယ်မောမောနှင့် ပြန်ပြော၍သိခဲ့ရသော တစေ့တစောင်း အောင့်ရဲ့အကြောင်း...။
“သူ့အတွေးအခေါ်တွေက ကောင်းပါတယ်။ အနာဂတ်အတွက် အလားအလာ ရှိတဲ့ မိန်းကလေးပါပဲ၊ ဒါပေမဲ့ သူက သူ့မိသားစုအပေါ် နာကြည်းနေတယ်။ ပတ် ဝန်းကျင်ကိုလည်း သည်းခံလို့မရဘူး။ ဘ၀ကို မကျေနပ်ဘူး၊ လောကကို အရွဲ့တိုက် ဆန့်ကျင်နေချင်တယ်၊ တစ်ခါတစ်ခါကျ သူ့စိတ်တွေဟာ လေလွှင့်ပြီး ထင်ရာစိုင်း ချင်နေတယ်၊ အဲဒါကို တို့ဝိုင်းထိန်းပေးရမှာပဲ၊ သူ့မှာ ဆန့်ကျင်ဘက်စရိုက်တွေ တွဲ နေတယ်၊ တစ်ခါတစ်ခါကျ သူ့အမူအရာ တွေဟာရဲတင်းတယ်၊ သိပ်ပြတ်သားတယ်၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ဘူး၊ တစ်ခါတလေတော့လည်း သိပ်ရှက်တက်တယ်။ အမူအရာက ရွံ့ပြီးတွန့်ဆုတ်နေတယ်။ ငါနဲ့ ပထမဦးဆုံးတွဲပြီး နှစ်ယောက်တည်း လမ်းလျှောက်တုန်းကများ လျှောက်ရင်း ရှက်ရှက်နဲ့တစ်လမ်းလုံး ခလုတ်ချည်းတိုက် သွားတာ”
ကိုလတ်၏ စကားတွေကို အမှတ်တရ ရှိနေမြဲပင်။
]]ဘာပဲဖြစ်ဖြစ်ပေါ့ သူငယ်ချင်းရာ၊ အောင့်မှာ ရိုးသားမှုရှိလိမ့်မယ်လို့ ငါထင်တယ်၊ ကောင်းမယ်လို့ သူယူဆတဲ့အလုပ် မှန်သမျှမှာ သူစိတ်အားထက်သန်တယ်၊ ဘာမဆိုစိတ်ဓာတ်လည်း တက်တက်ကြွကြွ ရှိတယ်၊ ခုမဂ္ဂဇင်းအတွက် သူအကုန် လိုက်လုပ်ပေးတာကြည့်ပါလား၊ ပန်းချီ ဒီဇိုင်းတွေ ဆွဲပေးတာရော၊ စာမူရွေးတာ၊ စာမူတွေ လိုက်စုဆောင်းပေးတာကအစ တစ်ချက်မညည်းဘူး၊ မျက်နှာတစ်ချက် မညှိုးဘူး၊ ဘတ်စကားစီးရမလား၊
လမ်းလျှောက်ရမလား၊ တော်တော်တော်တယ်”
သည်တုန်းက ကိုအောင်၏မျက်နှာကို မျက်နှာပိုးပင်သတ်လို့မရ။ အားပါးတရ ပြုံးမိပြီး...
“ဤမည်သော အကြောင်းကြောင်း ကြောင့်ပေါ့လေ”
သည်တော့ ကိုလတ်က မျက်နှာနီလာ ကာ ရယ်မောလျက်...
“အစက ငါ သူ့ကို လုံးလုံးစိတ်မဝင် စားပါဘူး၊ အထင်လည်းနည်းနည်းမှ မကြီးခဲ့ဘူး၊ သာမန်အရာရှိတစ်ယောက်ရဲ့သမီး ထုံးစံအတိုင်း အဝတ်အစားဖက်ရှင်ထွင်၊ ပေါ်သမျှ ဆန်းသမျှတွေကို မရှိမဲ့၊ ရှိမဲ့ လိုက်ဝယ်၊ ကောလိပ်ပညာသင်ပြီး ဘွဲ့ရ တော့ အလုပ်ရအောင် ဟိုကပ်ဒီကပ်၊ အဲလေ..ဒါ အများလုပ်နေတဲ့အလုပ်ဆို တော့ ငါ အပြစ်မတင်ပါဘူး၊ အပြစ်တင် စရာတော့ မဟုတ်ဘူးပေါ့လေ၊ ထမင်းအိုး တစ်လုံးဟာ ဘယ်လောက်ခက်ခဲတယ်ဆို တာ ငါ နားလည်ပါတယ်၊ ဒါပေမဲ့ အောင့် ကို ပညာတတ်မိန်းကလေးအများ မျှော် မှန်းတဲ့၊ တစ်ကိုယ်ကောင်းအတွက် ဘ၀ အာမခံချက်ရှိတဲ့ ပုဂ္ဂလိကဘဝအတွက် အလားအလာကောင်းတဲ့ ယောကျ်ား တစ်ယောက်ယောက်ကို ခေါင်းခေါက်ယူ ပြီးတော့ မီးဖိုချောင်ကိစ္စနဲ့ သားသမီးတွေ ကျူရှင်ပို့တာနဲ့ အချိန်ဖြုန်းတီးပစ်မယ့် မိန်းမလို့ ဒီလောက်ပဲ အောင့်ကိုတွေး တယ်၊ ဒီထက်နည်းနည်းမှ မပိုဘူး”
ကိုအောင်သည် သူ့မျက်နှာအပြုံးကား ရုတ်တရက်ပျောက်ကွယ်မသွားပေ။ အောင့် ဘက် ပြန်ပြောဖူးတာကိုလည်း အမှတ်ရပြီး ကိုလတ်အား ပြန်ပြောကာ တသော သော ရယ်မောမိကြသေးသည်။
ဆက်လက်ဖော်ပြပါမည်။